Wednesday 5 February 2020

တို့အသဲပန်းရဲ့ မိဘပြည်သူ အပေါင်းအသင်းတွေ


. . . အသဲပန်းဆိုတာက ကိုယ့်ရွာက တေးဂီတတီးဝိုင်းရဲ့နာမည်။ တို့ရွာမှာ ကထိန်တွေဘာတွေဆို ဘုန်းကြီးကျောင်းဝင်းထဲ ဇာတ်စင်ထိုးပြီး ဖျော်ဖြေတဲ့ တီးဝိုင်းနှစ်ဝိုင်းရှိတယ်။ အင်းသာမြောက်ကျောင်းမှာဆို အသဲပန်းတေးဂီတ နဲ့ အင်းသာအရှေ့ကျောင်းမှာဆို The Eastern Brothers Band တဲ့။ မြန်မာလိုဆိုရင်တော့ အရှေ့ပိုင်းလူငယ်များတေးဂီတအဖွဲ့လို့ ပြောရမယ်ထင်တယ်။ ဘုန်းကြီးကျောင်းနာမည်တပ်ပြီးပြောရတာက အဲသည် တီးဝိုင်းတွေကို ဘုန်းကြီးကျောင်းက ထောင်ထားလို့ မဟုတ်ဘူး၊ ရွာက ဘုန်းကြီးကျောင်းအစွဲနဲ့ အပိုင်းနှစ်ပိုင်းဖြစ်နေလို့ မြောက်ကျောင်း အရှေ့ကျောင်း ခွဲပြောရတာပါ၊ တီးဝိုင်းဆိုပေမယ့် တီးဝိုင်းတစ်ဝိုင်းစာ တူရိယာနဲ့ အသံပိုင်းဆိုင်ရာ ပစ္စည်းတွေကို ပွဲရှိမှ မြို့က ငှားတီးကြရတာထင်တယ်။
.
. . . ရွာမှာ ကထိန်ပွဲ နီးပြီဆိုရင် ကျနော်တို့ ကလေးတွေ ပျော်စရာတွေထဲ သီချင်းတိုက်သွားကြည့်ကြတာလည်း ပါတယ်။ ရွာက အိမ်ကျယ်ကျယ်တစ်ခုခုမှာ သီချင်းတိုက်ကြတဲ့အခါ ဆိုတဲ့ တီးတဲ့သူတွေသာမက ကျနော်တို့လို့ ဟိုစပ်စပ်ဒီစပ်စပ် သမားတွေလည်း သွားအားပေးကြတယ်။ တစ်ခါတစ်လေ အိမ်က လူပြည့်တဲ့အခါ တစ်ခါတစ်လေလည်း ဘာကြောင့်ရယ်မသိဘူး တံခါးကို ပိတ်ထားတော့ အထဲဝင်ကြည့်လို့မရတဲ့အခါ အသာလေး လှည့်ပြန်လာခဲ့ရတာတွေလည်းရှိတယ်။
.
. . . သီချင်းတိုက်တာကတော့ နေရာအတည်တကျရယ် မဟုတ်ဘဲ အလျဉ်းသင့်သလို တစ်နှစ်တစ်နှစ် နေရာရွေးရတဲ့ပုံပဲ၊ ကိုယ်မှတ်မိသလောက် သီချင်းတိုက် ကြည့်ခဲ့ဖူးတဲ့အိမ်တွေက ရွာလယ်လမ်းမကြီးတောင်ဘက်က ဆရာဝန်ဒေါ်က်တာ ဌေးဌေးတို့ အခု တစ်ထပ်တိုက်နေရာမှာ အရင်ကရှိခဲ့တဲ့ ပျဉ်ထောင်အိမ်ကြီးပေါ်၊ ကြီးကြီး‌ဒေါ်ခင်ကြည်တို့အိမ်မြောက်ဘက်က ဦးကိုကိုတို့အိမ်၊ ကြိုင်တို့ မြိုင်တို့ ခိုင်တို့ ညီမတစ်တွေရဲ့အိမ်၊ ရွာတောင်ဘက်ပိုင်း နတ်စင်ညောင်ပင်ကြီးနား ပေတရာလမ်းအနောက်ဘက်ခြမ်းက ဦးရွှေတိုက်အိမ်ကြီးပေါ် အဲသည်လေးနေရာပဲ မှတ်မိတယ်။
.
. . . မြောက်ကျောင်းက အသဲပန်းတီးဝိုင်းမှာတော့ အသဲပန်း ကိုယ်ပိုင်သီချင်းရှိတယ်၊ ဘယ်သူရေးခဲ့တာလဲတော့ မမှတ်မိတော့ဘူး။ ကထိန်အဝင်နေ့ညမှာ တီးဝိုင်းစပြီဆိုရင် အဲသည်သီချင်းနဲ့ ဖွင့်လေ့ရှိတယ်။ နောက်နေ့မနက်မှာလည်း ကထိန်လှည့်က ပြန်လာတဲ့အချိန် တရားမနာခင်အထိ တီးဝိုင်းက ဖျော်ဖြေတတ်တာမို့ မနက်ပိုင်းမှာ အဲသည် သီချင်းကို အထပ်ထပ်ဆိုတာ တစ်ခါ သတိထားမိဖူးတယ်။
.
. . . ဆယ်တန်းအောင်ပြီး ရွာကထွက်လာပြီးကတည်းက ကိုယ်လည်း ရွာကို ဧည့်သည်လိုပဲပြန်ရောက်ဖြစ်တော့လို့ ရွာက အသဲပန်းတီးဝိုင်းနဲ့ အသဲပန်းသီချင်းကို မတွေ့မမြင်ရတော့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်တောင် ရှိသွားခဲ့ပြီ၊ အခုရွာမှာ ကိုယ်တွေငယ်ငယ်က ဂုဏ်ယူခဲ့ရတဲ့ အသဲပန်းတီးဝိုင်း ရှိသေးရဲ့လား၊ အသဲပန်းသီချင်းကို သံပြိုင်ဆိုကြသေးရဲ့လား မသိတော့ဘူး၊ အဲသည်သီချင်းကို ‌ေသေချာအသံလေးပြန်သွင်းပြီး ထိန်းသိမ်းရအုံးမယ်၊ ဒါလည်း တို့ရွာရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုပဲမို့လား

"ဟေ့ ဟေ့ ဟေ့
တို့သူငယ်ချင်းတွေ
မင်းဘယ်မလဲလေ
တို့ကျောင်းဆရာတော်ဘုရားကြီးရဲ့ အရိပ်အောက်မှာလေ
မာပါစေ သာပါစေ တောင်းဆုမေတ္တာဝေ
အလှူတော်တွေ မင်္ဂလာတွေ ပေါပြည့်နိုင်ပါစေ
ဘေးဘယာတွေ ဝေးကွာစေ တောင်းဆုပြုမယ်လေ
ရတနာမိုး ဝေဆာဖြိုး စိုပြည်သာယာစေ
တို့အသဲပန်းရဲ့ မိဘပြည်သူ အပေါင်းအသင်းတွေ"
.
ကိုကိုမောင်
၅ ဖေဖော်ဝါရီ ၂၀၂၀

No comments:

Post a Comment