Wednesday 14 January 2015

ဘာကြောင့် မိုမိုဗိုလ်ကောင်းစံ ? ? ?


ယောက်ျားကြီး တန်မဲ့နဲ့ ဒီလိုနာမည်မျိုး ဘာလို့ ပေးရသလဲဆိုတာ ရင်းနှီးတဲ့ သူတစ်ချို့က မေးကြပါတယ်။ တစ်ချို့လည်း မမေးပေမယ့် သိချင်ကြလိမ့်မယ် ထင်ပါတယ်။ အောက်က ပုံပြင်သုံးပုဒ်ကို ဖတ်လိုက်ရင် ဒီမေးခွန်းရဲ့ အဖြေကို သိနိုင်ကောင်းပါရဲ့။
ပထမပုံပြင်က မိုမိုတာရော ဆိုတဲ့ ဂျပန်ကျေးလက်ရိုးရာ ပုံပြင်လေးပါ။ မိုမိုတာရော ဆိုတာ ပုံပြင်ထဲက ဇာတ်လိုက်လေးနာမည်ဖြစ်ပါတယ်။ တစ်ခါက ဂျပန်ရွာတစ်ရွာမှာ အဖိုးကြီးနဲ့ အဖွားကြီး လင်မယား ရှိကြသတဲ့။ အဘိုးကြီးက နေ့တိုင်းထင်းခွေ သွားရပြီး အဘွားကြီးကတော့ စမ်းချောင်းမှာ ရေခပ်ရတာပေါ့။ တစ်နေ့တော့ အဘွားကြီး ရေခပ်နေတုန်း စမ်းချောင်းထဲမှာ အလွန်ကြီးမားတဲ့ မက်မုံသီးကြီးတစ်လုံး မျောပါလာတာတွေ့တော့ ဆယ်လိုက်တာပေါ့။ အိမ်ရောက်တော့ မက်မုံသီးကြီး စားမယ်ဆိုပြီး ခွဲလိုက်တော့ အထဲက လူကလေးတစ်ယောက် ထွက်လာသတဲ့။ မက်မုံသီးထဲက ရတဲ့ ကလေးလေးမို့ မိုမိုတာရော လို့ နာမည်ပေးလိုက်တယ်တဲ့။ (မိုမို=မက်မုံသီး ၊ တာရော=ဂျပန်သားယောက်ျားလေးများကို ပေးလေ့ရှိသောနာမည်) မိုမိုတာရောလေးဟာ ရုပ်ရည်ရူပကာ အလွန်ချောမောသလို ခွန်အားဗလ ပြည့်စုံပြီး သတ္တိလည်း အလွန်ရှိသတဲ့။
တစ်နေ့တော့ မိုမိုတာရောလေးဟာ ဒုက္ခပေးနေတဲ့ အိုနာဂါရှီမ (ဘီလူးကျွန်း)က မိစ္ဆာကောင်တွေကို သွားရောက်နှိမ်နင်းဖို့ မိဘတွေကို ခွင့်ပန်သတဲ့။ မိဘတွေလည်း မတတ်သာတော့ ခွင့်ပြုလိုက်ရတာပေါ့။ ဒီလိုနဲ့ မိစ္ဆာာကောင်တွေကို နှိမ်နင်းဖို့ သွားတဲ့ မိုမိုတာရော ဟာ လမ်းမှာ မျောက်တစ်ကောင် ခွေးတစ်ကောင်နဲ့ ရစ်ငှက်တစ်ကောင်တို့နဲ့ တွေ့ပြီး သူတို့လည်း မိုမိုတာရောနဲ့ အတူတူ လိုက်လာကြသတဲ့။
နောက်ဆုံးမှာတော့ အိုနာဂါရှီမကို ရောက်ပြီး ရွာသားတွေကို ဒုက္ခပေးနေတဲ့ မိစ္ဆာကောင်တွေကို နှိမ်နင်းလိုက်သတဲ့ကွယ်။ မိုမိုတာရောကို ရှုံးနိမ့်သွားတဲ့ မိစ္ဆာခေါင်းဆောင်က ရွှေငွေကျောက်သံပတ္တမြားတွေ လှည်းတစ်စီးတိုက် ပေးလိုက်လို့ အတူပါလာတဲ့ ခွေး ရစ် နဲ့ မျောက်တို့က အတူဆွဲပြီး ရွာကို ပြန်လာကြသတဲ့။ သူရဲကောင်းလေး မိုမိုတာရောရဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ဒုတိယပုံပြင်က မိုမိုတာယောစံ ပုံပြင်ဖြစ်ပါတယ်။ တစ်ခါတုန်းက မြန်မာပြည်ကနေ ဂျပန်ပြည်ကို စစ်ပညာသင်ဖို့ ရောက်နေတဲ့ စစ်သားတစ်ယောက် ရှိပါသတဲ့။ တစ်ခါသားတော့ သူတို့တက်ရတဲ့ စစ်သင်တန်းကျောင်းမှာ နပန်းသတ်ပွဲတစ်ခု ကျင်းပပါသတဲ့။ ကျင်းပတဲ့ပုံက နှစ်ယောက်ပြိုင်ကြမယ် နိုင်တဲ့သူကို စင်အောက်ကလူက စိန်ခေါ်ပြီး အဲသည်လူနဲ့ ထပ်ပြိုင်ပေါ့။ စည်းကမ်း အသေးစိတ်ကိုတော့ မမှတ်မိတော့ပါဘူး။ ဆိုကြပါစို့ နောက်ဆုံးမှာ အဲသည် မြန်မာစစ်သားလေးက အားလုံးကို အနိုင်တိုက်ခိုက်ပြီး ဗိုလ်စွဲသွားပါသတဲ့။ ဗိုလ်စွဲသွားတဲ့ မြန်မာ စစ်သားလေးကို တစ်ခြား သင်တန်းသားတွေက သတ္တိကောင်းလို့ ဆိုပြီး မိုမိုတာယောစံ လို့ နာမည်ပေးလိုက်ကြသတဲ့။ အဲသည် မြန်မာစစ်သားလေးဟာ နောင်တစ်ချိန်မှာ စာရေးဆရာ မိုမိုတာယောစံ ဖြစ်လာတဲ့ ဗိုလ်မှူးကြီး ခင်မောင်သောင်း ပေါ့ကွယ်။ ဗိုလ်မှူးကြီး ခင်မောင်သောင်းက ဘယ်သူလဲဆိုရင် အခု အားကစား ဒုဝန်ကြီး အငြိမ်းစားဗိုလ်မှူးကြီး သောင်းထိုက်ရဲ့ အဖေ ပေါ့ကွယ်။
တတိယပုံပြင်ကတော့ မိုမိုဗိုလ်ကောင်းစံ ပုံပြင် ဖြစ်ပါတယ်။ အပေါ်က ပြောပြခဲ့တဲ့ ဇာတ်လမ်းလေးတွေအပြီး နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ မြန်မာကျောင်းသားလေးတစ်ယောက်ဟာ ဂျပန်ပြည်ကို ကျောင်းတက်ဖို့ ရောက်လာသတဲ့။ ဂျပန်ပြည်ကို မသွားခင် သူငယ်ငယ်တည်းက သဘောကျခဲ့တဲ့ စာရေးဆရာ မိုမိုတာယောစံလိုနာမည်မျိုး ဒီတစ်ခါတော့ ကိုယ့်ဘာသာ မှည့်လို့ရပြီဆိုပြီး အများသူငါသုံးနေကြတဲ့ ဖွဘုတ်ပေါ်မှာ သူ့ကိုသူ မိုမိုဗိုလ်ကောင်းစံ လို့ မှည့်ရမလား ဗိုလ်ကောင်းတာယောစံလို့ မှည့်ရမလား ဝေခွဲမရဖြစ်နေပေမယ့် မိုမိုဗိုလ်ကောင်းစံ ဆိုတဲ့ နာမည်ကို အရင်ရေးလိုက်မိသတဲ့။ နောက်ပြီးတော့မှ မဟုတ်သေးပါဘူးလေ ဆိုပြီး နာမည်ပြောင်းမယ် လုပ်တော့ ဖွဘုတ်အခြေခံဥပဒေအရ ရက်ပေါင်း ခြောက်ဆယ်အတွင်း နာမည်ပြောင်းလို့ မရဘူးဆိုတာ သိလိုက်ရတော့ မတတ်သာတာနဲ့ အဲသည်နာမည်ကိုပဲ လက်ခံလိုက်ရသတဲ့လေ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်
ရွှင်လန်းချမ်းမြေ့ကြပါစေဗျ ###

No comments:

Post a Comment