Friday, 10 January 2020

ငွေစက္ကူတွေ


. . . နံပတ်တစ်က ကိုယ်ဟာ ငွေသားကို တတ်နိုင်သမျှ အနည်းဆုံးကိုင်သုံးရတဲ့ စနစ်မျိုးကို မြန်မြန်ဖြစ်ထွန်းစေချင်တယ်၊ ပြင်ဆင်ပြောင်းလဲရမှာတွေက အများကြီးပေါ့၊ အခုလောလောဆယ် ဘဏ်တွေက ဝန်ဆောင်မှုပေးနေတဲ့ ငွေထုတ်စက်တွေဟာ ငွေထုတ်ရုံသက်သက်ပဲ အလုပ်ဖြစ်ပြီး ငွေထည့်လို့မရတာ၊ ဘဏ်စာအုပ်ကို ဖြည့်ဖို့အတွက် ဘဏ်ကိုသွားရတာ၊ အွန်လိုင်းငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုတွေက စိတ်မချရဖြစ်နေသေးတာတွေကို ပြုပြင်ရမှာပေါ့၊ ကိုယ်က ဘဏ်နဲ့ငွေကြေးဆိုင်ရာ သိပ်ပြီးနားလည်သူမဟုတ်တော့ အများကြီးမသိပေမယ့် အထက်မှာပြောခဲ့တဲ့ အချက်လေးတွေ ပြေလည်သွားရင်တောင် အနည်းဆုံးတော့ ကိုယ့်တစ်ယောက်အတွက် ပိုက်ဆံငွေသားတွေ ကိုင်တွယ်သုံးရတာ တော်တော်သက်သာသွားမယ်လို့ထင်တယ်။ လွန်ခဲ့တဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းတုန်း ရန်ကုန်တက္ကသိုလ်ရောက်တော့ ကျောင်းအပ်ချိန် ကျောင်းသားတွေ ပိုက်ဆံတွေကိုင်ပြီး ငွေသွင်းနေကြတာတွေ့မိလို့ ရန်ကုန်မြို့လယ် နာမည်ကြီးတက္ကသိုလ်တစ်ခုက ကိုယ့်ဆရာ ပါမောက္ခချုပ်တစ်ယောက်ကို အကျိုးအကြောင်းပြောပြတော့ သူ့တက္ကသိုလ်မှာတော့ ဘဏ်တွေနဲ့ ဝန်ဆောင်မှုလုပ်တာ စလုပ်နေပြီလို့ဆိုတယ်၊ နောက်ပိုင်းတစ်ခြားတက္ကသိုလ်တွေမှာလည်း အလားတူဝန်ဆောင်မှုမျိုးလုပ်ဖို့ ကြိုးစားနေကြတာတွေ့ပေမယ့် ကျောင်းသားသမဂ္ဂတစ်ချို့က ကန့်ကွက်တာ မကျေနပ်တာစတဲ့ အသံလေးတွေကိုလည်း ကြားမိတယ်၊ ဘာလို့လဲရယ်တော့ ကိုယ်လည်းမသိ
.
. . . ဒုတိယတစ်ခုက ငွေစက္ကူတွေနဲ့ ပဒေသာပင်သီးပြီး လှူကြတန်းကြတဲ့ ကိစ္စမျိုးကိုလည်း ကိုယ်သိပ်သဘောမတွေ့တော့ဘူး၊ ငယ်တုန်းကတော့ ဝါကျွတ်ပြီဆိုတာနဲ့ ရွာလယ်လမ်းမထိပ်တည့်တည့်မှာရှိတဲ့ ကိုယ့်အိမ်ရှေ့မှာ ဆွမ်းသိမ်းပွဲမဏ္ဍပ်ကြီးလာဆောက်တဲ့အခါကျတော့ ငွေစက္ကူတွေနဲ့ လုပ်ထားတဲ့ ငွေပဒေသာပင်တွေက မဏ္ဍပ်ရဲ့အသက်ပေါ့၊ ကိုယ်တွေငယ်ငယ်က သက်စေ့လှူတယ်ဆိုတာ ခေတ်စားတယ်၊ ငွေကြေးကလည်း တန်ဖိုးတစ်ခုရှိနေသေးတော့ အသက်တစ်ရာမကျော်တဲ့ လူတွေအနေနဲ့ သက်စေ့ငွေကို ပဒေသာပင်လေးလုပ် နာမည်လေးထိုးပြီး မဏ္ဍပ်မှာချိတ် ကိုယ့်နာမည်လေးကိုကြည့်ပြီး ပီတိဖြစ်၊ လာကြည့်တဲ့သူတွေကလည်း ဘယ်သူက ဘယ်လောက်လှူတယ်ဆိုတာ အလွယ်မြင်ရတော့ သူများလှူတာတန်းတာကို မုဒိတာပွား သာဓုခေါ်ရပေါ့၊ ငွေပဒေသာပင်ဆိုတဲ့ နာမည်အတိုင်း