ဒီနေ့တစ်နေ့လုံး စိတ်ထဲမှာဆိုလိုက် ပါးစပ်က အသံထွက်ပြီးဆိုလိုက်နဲ့ ကိုယ့်ကိုယ်ကို အကြိမ်ပေါင်း များစွာ အားပေးပြီး စိတ်ဓာတ်မြှင့်တင်ခဲ့ရတဲ့ စကားလုံးကတော့ လဲရင်ပြန်ထ ဆိုတဲ့ စကားလုံးပါပဲ။ ဘ၀ဆိုတာ တစ်သမတ်တည်း ဆက်တိုက်အောင်မြင်တိုးတက်နေတတ်တဲ့အမျိုး မဟုတ်ဘဲ လဲကျလိုက် ပြန်ထလိုက် ဆက်လျှောက်လိုက်နဲ့ ရုန်းကန်ချီတက်နေရတာကို အစွဲပြုပြီး ကျွန်တော်တို့ရဲ့ ဘိုးဘေးများက လဲရင်ပြန်ထ ဒါဘ၀ပဲ ဆိုပြီး ဆိုရိုးပြုခဲ့ကြတာပါ။ ဘ၀မှာ အကြိမ်ကြိမ် လဲပြိုလိုက် ပြန်ထလိုက် ဆက်ပြီး ချီတက်လိုက် လုပ်နေခဲ့ရပေမယ့် ဒီနေ့လောက် ဒီစကားပုံနဲ့ ကိုယ့်ကိုယ်ကို အကြိမ်များစွာ အားပေးမာန်တင်းခဲ့ဖူးတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။
ဒီနေ့ အခက်အခဲတွေကိုသာ လက်မြှောက်အရှုံးပေးလိုက်ရင် နဂိုကတည်းက အားကစားမှာ အားနည်းခဲ့တယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့တာ သေချာသွားမှာစိုးလို့လည်း ဒီလောက်ကြီး အားမာန်တွေတင်းပြီး ဇွဲရှိရှိနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သုံးလေးတန်းအရွယ် စက်ဘီးစီးသင်တုန်းကလည်း အခုလိုပဲ အလဲလဲအပြိုပြို ဖြစ်ပြီးမှ တတ်ခဲ့တာကို ပြန်အောက်မေ့ပြီး ဒီလိုမှ အနာမခံရင် ငါတော့ ဒီအားကစားကို တတ်မှာမဟုတ်တော့ဘူးဆိုတဲ့ စိတ်နဲ့ အပင်ပန်းခံဖြစ်ခဲ့တာပါ။
တီဗီမှာ လာလာနေတဲ့ နှင်းလျှောစီးအားကစားပြိုင်ပွဲတွေကို ကြည့်ဖူးနေတုန်းက တော်တော်ခက်တဲ့ အားကစား နေမှာဘဲဆိုပြီး တွေးမိခဲ့ပေမယ့် ဒီလောက်ကြီးတော့ ခက်လိမ့်မယ်မှန်း မထင်ခဲ့မိပါဘူး။ တကယ် ကိုယ်တိုင်စီးတော့မယ် ဆိုတော့မှ ဘယ်လောက်တောင် ခက်သလဲ ဆိုတာ နဖူးတွေ့ဒူးတွေ့ ခက်မှန်းသိတာပါ။ တကယ်ကို နဖူးတွေ့ ဒူးတွေ့ပါပဲ။ စကီဝတ်စုံစ၀တ်တာနဲ့ ဇာတ်လမ်းက စပါတယ်။ ဒီနေ့ နှင်းကလည်း တစ်နေကုန် ကျပါတယ်။ ၀တ်စုံဝတ်တော့ အထဲကို နှင်းဝင်မှာ စိုးလို့ တစ်ကိုယ်လုံး