Friday 2 January 2015

ဒရူးမား ပစ်တိုင်းထောင် Daruma Doll


          ငယ်ငယ်တုန်းက စာထဲမှာ ဖတ်ဖူး မှတ်သားထားဖူးတဲ့ ဒရူးမား ပစ်တိုင်းထောင်ရုပ်လေးကို ဒီနေ့ တွေ့တာနဲ့ ၀ယ်လာခဲ့ပါတယ်။ သူငယ်ချင်းတွေကိုလည်း ဒရူးမား ပစ်တိုင်းထောင်ရုပ်လေးနဲ့ ပတ်သက်ပြီး ပြောပြချင်လာလို့ ဒီစာကို ရေးလိုက်တာပါ။

          ဒရူးမား ပစ်တိုင်းထောင် လေးတွေဟာ မြန်မာပစ်တိုင်းထောင်ရုပ်လေးတွေနဲ့ သဘောတရားချင်း အတူတူပါပဲ။ ပစ်လိုက်တိုင်းထောင်တဲ့ ပစ်တိုင်းထောင်ရုပ်လေးတွေ ပေါ့ဗျာ။ တစ်ခုထူးခြားတာက ပစ်တိုင်းထောင်ရုပ်လေးတွေမှာ မျက်လုံးနေရာကို ဗလာထားပြီး ရောင်းကြတာပါ။ ပစ်တိုင်းထောင် မျက်လုံးနေရာကိုတော့ ၀ယ်သူက ကိုယ်တိုင် ရေးဆွဲရပါတယ်။ ဘာလို့လဲ ဆိုတော့။ ဘာလို့လဲ ဆိုတော့ ဂျပန်လူမျိုးတွေဟာ လုပ်ငန်းတစ်ခုကို စတင်တော့မယ် ဆိုတာနဲ့ ဒရူးမား ပစ်တိုင်းထောင်ရုပ်ကို ၀ယ်ပြီး မျက်လုံး တစ်ဖက်ကို ဖြည့်သွင်းလိုက်ပါသတဲ့။ လုပ်ငန်း စတင်ပြီဆိုတဲ့ သဘောပေါ့။ ကျန်တဲ့ မျက်လုံးက ဘယ်တော့ ဖြည့်သွင်းတာလဲ။ လုပ်ငန်း အောင်မြင်ပြီ ဆိုမှ ကျန်တဲ့ မျက်လုံးကို လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေနဲ့အတူ အောင်ပွဲခံ ဖြည့်သွင်းပါသတဲ့။ မျက်လုံးတစ်ဖက်ပဲ ဖြည့်ရသေးတဲ့ ဒရူးမားပစ်တိုင်းထောင်ကို မြင်တိုင်းမှာ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ ရှိနေတယ်ဆိုတာကို အမြဲ သတိရနေပြီး ရည်မှန်းချက် အောင်မြင်အောင် မျက်ခြေမပြတ် ကြိုးစားနေဖို့ စေ့ဆော်မှုတစ်ခု အနေနဲ့ တွန်းအားဖြစ်စေပါသတဲ့။
အဲသည်ကျန်တဲ့ မျက်လုံး တစ်ဖက် ဖြည့်နိုင်ဖို့ ဘယ်လောက်များ အချိန်ယူကြပါလိမ့်။ တစ်ပတ်ဖြစ်ချင်ဖြစ်မယ်။ တစ်လဖြစ်ချင်ဖြစ်မယ်။ တစ်နှစ်ဖြစ်ချင်ဖြစ်မယ်။ ဆယ်နှစ်ဖြစ်ချင်ဖြစ်မယ်ပေါ့။ ရည်မှန်းချက် မအောင်မြင်မချင်း ပစ်တိုင်းထောင်က မျက်လုံး တစ်ဖက်လပ်နေမှာကိုး။ ဘယ်လောက်ပဲ ကြာကြာ ကျန်တဲ့ မျက်လုံး တစ်ဖက် ဖြည့်သွင်းနိုင်ဖို့အတွက် အမြဲတမ်း ကြိုးစားရုန်းကန်နေရတာကိုက ဒရူးမားပစ်တိုင်းထောင်လေးတွေရဲ့ မျက်လုံးတစ်ဘက် အနှစ်သာရ ဖြစ်ပါသတဲ့။ ဒီလို မဆုတ်မနစ် ကြိုးစားကြတဲ့ ဂျပန်လူမျိုးတွေ အောင်မြင်ကြတာ တကယ်တော့ ဆန်းလှတယ် မဆိုနိုင်ပါဘူးဗျာ။ 


