Sunday 23 February 2020

ဘယ်လိုပဲဖြစ်ဖြစ်

. . . ပန်းပွင့်လေးအပေါ်မှာထားရှိတဲ့ ဖေဖေနဲ့ မေမေရဲ့ အချစ်တွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ပြောင်းလဲသွားစရာ လျော့နည်းသွားစရာ ပွန်းပဲ့သွားစရာမရှိဘူးလို့ အမြဲတမ်းယုံကြည်နေအောင် ပြောဆိုဆက်ဆံပြီး သူ့ရဲ့ ဘယ်လိုရလဒ်မျိုးကိုမဆို ဘာကန့်သတ်ချက်မှ မထားဘဲ အရှိအတိုင်း သာယာကြည်လင်စွာနဲ့ လက်ခံပေးတဲ့ ကိုယ်တွေလို မိဘမျိုးရတာ ပန်းပွင့်လေး ကံကောင်းလိုက်တာလို့ တွေးမိတယ်။ အတန်းထဲမှာလည်း စာတော်တဲ့ ကလေးတစ်ယောက်ဖြစ်တဲ့အတွက် သူ့မှာ ပြစရာအစွမ်းတွေ များလှတဲ့အခါ အစွမ်းပြတိုင်းတော့လည်း ထိပ်ဆုံးကချည်း အောင်မြင်နေတာ မဟုတ်လေတော့ သူ့မှာ ကျရှုံးတဲ့ဒဏ်ကို သာမန်ကလေးတစ်ယောက်ထက် ပိုများခံရသလားလို့ ထင်မိတယ်။
.
. . . တစ်ခါတစ်လေ သူအစွမ်းပြခွင့် ရပေမယ့်လည်း ပထမ စသည်ဖြင့် အဆင့်မျိုးကို မရတဲ့အခါ သူ့မှာ မိဘတွေအပေါ် အားနာတဲ့စိတ် မိဘတွေများ စိတ်ဆင်းရဲမလားဆိုပြီး စိုးရိမ်တဲ့စိတ်ကလေးရှိရှိနေတာကို တွေ့တဲ့အခါ ကိုယ်တွေက ဘာမှ မဖြစ်သလို တမင်တကာနေပြပြီး (တကယ်လည်း ဘာမှမဖြစ် သူအားနာတာကို ပြန်အားနာနေတာပဲရှိတာ) သူ့ကို စိတ်လက်ပေါ့ပါးအောင်ထားရတယ်၊ နောက်ပိုင်းကျတော့ သူ့မှာ အခြားသူတွေနဲ့ ယှဉ်ပြိုင်စရာ ရှိလာတဲ့အခါ ပြိုင်ပွဲအချိန် မရောက်ခင်ခပ်စောစောကတည်းက သူဝင်ပြိုင်ခွင့်ရတာကို ဂုဏ်ယူကြောင်း၊ တကယ်လို့ ဒီလိုဝင်ပြိုင်ခွင့် မရဘူးဆိုရင်လည်း ကိုယ့်သမီးလေးမို့ ချစ်တာက ချစ်နေမှာဖြစ်ကြောင်း၊ ပြိုင်ပွဲကို အကောင်းဆုံးပြိုင်ခဲ့ဖို့နဲ့ ထွက်လာမယ့်ရလဒ်အပေါ် စိတ်မပူဖို့၊ ဘယ်လိုရလဒ်မျိုးပဲ ရရ ဖေဖေတို့က ကျေကျေနပ်နပ်ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခံမှာဖြစ်ကြောင်း၊ အခုလောက်ထိ ကြိုးစားပြီး ကိုယ့်တာဝန်ကိုယ်သိတဲ့ ကိုယ့်စည်းကမ်းနဲ့ကိုယ် လုပ်စရာရှိတာကို လိုက်ပြောနေစရာမလိုဘဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နေတတ်တဲ့ သမီးလေးတစ်ယောက်ရထားတာနဲ့တင် ဖေဖေမေမေတို့က ကျေနပ်နေပြီးသားဖြစ်ကြောင်း သူနားလည်အောင် သေချာပြောပြထားရတယ်။
.
. . . မိဘဘက်က ဖိအားမရှိဘူးဆိုသော်ငြားလည်း သူ့ဘာသာသူတော့ အနည်းနဲ့အများ ဖိအားတစ်ခုခုရှိနေတာပဲလေ၊ ပြိုင်ပွဲတစ်ခုခုမှာ သူရထိုက်တယ်ထင်တာ မရခဲ့ရင် သူ့မျက်နာလေး ညှိုးနေတတ်တာကို အားပေးရင်း ပြိုင်ပွဲဟာ သူ့ကိုချစ်တဲ့အချစ်လောက် အရေးမကြီးကြောင်း နည်းအမျိုးမျိုးနဲ့ ပြရတယ်၊ ကိုဇာဏ်ခီရေးထားတဲ့ စာလေးဖတ်ရင်း သမီးကို သတိရလို့
.
ပန်းပွင့်လေးဖေဖေ
၂၃ ဖေဖော်ဝါရီ ၂၀၂၀

No comments:

Post a Comment