ထုပ်ပိုးလုနီးပါး သေချာဂရုစိုက်ဝတ်ရပါတယ်။ အရေးအကြီးဆုံးကတော့ ဖိနပ်ပါပဲ။ ဖိနပ်ထဲသာ နှင်းဝင်သွားရင် ခြေထောက်တွေ ထုံကျင်ပြီး ဒုက္ခရောက်ဖူးတဲ့ အတွေ့အကြုံရှိတော့ ဖိနပ်ကို သေချာ စီးရပါတယ်။ ၀တ်စုံကတော့ တစ်နေ့က စတိုးဆိုင်တစ်ခုမှာ ဈေးချိုချိုနဲ့ရလို့ အဆင်ပြေပါတယ်။ ၀တ်စုံက လေယာဉ်မောင်းတဲ့ ၀တ်စုံလိုပဲ။ အပေါ်အောက် တစ်ဆက်တည်းကိုမှ အပေါ်ကနေ ဂျာကင်အကျီင်္ထပ်ဝတ်ရတာပါ။ အပေါ်အောက် တစ်ဆက်တည်း ဖြစ်လို့လည်း လဲတဲ့အခါ ခါးကြားထဲ နှင်းဝင်တဲ့ ပြသနာ ကင်းပါတယ်။ စီးရတဲ့ ဖိနပ်ကလည်း သံဖိနပ်ကြီးလိုပဲ အလေးကြီးပါ။ အဲသည်ဖိနပ်စီးပြီးရင် လမ်းလျှောက်တဲ့အခါ တော်တော်ကို အားစိုက်ပြီး ကွတကွတ လျှောက်ရပါတယ်။ ဖိနပ်နဲ့ အောက်က နှင်းလျှောပြားနဲ့က အံကိုက် လုပ်ထားရပါတယ်။ နှင်းလျှောပြားပေါ်က အံခလုတ်မှာ ဖိနပ်အံခလုတ်ကို ကွက်တိကျအောင် နင်းလိုက်မှ ဂွပ်ကနဲ မြည်ပြီး နှင်းလျှောပြားရယ် ဖိနပ်ရယ် လူရယ် တစ်ဆက်တည်း ဖြစ်သွားတာပါ။ နှင်းတွေ ဗွက်ထနေတဲ့အထဲမှာ အဲသည်လို အောက်က အပြားကြီးနဲ့ ဖိနပ်ကြီးနဲ့ လမ်းလျှောက်ရတဲ့ အဖြစ်ကို မြင်ယောင်သာ ကြည့်လိုက်ကြပါတော့ဗျာ။
ကျွန်တော်တို့အစ်ကိုကြီး ကိုမျိုးမင်းလှိုင်က မနေ့ညက နှင်းလျှောစီးသင်ခန်းစာ ပေးထားတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ အဲဒါတွေ မေ့သွားပြီး တကယ်ခံရပြီဆိုမှ ပြန်သတိရပါတော့တယ်။ သူများတွေက တောင်ပေါ်ကို ကောင်းကင်ရထားစီးပြီး တက်သွားလိုက် လျှောကနဲ လျှောကနဲ ပြန်ဆင်းလာလိုက်နဲ့ ဟုတ်နေပေမယ့် အခုမှ နှင်းလျှောပြားပေါ်တက်ဖူးတဲ့ ကျွန်တော်တို့ကတော့ မြေပြန့်မှာပဲ အရင်အသားကျအောင် လေ့ကျင့်ရပါတယ်။ နှင်းလျှောလမ်း ဆင်ခြေလျှော အောက်နားလေးကို နှင်းလျှောပြားကြီး ထမ်းပြီး တက်သွားလိုက် နှင်းထဲမှာ ဖိနပ်ကို ကို့ယို့ကားယားစီးပြီး နည်းနည်း လျှောချကြည့်လိုက်နဲ့ တစ်မနက်လုံးလေ့ကျင့်ရပါတယ်။ ရုပ်ရှင်ပိတ်ကားပေါ်မှာ မိနစ်ပိုင်း စက္ကန့်ပိုင်းလေး ပြဖို့အရေးကို ရက်နဲ့ လနဲ့ချီပြီး ရိုက်ရတယ်ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ တစ်မိနစ်စာလောက် လျှောကနဲ လျှောစီးရဖို့အရေးကို ငါးမိနစ် ခြောက်မိနစ်လောက် ဘုတ်ပြားကြီးထမ်းပြီး လမ်းပြန်လျှောက်တက်ရပါတယ်။ တကယ့်နှင်းလျှောလမ်းကြီးမှာ အဲလိုတွေ ကို့ယို့ကားယား လုပ်နေတာကို ကွင်းတာဝန်ရှိသူတွေကပဲ မျက်စိနောက်သလား စီးတဲ့သူတွေကပဲ သွားသတင်းပို့သလားတော့ မသိပါဘူး။ တော်နေကြာတော့ ကွင်းတာဝန်ရှိသူတစ်ယောက် ရောက်လာပြီး လွတ်တဲ့နေရာတစ်ခုမှ ကျွန်တော်တို့စီးဖို့ နေရာလေး စီစဉ်ပေးပါတယ်။ ဒီနေရာမှာ အတုယူစရာကောင်းတာတစ်ခုက ကွင်းမှာ ကောင်းကင်ရထားမစီးဘဲ အခမဲ့ စီးနေတဲ့ ကျွန်တော်တို့က သူများပြေးလမ်းမှာ အနှောင့်အယှက်ဖြစ်နေတာကို ဆူဆူပူပူ မလုပ်ပဲ ယဉ်ယဉ်ကျေးကျေး ဖော်ဖော်ရွေရွေနဲ့ သေချာလာပြောပြပြီး လွတ်တဲ့နေရာတစ်ခုကို စီစဉ်ပေးတာပါပဲ။ ဂျပန်ပြည်ရဲ့ ကောင်းကွက်တွေအများကြီးထဲက အတုယူစရာ ၀န်ဆောင်မှုတစ်ခုပါပဲ။
အဲဒီနေရာမှာ လေ့ကျင့်လို့တော်တော် အားရပြီ လူတွေလည်း ပင်ပန်းသွားပြီဆိုတော့မှ နေ့လည်စာ စားပါတယ်။ မြန်မာဆန်ဆန်ပေါ့ဗျာ အဆောင်မှာ ချက်ပြုတ် ကြော်လှော် ပြင်ဆင်လာတာကို စားပြီး ရေဗူးနဲ့ ပါလာတဲ့ရေတို့ ကော်ဖီတို့ သောက်ကြတာပေါ့။ ဆိုင်ရှိတယ်ဆိုပေမယ့် ဈေးက မတရားကြီးတယ်ဗျ။ (ကိုယ်တွေအတွက် ဈေးကြီးတာကို ပြောတာပါ တကယ်တော့ သူတို့ဟာနဲ့သူတို့ ပုံမှန်ဈေးပါပဲ)
နေ့လည်စာစားပြီးတော့မှ ဇာတ်လမ်းက တကယ်ကြီး စတော့တာ။ ပထမဆုံး ကောင်းကင်ရထားလက်မှတ် သွားဝယ်တယ်။ တစ်ခေါက်ကို ယန်းနှစ်ရာ့ငါးဆယ်တဲ့။ စီးချင်သလောက်စီး လက်မှတ်ကတော့ နှစ်ထောင့်ငါးရာတဲ့။ ဒါနဲ့ ပေသီးခေါက်ကြည့်တယ်။ ပုတ်ပြတ်စီး လက်မှတ်ဝယ်ရင် အနည်းဆုံး ဆယ်ခေါက်စီးနိုင်မှ တန်မယ်။ ဆယ်ခေါက်စီးနိုင်ဖို့တော့ မသေချာလှဘူး။ ဒါနဲ့ပဲ လေးခေါက်စာ ယန်းတစ်ထောင်ဖိုး ၀ယ်လာခဲ့တယ်။ ဟန်နဲ့ပန်နဲ့ပေါ့ဗျ။ ငါလည်း တကယ်နှင်းလျှောစီးပြီပေါ့။ ကောင်းကင်ရထား စီးတဲ့နေရာရောက်တော့ လက်မှတ်ဘယ်သူ့ကို ပြရမှာလည်းပေါ့။ လက်မှတ်ပြရမယ့်သူ မရှိဘူးဗျ။ ၀င်ပေါက်ဘေးမှာ ခိုအိမ်လေးတစ်ခု လုပ်ထားပြီး ကိုယ့်ဘာသာ ထည့်ခဲ့ရုံပဲ။ ဘယ်သူမှလဲ လက်မှတ်မစစ်ဘူး။ My Honour is My Life ဆိုတဲ့ စစ်တက္ကသိုလ် ဆောင်ပုဒ်လေးကို ပြေးပြီး သတိရလိုက်မိတယ်။
ကောင်းကင်ရထားဆိုပေမယ့် တကယ်တော့ ကောင်းကင်ထိုင်ခုံပါ။ ထိုင်ခုံလေးတွေ တန်းစီချိတ်ထားတဲ့ ကြိုးက အပေါ်အောက် လည်နေတာကို တက်ထိုင်ပြီး လိုက်သွား အပေါ်ရောက်ရင် ဆင်းပေါ့။ နှင်းလျှောစီးတဲ့ သူတွေက ကောင်းကင်ထိုင်ခုံမှာ ထိုင်ရင် ခုနပြောတဲ့ နှင်းလျှောပြားကြီးကို မချွတ်ကြဘူးဗျ။ အပေါ်ကနေ လျှောဆင်းလာတယ်။ ကောင်းကင်ရထားဂိတ်ကို တန်းဝင်သွားတယ် ထိုင်ခုံစီးပြီး ပြန်တက်တယ်ပေါ့။ သူများတွေ ဘာလုပ်တာလဲ ကြည့်နေတဲ့ ဗိုလ်ကောင်းလဲ ဟန်တစ်လုံး ပန်တစ်လုံးနဲ့ လျှောပြားကြီးတပ်လျက်သားနဲ့ ထိုင်ခုံပေါ် ပါသွားတာပေါ့။ ကောင်းကင်ထိုင်ခုံက အတက်မှာ မခက်ဘူးဗျ။ တစ်ခုံပြီးတစ်ခုံ လာနေတဲ့ ရှေ့နားမှာ အသာဝင်ရပ်ပြီး ထိုင်ခုံက ဖင်ကို လာထိရင် ထိုင်ချလိုက်ရုံပဲ။ ကောင်းကင်ထိုင်ခံစီးပြီး တက်သွားတော့ နှင်းတွေကလည်း ကျနေ နှင်းတွေဖုန်းနေတဲ့ တောင်ပေါ်အမြင့်မှာ မြင်ရတဲ့ ရှုခင်းက ရင်သပ်ရှုမောပေါ့ဗျာ။ ကင်မရာလေးထုတ်ပြီး မှတ်တမ်းတင်ချင်ပေမယ့် မလှုပ်ရဲဘူးဗျ။ ဒီအတိုင်း ထိုင်နေရတယ်။ တစ်ချိန်တုန်းက ပုံတွေထဲ တီဗီတွေထဲမှာပဲ မြင်ခဲ့ဖူးတဲ့ ထင်းရှူးပင်တွေပေါ်ကို နှင်းတွေဖုံးနေတာ တောင်တစ်ခုလုံး နှင်းတွေ ဖုံးနေတာ စတဲ့ မြင်ကွင်းတွေကို ခံစားပြီး အိပ်မက်များ မက်နေသလားပေါ့။ ကြည်နူးနေတာ ပြောပါတယ်။ အဲဒီလို ကြည်နူးစရာ အိပ်မက်က ဘယ်အချိန်မှာ လန့်နိုးသလဲ ဆိုတော့ အပေါ်ရောက်ပြီ ဆင်းရတော့မယ်ဆိုတဲ့အချိန်မှာပေါ့ဗျာ။ နှင်းလျှောပြားကြီးကလည်း ခြေထောက်မှာ တပ်လျက်။ ဒါကြီးနဲ့ ဘယ်လိုများ ဆင်းရပါ့။ ထိုင်ခုံတွေ ဆိုတာကလည်း တစ်ယောက်ပြီးတစ်ယောက်ဆင်းဖို့ ရပ်ပေးနေတာ မဟုတ်ဘူးလေ။ သူ့ဘာသာ ပုံမှန်အရှိန်နဲ့ ရွေ့နေတာကိုး။ အဲသည်လိုနဲ့ နှင်းလျှောပြားကြီးပဲ မရမက ချွတ်ရမလား ခုန်ပဲချရမလား မဆင်းနိုင်လို့ တောင်အောက် ပြန်ပါသွားရင်တော့ ဒုက္ခပဲ ရှက်စရာကြီးဆိုပြီး စိတ်ဒုက္ခရောက်နေတုန်း ဆင်းရမယ့်နေရာကို ရောက်လာရော။ ရှေ့လူတွေကတော့ဗျာ ဆင်းသွားလိုက်တာ လျှောကနဲပဲ။ ဘယ်လိုဆင်းရရင် ကောင်းမလဲ တွေးနေတုန်းရှိသေး ထိုင်ခုံက ဒုန်းဆို ရပ်သွားရော။ အော် လက်စသတ်တော့ ငါ့ပုံစံကြည့်ပြီး မဆင်းတတ်ဘူးဆိုတာ သိလို့ ရပ်ပေးတာဆိုတာ သိလိုက်ရတယ်။ သူတို့လိုပဲပေါ့ ခါးလေးညွတ်ပြီး ကျေးဇူးတင်ပါတယ်ပေါ့။ မြန်မြန်သွားတဲ့ စက်ပြန်ဖွင့်တော့မှာတဲ့ ဆိုတော့မှ ကိုးယိုးကားယား ထိုင်ခုံလွတ်အောင် လျှောထွက်ခဲ့ရတယ်။
ဒီလိုနဲ့ တောင်ထိပ်က နှင်းလျှောစီးတာလွှတ်နေရာ ရောက်သွားရောဆိုပါတော့။ အမယ် ဓာတ်ပုံတွေဘာတွေ ရိုက်လိုက်သေးတာ။ ကဲ တကယ်စစီးတော့မယ် လျှောချတော့မယ်ဆိုပြီး ကြည့်လိုက်မိတော့မှ ရင်တွေဘာတွေတောင် ဖိုသွားတယ်။ ဘုရား ဘုရား အမြင့်ကြီးပါလား။ မထိန်းနိုင်လို့များ အောက်တစ်ခါတည်းရောက်သွားရင် အကောင်းတော့ ရောက်မှာမဟုတ်ဘူး။ ဘေးမှာကလည်း ချောက်တွေနဲ့။ ချော်ချက်ပြီး ချောက်ထဲ ပြုတ်ကျလို့ကတော့ နှင်းထဲကို တစ်ခါတည်း မြုပ်သွားမှာ။ ဦးတေဇလည်း လာကယ်နိုင်မှာမဟုတ်ဘူး။ လျှို့ဝှက်သောနှင်း ဇာတ်ကားထဲကလို လူမင်းတို့လည်း လာရှာနိုင်မှာ မဟုတ်ဘူးလို့ တွေးမိပြီး အားတောင် တော်တော်ငယ်သွားတယ်။ တိုင်းပြည်အတွက်လည်းမဟုတ် မိသားစုအတွက်လည်း မဟုတ်။ ကိုယ့်ဘာသာ မနေနိုင်မထိုင်နိုင် ပိုက်ဆံပေးပြီးတောင် လာကမြင်းရသလား ဆိုပြီး သေသွားရင်တောင် ဘယ်သူမှ သနားမှာမဟုတ်ဘူးလို့လည်း ကြံကြံဖန်ဖန် တွေးမိအောင် တွေးဖြစ်လိုက်သေးတယ်။
