Sunday 2 February 2020

ပျဉ်းမနားကော်ပြန့်



. . . ကော်ပြန့်ကြော်ကို ကတ်ကြေးနဲ့ အပိုင်းပိုင်းကိုက်၊ ကန်စွန်းရွက်နုတ်နုတ်စင်းထားတာနဲ့ရောပြီး မန်ကျည်းချည်ရည်စက်လက်နဲ့ စားကြတာ မြန်မာပြည်မှာ ပျဉ်းမနားတစ်ခုပဲ ရှိမယ်ထင်တယ်။ မန်ကျည်းချည်ရည်ကျဲကျဲက ပျဉ်းမနားကော်ပြန့်ကြော်ရဲ့အသက်ပဲ၊ မန်ကျည်းချည်ရည်ကောင်းရင် ကော်ပြန့်က နာမည်ကြီးတာပဲ၊ ပျဉ်းမနားသားတွေအဖို့တော့ ညနေပိုင်းမှာ ကော်ပြန့်စားကြတာ အိမ်ကို ဧည့်သည်လာရင် ကော်ပြန့်ကြော်ပါဆယ်ထုပ်ပြီး ဝယ်ကျွေးကြတာ လုပ်လေ့ရှိတယ်
.
. . . ကိုယ်တွေငယ်ငယ်က မမတို့ ပျဉ်းမနားမြို့ထဲသွားလို့ ပြန်လာရင် ကော်ပြန့်ကြော်က မပါမဖြစ်ပဲ၊ ကော်ပြန့်ချောင်းလေးတွေနဲ့ ကန်စွန်းရွက်နုတ်နုတ်စင်းထားတဲ့ အထုပ်လေးထဲ မန်းကျည်းချည်ရည်ကျဲကျဲအထုပ်လေးနဲ့ ဆို အဲဒါ ပျဉ်းမနားကော်ပြန့်ပဲ၊ မန်ကျည်းချည်ရည်က အချိုနဲ့ အစပ်ဆိုပြီး နှစ်မျိုးရှိတယ်၊ ကိုယ်တွေက ငယ်ငယ်ကတည်းက အစပ်စားတဲ့သူဆိုတော့ အစပ်ကိုမှ ပိုပြီးအရသာရှိတယ်ထင်တာ၊ အစပ်ဆိုပေမယ့်လည်း ရာဇအိန္ဒြေပျက်လောက်အောင် အစပ်ကြီး မဟုတ်ပါဘူး သူသူငါငါစားနိုင်တဲ့ စားကောင်းရုံ အစပ်မျိုးပါ
.
. . . မရောက်တာကြာပြီဖြစ်တဲ့ ပျဉ်းမနားမြို့ထဲ ဒီနေ့ရောက်လို့ ကော်ပြန့်ကြော်စားချင်စိတ်ပေါက်လာတာနဲ့ သွားစားခဲ့တယ်။ ပျဉ်းမနားဈေးနားက ကော်ပြန့်ကြော်ဆိုင်မှာ ကော်ပြန့်ကြော်အစပ်တစ်ပွဲ၊ ဝက်ရိုးကြော်တစ်ပွဲ၊ ဝက်ခြေထောက်စွပ်ပြုတ်တစ်ပွဲ စားလာခဲ့တယ်။
.
 . ကော်ပြန့်စားနေရင်း စဉ်းစားမိတာက ပျဉ်းမနားမှာ နာမည်ကြီးတဲ့ စားစရာတွေဖြစ်တဲ့ ကော်ပြန့် နန်းစိန်ကိတ်မုန့် မျှစ်ချဉ် နဲ့ ခရမ်းချဉ်သီးယိုတွေ ရှိတဲ့အထဲ နန်းစိန် နဲ့ မျှစ်ချဉ်က နေပြည်တော်ရဲ့ အမှတ်တရလက်ဆောင်တွေအဖြစ်ကို ရောက်ခဲ့ပြီး ကော်ပြန့်နဲ့ ခရမ်းချဉ်သီးယိုက သိပ်ပြီး နာမည်ကြီးလာတာ မတွေ့မိဘူး၊ အထက်ကပြောခဲ့တဲ့ မြန်မာပြည်မှာ ပျဉ်းမနားတစ်မြို့တည်းမှာပဲရ (တယ်လို့ ကိုယ်ထင်) တဲ့ ကန်စွန်းရွက်နုတ်နုတ်စင်းနဲ့ မန်ကျည်းချည်ရည်ကျဲနဲ့ဆမ်းစားတဲ့ ကော်ပြန့်ကလည်း မြို့မဈေးထဲမှာတောင် ရရဲ့လား ကိုယ်မသိဘူး။ တကယ်တော့ အဲသည်ပုံစံနဲ့ စားတဲ့ ကော်ပြန့်က ပျဉ်းမနားရဲ့ အမှတ်သင်္ကေတတစ်ခုပဲ၊ နေပြည်တော်ရဲ့ အမှတ်သင်္ကေတအဖြစ်‌ ရောက်လာဖို့ကောင်းတယ်လို့ ကိုယ်ထင်တယ်
