Saturday 27 October 2018

အိမ်မပိုင်ရင် ဂေါ်လီမရိုက်နဲ့

. . . ဒီအသက်ဒီအရွယ် ဘွဲ့တစ်ခုရပြီးမှ ရောက်လာကြတဲ့အထဲ လူတိုင်းနီးပါး သက်ဆိုင်သူတွေ အဝေးမှာ ကျန်ခဲ့ကြတာချည်းပဲ။ အိမ်ထောင်ဘက်ဖြစ်ရင်ဖြစ်မယ် ရည်းစားဖြစ်ရင်ဖြစ်မယ် အီစီကလီ ဖြစ်ရင်ဖြစ်မယ်။ ကိုယ့်အိမ်ထောင်ဘက်နဲ့ ကိုယ့်ရည်းစားနဲ့ ကိုယ့်အီစီကလီနဲ့ ချစ်တဲ့အခါရှိမယ် စိတ်ကောက်တဲ့အခါရှိမယ်၊ ဒါတွေက ပုဂ္ဂလိကကိစ္စတွေဖြစ်လို့ ဘာမှ စိတ်ဝင်စားစရာမရှိ။ အဲ . ကိုယ့်ရည်းစားနဲ့ကိုယ်ဖြစ်တဲ့ ပြသနာတစ်ခုက ကိုယ်လက်ရှိနေနေတဲ့ အသိုင်းအ၀ိုင်းကို ထိပါးလာပြီဆိုရင်တော့ စိတ်ဝင်စားဖို့လိုလာပြီ။ ကိုယ်တိုင်လည်း ဒီအသိုင်းအ၀ိုင်းထဲက တစ်ယောက်ပဲကိုး။ ဒါမျိုးဖြစ်လာရင်တော့ လက်ခံထိုက်မထိုက် စဉ်းစားဖို့ကောင်းပြီ
.
. . . ဒီခေတ်ဒီအခါ ဆိုရှယ်နက်ဝပ်တွေ ခေတ်စားလာတော့ တစ်ချို့ လင်မယားတွေ သမီးရည်းစားတွေ ကိုယ့်အကောင့်ပတ်စ်ဝပ် ကိုယ့်ရည်းစား အိမ်ထောင်ဘက်ကို ပေးကြသတဲ့။ ကိုယ့်အမြင်ပြောရရင် ဒါဟာ လူမှုရေးကျင့်ဝတ်ကို ဖောက်ဖျက်တာပဲ။ ဘယ်လိုမှ လက်သင့်ခံထိုက်တဲ့ ကိစ္စ မဟုတ်ဘူး။ ကိုယ်တိုင် အက်ဒမင်လုပ်နေတဲ့ ကိုယ်တို့အပတ်စဉ်ဂရုမှာ အဲဒါမျိုး အထောက်အထားတွေ့လို့ကတော့ လူသိရှင်ကြား ကြေညာပြီး ဂရုက ထုတ်ပစ်လိုက်တာပဲ။ လူမှုကျင့်ဝတ်ကို နားလည်တဲ့ သူတွေအနေနဲ့ အဲဒီလို အရေးယူလည်း ဘယ်ကောင်မှ စောဒက မတက်ဘူး။ မတက်ဝံ့ဘူး။ တက်လို့လည်း အသိုင်းအ၀ိုင်းကိုက ဒါမျိုး လက်မခံဘူးလေ။ မသိသေးလို့ ရှိနေတာမျိုးဆိုရင်လည်း မတတ်နိုင်ဘူးပေါ့။ သိလို့ကတော့ ချက်ချင်း ထုတ်ပစ်တာပဲ။
.
. . . တစ်ချို့က ပြောကြမယ်။ ကိုယ့်ဖေ့ဘုတ်အကောင့် ကိုယ်ပိုင်တာပဲ၊ ကိုယ့်ဘာသာ ပေးချင်တဲ့သူပေးမယ်ပေါ့။ ကိုယ်က အဲဒါ လက်မခံဘူး မှားတယ်။ ခင်ဗျား ဖေ့ဘုတ်အကောင့် ခင်ဗျားတစ်ယောက်တည်း ပိုင်တာ မဟုတ်ဘူး။ ခင်ဗျားနဲ့ နှစ်ကိုယ်ကြား စကားပြောလို့ရတဲ့ ချက်ဘောက်ဆိုတာမှာ ခင်ဗျားကို ယုံကြည်စိတ်ချလို့ ခင်ဗျား မိတ်ဆွေ သူငယ်ချင်းတွေက တိုင်ပင်မယ် ရင်ဖွင့်မယ် ဆွေးနွေးမယ် မေးမယ် အတင်းပြောမယ်ပေါ့ဗျာ ထားပါတော့၊။ အဲဒါတွေက ခင်ဗျားတစ်ယောက်တည်းပဲ သိစေချင်တာတွေ ပြောနေတာ၊ ခင်ဗျား ရည်းစား ခင်ဗျား အိမ်ထောင်ဘက်ကို သိစေချင်တာ မဟုတ်ဘူး။ ဒီလိုမျိုး ကိုယ့်ကို ယုံကြည်စိတ်ချလို့ ခင်လို့မင်လို့ ရင်းနှီးလို့ တိုင်ပင်တာ ရင်ဖွင့်တာ ဆွေးနွေးတာ စတာနောက်တာတွေ ရှိနေတဲ့ ခင်ဗျားရဲ့ ချက်ဘောက်ကို သူတစ်ပါးကို ကြည့်ခွင့်ပေးလိုက်တဲ့အခါ ခင်ဗျားဟာ ကျွန်တော်နဲ့ ခင်ဗျား နှစ်ယောက်ကြားက စောင့်စည်းရမယ့် လူမှုကျင့်ဝတ်ကို ချိုးဖောက်ရာ မကျဘူးလား ။ ကျွန်တော်တို့ ဒီလို စောင့်စည်းကြပါမယ်လို့ ဘယ်တုန်းက စာချုပ်ထားလို့တုန်းလို့  ခင်ဗျားက မေးကောင်းမေးမယ်၊ ဟာ ဟေ့လူရ၊ လူကျင့်ဝတ် လူ့ယဉ်ကျေးမှုကို နားလည်တဲ့ ယဉ်ကျေးတဲ့ လူမှုအသိုင်းအ၀ိုင်းမှာ ဒါတွေက ထုတ်ပြောစရာမလိုဘဲ အလိုလို သိနေရမယ့် လိုက်နာစောင့်စည်းရမယ့် ကျင့်ဝတ်တွေဗျ လို့ ကျွန်တော်က ပြန်ဖြေဖို့ပဲရှိတယ်။
.
. . . အခုလည်း အသံတွေ ကြားနေရတယ်။ ကိုယ်နဲ့ကတော့ မပတ်သက်ပါဘူး။ သို့သော်လည်း ကြားနေမြင်နေရတာတွေက ကိုယ်မမြင်ချင် Unfollow လုပ်ထားလို့ ရတယ်ဆိုပေမယ့် ကိုယ့်အသိုင်းအ၀ိုင်းကိုပါ ထိပါးမယ့် အခြေအနေတွေကို သမိုင်းသင်ခန်းစာတွေအရ ကြိုမြင်နေရတာမို့ မမြင်ချင်ယောင်ဆောင်မနေနိုင်ဘဲ ဒီစာကို ရေးရတာ။ ပြောချင်တာနှစ်ချက်ရှိတယ်