ဟင် . . . ဒီလိုတွေးနေလို့ မပြီးသေးပါဘူးလေ။ ဒီအထိ လာမိမှတော့ ဆင်းရတော့မှာပဲ။ ကောင်းကင်ရထားကလဲ အတက်ပဲ စီးလို့ ရတာ အဆင်း စီးလို့ရတာမဟုတ်တဲ့အတူ ငါဟဲ့ ဗိုလ်ကောင်း ဆိုပြီး ကိုယ့်ကိုယ်ကို အားတင်း သူများတွေ ဘယ်လို စီးနေကြလဲ အရိပ်အခြည်ကြည့်။ သူတို့ကတော့ဗျာ ဆင်းသွားလိုက်တာ လျှောကနဲ လျှောကနဲ။ သူတို့လို ဆင်းလို့ မဖြစ်သေးဘူးဆိုတာတော့ သိတယ်။ နေစမ်းပါအုံး။ ဘယ်နားက ဆင်ခြေလျှော ပြေပါလိမ့်။ အား တွေ့ပြီကွာ ကလေးတစ်သိုက် နဲ့ နည်းပြဆရာ။ မယောင်မလည်နဲ့ သူတို့နားသွားရပ်တယ်။ ဆရာက ကလေးတွေကို ညွှန်ကြားပြောဆိုနေတာတွေ နားမလည်ပေမယ့် ကလေးတွေ အမူအရာကြည့်ပြီး ကိုယ်လည်း လိုက်လုပ်ပေါ့။ အမယ် ကလေးတွေသာဆိုတာ နည်းပြနောက်က လျှောပြီး လိုက်သွားတာများ ရထားတွဲလား မှတ်ရတယ် ဖြောင့်လို့ဗျ။ အကွေ့အ၀ိုက်တွေနဲ့ စီးသွားတာလည်း ကြည့်လို့မှ ကောင်းသေးတယ်။
ကဲ ဆင်းပြီကွာ အပြေဆုံးလို့ ထင်တဲ့နေရာကနေ လျှောချလိုက်တယ်။ အစကတော့ ဟုတ်မလိုလိုနဲ့ အရှိန်ကမထိန်းနိုင် ဆက်သွားရင် အောက်ထိ တစ်ခါတည်း ရောက်သွားမယ့်ကိန်းမြင်နေလို့ ဘေးကို လှဲချလိုက်တယ်။ အရှိန်နဲ့တောင်စောင်းမှာ လျှောဆင်းနေရင်း နှင်းလျှောပြားကြီး တပ်ထားတော့ ပက်လက်လှဲမရ ဘေးတိုက်ပဲ လှဲချရတာ။ ဒါပေမယ့် အရှိန်နဲ့ဆိုတော့ နှင်းထဲမှာ အလူးလူးအလိမ့်လိမ့်ပေါ့။ ခြေထောက်တွေဆိုတာ လိမ်ချိုးနေသလိုပဲ။ အဲသည်မှာ လဲရင်ပြန်ထ ဆိုတာ ပထမဆုံး ပါးစပ်ကဆိုပြီး ကိုယ့်ကိုယ်ကို အားပေးဖြစ်တာပဲ။ ရိုးရိုးမြေပြန့်မှာ လဲကျရင် ပြန်ထရတာ အပန်းမကြီးလှပေမယ့် တောင်စောင်းမှာလည်း ဖြစ်ပြန် ခြေထောက်က လျှောပြားကြီးကလည်း တပ်ထားပြန်ဆိုတော့ နှင်းထဲမှာ ဒလိမ့်ခေါက်ကွေးဖြစ်နေတာကနေ ပြန်ထဖို့ နေနေသာသာ လိမ်နေတဲ့ ခြေထောက်ကို ပြန်တည့်ရတာကိုက တော်တော် မလွယ်တဲ့ ကိစ္စ။ တစ်ယောက်ပြီးတစ်ယောက်က ကိုယ့်ကို ကျော်သွားလိုက် ဘေးကဖြတ်သွားလိုက်နဲ့။ ဒီလိုလဲကျတယ်ဆိုတာကလည်း သူတို့အတွက် ဆန်းပုံမရဘူး။ ကိုယ့်မှာသာ မဟာဒုက္ခ တွင်းဆုံးကျနေတာ။ သူတို့လည်း ငါခုဖြစ်နေတဲ့ ဘ၀ကို ကျော်ဖြတ်ပြီးမှ ဒီလိုစီးနိုင်ကြတာပဲလေဆိုပြီး အားတင်းရတယ်။