.
. .. ဒါပေမယ့် ဒီနေ့ ဝင်စားတဲ့ ဆိုင်မှာ စားတဲ့ ဆိုင်အပြင်အဆင် တည်ခင်းမှုနဲ့ ဝန်ဆောင်မှုကို သတိထားမိတာတော့ ကိုယ်တွေ ဆယ်တန်းအောင်ခါစ ပျဉ်းမနားမြို့မှာ ရောက်နေတုန်းအချိန်က ပုံစံအတိုင်းပဲ ရှိနေသေးတယ်လို့ထင်မိတယ်၊ အရသာနဲ့ ပုံစံက အရင်အတိုင်းပဲ ရှိနေတာက ဂုဏ်ယူစရာဖြစ်ပြီး တည်ခင်းပုံ နဲ့ ဝန်ဆောင်မှု မပြောင်းသေးဘဲ ခေတ်ဟောင်းမှာ ကျန်ခဲ့လို့ နေပြည်တော်ရဲ့ အမှတ်သင်္ကေတ စားစရာတစ်ခုအဖြစ် မရောက်သေးတာလို့ ကိုယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ နန်းစိန်ကိတ်မုန့်တောင်မှ ကိုယ်တွေ ပျဉ်းမနားကို ပြန်ရောက်တဲ့ နေပြည်တော်ကြီး စတည်တဲ့ ၂၀၀၅ - ၂၀၀၆ လောက်ကတည်းက ခေတ်မီ ဝန်ဆောင်မှုတွေနဲ့ အလုပ်ဖြစ်နေပြီး အခုချိန်မှာ နေပြည်တော်ရဲ့ အမှတ်သင်္ကေတ လက်ဆောင်တစ်ခု ဖြစ်နေပြီမို့ ကိုယ်ကြိုက်တဲ့ ပျဉ်းမနား ကော်ပြန့်ကလည်း အဲသည်နေရာကို ရထိုက်တယ်လို ကိုယ်ထင်တယ်လေ၊ ရလည်း ရစေချင်တယ်၊
.
. . . ခရမ်းချဉ်သီးယိုနဲ့ ပတ်သက်ရင်တော့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို မသိပေမယ့် နည်းပညာလိုတယ်လို့ ထင်တာပဲ၊ သာမန်အားဖြင့်ဆို ခရမ်းချဉ်သီးယိုက စျေးကြီးတယ်လို့ ထင်စရာရှိတယ်၊ နည်းနည်းပဲပါတဲ့ ယိုဘူးလေးက ပိုက်ဆံတွေ အများကြီးပေးရတာကိုး၊ တကယ်တမ်းကျတော့ ကိုယ်တွေ ငယ်ငယ်ကဆို ပျဉ်းမနားတစ်ဝိုက်က ခရမ်းချဉ်သီး အသားကုန်ထွက်တဲ့အရပ်ပဲ၊ တစ်ခါတစ်လေ တောင်သူတွေက အသီးတွေထွက်ပြီး ဈေးကောင်းမရလို့ အသီးမခူးနိုင်ဘဲ အခင်းထဲ ပစ်ထားရတာတွေဘာတွေတောင် ရှိတယ်လို သိထားတာကိုး၊ ခရမ်းချဉ်သီးကို သေချာသာ လုပ်နိုင်မယ်ဆို ပျဉ်းမနား ခရမ်းချဉ်သီးယိုက နေပြည်တော်ရဲ့ လက်ဆောင်ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်၊ အခုလည်း မုန့်ဆိုင်တွေမှာ တင်ပေမယ့် စျေးကြီးလို့ တော်ရုံတန်ရုံ လက်ဆောင်မပေးကြဘူးထင်တယ်
.
. . . အခု စာဖတ်သူက ပျဉ်းမနားသား မဟုတ်ဘူးဆိုရင် ပျဉ်းမနားကော်ပြန့်ကို မစားဖူးလောက်ဖူး၊ တစ်ခါစားဖူးရင်လည်း ကြိုက်သွားမှာပဲ၊ ပျဉ်းမနားကို လာခဲ့ပါ၊ ကော်ပြန့်ကြော် လိုက်ကျွေးပါမယ်၊ ကျနော်လည်း စားပါမယ်၊ ပိုက်ဆံကတော့ ခင်ဗျားရှင်းပေါ့ :p
.
ဗိုလ်ကောင်း
၂ ေဖေဖၚဝါရီ ၂၀၂၀

No comments:

Post a Comment