(၁) ကာယကံရှင်ကလည်း ကိုယ့်ပြသနာကို ကိုယ့်အသိုင်းအ၀ိုင်းရဲ့ ပြသနာအဖြစ်မရောက်အောင် (အထက်ကပြောခဲ့တဲ့ လူမှုကျင့်ဝတ်တွေ) စောင့်ထိန်းပေးပါ။
(၂) အဲသည် ပြသနာဖြစ်ဖွယ်ရှိတဲ့သူကို ကျန်တဲ့သူတွေက သတိထားပြီး (အထူးသဖြင့် အွန်လိုင်းပေါ်က ကိစ္စတွေ နောက်ဆုံး ဓာတ်ပုံထဲ အတူတူပါသွားတာမျိုးဆိုတဲ့ ကိစ္စမျိုးအထိ ) တတ်နိုင်သမျှ ကင်းကင်းရှင်းရှင်း နေပြီး ကိုယ်က သူတို့ ပြသနာထဲ မပါအောင် ရှောင်နိုင်သမျှ ရှောင်ကြပါ။
.
ဒီစာက ကိုယ့်ဝေါပေါ်ကိုယ်ရေးတယ်ဆိုပေမယ့် သက်ဆိုင်တဲ့ သူတွေပဲ မြင်ရအောင် လုပ်ထားတာပါ။ တကယ်လို့ မသက်ဆိုင်တဲ့သူပါ မြင်နေရပြီဆိုရင် အဲသည်လူက လူမှုကျင့်ဝတ် ဖောက်ဖျက်နေလို့ပဲ

၂၇ အောက်တိုဘာ ၂၀၁၈


No comments:

Post a Comment