သစ်ပင်ပုံလုပ်ထားတဲ့ ဝါးကပ်ပြားမှာ ကော်နဲ့တန်းစီကပ်ထားတဲ့ ပိုက်ဆံလေးတွေကို နောက်ပိုင်းကျတော့ စိတ်ကူးအမျိုးမျိုးထုတ်ရင်း အရုပ်တွေလုပ်ကြတာ ခေတ်စားလာတဲ့ပုံပဲ။ ငယ်ငယ်ကတော့ အဲဒါမျိုးတွေကို သဘောကျခဲ့မိပေမယ့် အခုတော့ ငွေစက္ကူတွေကို အာ့လိုတွေ လျှောက်လုပ်ထားတာတွေ့ရင် စိတ်ထဲ မသက်မသာ ခံစားရတယ်၊ လုပ်တုန်းကလည်း ခေါက်ဟယ်ပြုဟယ် ကော်ကပ်ဟယ်နဲ့ အလုပ်တွေရှုပ်ရ၊ အလှူလက်ခံရတဲ့ ဘုန်းကြီးကျောင်းတွေမှာလည်း ပိုက်ဆံတွေကို ပြန်ခွာရတာနဲ့ အလုပ်တွေများရနဲ့မို့ ငွေစက္ကူတွေ ပဒေသာပင်သီးတဲ့ ဓလေ့ကို ဆက်ပြီးအားမပေးချင်တော့ဘူး
.
. . . တတိယပြောချင်တာကတော့ ပိုက်ဆံကြဲတဲ့ကိစ္စပဲ၊ အလှူအတန်းတွေ အောင်မြင်ပြီးမြောက်တဲ့အထိမ်းအမှတ် ဘုရားစေတီတွေ ထီးတော်တင်ပြီးတာပဲဖြစ်ဖြစ် အခြားအကြောင်းတွေနဲ့ဖြစ်ဖြစ် ငွေဖလားကြီးထဲ ပိုက်ဆံတွေနဲ့ ပေါက်ပေါက်တွေရောထည့်ထားပြီး ကြဲချတဲ့အခါ လူတွေက ဝိုင်းလုကောက်ကြတဲ့ ဟာမျိုးကို ငယ်ငယ်ကတော့ အတော်ပျော်ခဲ့တာပေါ့၊ ကိုယ်တွေငယ်ငယ်က အကြွေခေတ်ဆိုတော့ ငါးပြားစေ့ ဆယ်ပြားစေ့ကနေ တစ်ကျပ်စေ့အထိ၊ နောက်ပိုင်း အကြွေခေတ်ကုန်သွားတော့ တစ်ကျပ်တန် ငါးကျပ်တန် ငါးဆယ်တန် တစ်ရာတန် အခုဆို တစ်သောင်းတန်တွေပါ ပါချင်ပါမှာပေါ့လေ တတ်ရင်တတ်နိုင်သလို၊ တစ်ခါတစ်တစ်လေ ကျောက်မျက်ရတနာတွေပါ ကြဲတယ်ဆိုပြီး ပိုက်ဆံခေါက်လေးထဲ ကျောက်ဖြုန်းရောင်စုံလေးတွေပါတာတောင် တွေ့ဖူးတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ပိုက်ဆံတွေကြဲနေတာ လူတွေလုကောက်နေတာကို မြင်ရရင် စိတ်ထဲ မသက်မသာခံစားရတယ်၊ ကိုယ်ကြဲလိုက်တဲ့ ပိုက်ဆံကို လူတွေလုကောက်နေတာကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေတဲ့သူကိုလည်း မလေးစားမိတော့ဘူး၊ အဲသည်လို ရုတ်ရုတ်သဲသဲ လုကြယက်ကြတာကိုလည်း အားမပေးချင်တော့ဘူး။ ကိုယ်လည်း အလှူအတန်းတွေဘာတွေလုပ်လို့ ဓလေ့ရှိတယ်ဆိုရင်တောင် ရတနာရွှေမိုးငွေမိုးရွာတယ်ဆိုပြီး ပိုက်ဆံတွေကြဲတဲ့အလုပ်ကို မထည့်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်
.
အပေါ်က ကိစ္စသုံးခုနဲ့ ပတ်သက်ပြီး မတူတဲ့ရှုထောင့်တွေလည်း ရှိကြမယ်ဆိုတာ လက်ခံပါတယ်၊ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးပေးကြမယ်ဆိုရင် ကိုယ့်အတွက် စဉ်းစားစရာ တစ်ခုခုတော့ ရနိုင်တာပေါ့
.
ဗိုလ်ကောင်း
၁၀ ဇန်နဝါရီ ၂၀၂၀

No comments:

Post a Comment