         ဂျပန်နိုင်ငံက နိုင်ငံရေးနယ်ပယ်မှာလည်း ဒရူးမား ပစ်တိုင်းထောင်ရုပ်က အတော်ကို နေရာတကျ အသုံးတော်ခံရပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်မှု စတင်ပြီဆိုတာနဲ့ ဂျပန်နိုင်ငံရေးသမား အမတ်လောင်းများဟာ ဒရူးမားပစ်တိုင်းထောင်ကို မျက်လုံးတစ်ဘက် ဆွဲပြီး အောင်စိတ်မွေးကြပါတယ်။ သူတို့ အောင်ရမယ်ဆိုတဲ့ အထိမ်းအမှတ် သင်္ကေတသဘောလည်း ဆောင်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲမှာ နိုင်သွားပြီ ဆိုရင်တော့ ကျန်တဲ့ မျက်လုံးတစ်ဘက်ကို ဖြည့်ဆွဲနိုင်ပြီပေါ့။ အောက်က ပုံကတော့ ရွေးကောက်ပွဲမှာ ၀င်ရောက်အရေးခံမယ့် အမတ်လောင်းတစ်ယောက်က ရွေးကောက်ပွဲ မဲဆွယ်မှု တရားဝင် စတင်တဲ့ အထိမ်းအမှတ်နဲ့ ဒရူးမား ပစ်တိုင်းထောင်မှာ မျက်လုံးတစ်ဘက် ရေးဆွဲနေတဲ့ပုံ ဖြစ်ပါတယ်။

          ဆက်စပ်ပြီး ပြောပြရရင် ဒရူးမား ပစ်တိုင်းထောင်လေးတွေကို အရောင်အမျိုးမျိုး ပုံစံအမျိုးမျိုး လုပ်ရောင်းကြပေမယ့် တကယ့်မူရင်းအရောင်ကတော့ အနီရောင် ဖြစ်ပါသတဲ့။ အနီရောင်ဆိုတာ ဗုဒ္ဓဘာသာ ရဟန်းတော်များရဲ့ သင်္ကန်းရောင်ကို အစွဲပြုထားတာလို့ ဆိုပါတယ်။ ဒရူးမား ပစ်တိုင်းထောင်ရုပ်လေးရဲ့ ရာဇ၀င်ကိုကလည်း လွန်ခဲ့တဲ့ အေဒီ ငါးရာစု ခြောက်ရာစုလောက်တုန်းက ဇန်ဗုဒ္ဓဘာသာဂိုဏ်းခွဲ စတင်ထူထောင်ခဲ့တဲ့ တရုတ်ရိုးရာ ရှောင်လင်ကွန်ဖူးကျောင်းတည်ထောင်သူ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဗောဓိဟာမ ကို အစွဲပြုပြီး တီထွင်ထားတဲ့ အရုပ်လေးတွေ ဖြစ်ပါသတဲ့။ 


          ဒရူးမား ပစ်တိုင်းထောင်ရုပ်လေးတွေနဲ့ ပတ်သက်ပြီး နောက်ထပ် ပြောပြစရာ တစ်ခုကတော့ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးပြီး နောက်တစ်နေ့မှာ ဒရူးမား ပစ်တိုင်းထောင်တွေကို ၀ယ်ယူခဲ့ရာ ဘုရားကျောင်းတွေမှာ ပြန်ပို့ပြီး မီးရှို့ကြတဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။ ဒရူးမား မီးရှို့ပွဲလို့ ခေါ်ကြပါတယ်။ မနှစ်က ၀ယ်ထားတဲ့ ဒရုးမားကို မီးရှို့ပြီး ဒရူးမား အသစ်ဝယ်ကြတယ်လို့ ဆိုပါတယ်။ အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းသဘောအရ ဒရူးမားကို ၀ယ်ပြီး မျက်လုံးထည့်တာရယ် တစ်နှစ်တစ်ခါ ဒရူးမား မီးရှို့တာရယ်ကို ဆက်စပ်စဉ်းစားကြည့်လို့ မရပေမယ့် ဒီနှစ်ခုစလုံးကတော့ တကယ်ကို ရှိနေတာပါ။ 


၁၉၉၁ ခုနှစ် ဧပြီလ စစ်ပြန်မဂ္ဂဇင်း မှာ စာရေးဆရာ သောင်းထိုက်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ထဲက အကြောင်းလေးတွေ ကျွန်တော့် မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားခဲ့မိလို့ ဒီဗဟုသုတကို ပြန်လည် မျှဝေနိုင်တာဖြစ်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျ ###

No comments:

Post a Comment