ဒါပေမယ့်ဗျ တစ်ခါလဲတယ် ပြန်ထတယ် နောက်တစ်ခါ ထပ်လဲတယ် ပြန်ထတယ်။ နောက်တစ်ခါ ထပ်လဲတယ် ပြန်ထတယ်။ အောက်ကြည့်လိုက်တော့လည်း တောင်ခြေရောက်ဖို့ အဝေးကြီး လိုသေးတယ်။ ဘယ်ဘက်ဒူးကလည်း တော်တော်ကို နားနေပြီး ဒူးများ လည်သွားသလား။ ငါ အောက်ကို ရောက်မှ ရောက်ပါ့မလား။ ဒီလိုနည်းနဲ့ မဆင်းရင်လည်း ဘယ်လိုနည်းနဲ့မှ ဆင်းစရာနည်းလမ်းမရှိ။ ဘယ်သူမှလည်း လာထမ်းခေါ်နိုင်မှာမဟုတ်။ ဘုရားဘုရား လက်မှတ်လေးစောင်ဝယ်ထားမိတာ များများသွားပြီလား။ ဘေးဘီကို ကြည့်လိုက်တော့လည်း ကိုယ်လိုလူတွေ တဖုန်းဖုန်းလဲနေတာတွေ့တော့ ငါတစ်ယောက်တည်း ဒုက္ခမှ မဟုတ်တာဆိုပြီး ပြန်အားတက်ပြန်ရော။ ကဲ လဲရင်ပြန်ထကွာဆိုပြီး ထပြန်ရော။ လျှောဆင်းပြန်ရော အရှိန်မထိန်းနိုင်လို့ လျှောလမ်းဘေးစပ်က နှင်းဗွက်ထုထဲမှာ တိုးဝင်ပြီး ရပ်ရ လှဲချရပြန်ရော။ နှင်းထဲတိုးမိပြီဆို ခုနပြောတဲ့ လျှောပြားကြီးနဲ့ ပြန်ထွက်ရခက်။ ကိုယ်ကို ပြန်တည့်ဖို့ခက် ခြေထောက်ပြန်နုတ်ဖို့ခက်နဲ့။ လဲရင်ပြန်ထ လဲရင်ပြန်ထ လဲရင်ပြန်ထ ဆို သုံးကြိမ်သုံးခါ ရွတ်ဆိုပြီး ကုန်းရုန်း ထရပြန်ရော။ တစ်ခါတစ်ခါများဆို နှင်းထဲက ဘယ်လိုမှ ပြန်မထနိုင်တော့လို့ ဖိနပ်နဲ့ လျှောပြား ဆက်ထားတဲ့ ခလုတ်ကို ခက်ခက်ခဲခဲ ဖြုတ်။ ပြန်ထ ခက်ခက်ခဲခဲ ပြန်တပ် ဆက်ဆင်း။ ထပ်လဲ။ အားတင်း။ ပြန်ထ။ ဒီလိုနဲ့ အောက်ရောက်သွားတယ် ဆိုပါတော့။
အောက်ရောက်တော့ လူက တော်တော် ပြိုင်းနေပြီ။ စိတ်ပင်ပန်း လူပင်ပန်းပေါ့ဗျာ။ ရေကလဲ ငတ်လိုက်တာဗျာ။ ဒါနဲ့ နားတဲ့နေရာ အမိုးအကာအောက်ကိုသွား။ လျှောပြားကြီးဖြုတ်။ ထိုင်နား ရေသောက်ရင်းနဲ့ စဉ်းစားမိတယ်။ ဒီအားကစားက ငါနဲ့ ဖြစ်ပါ့မလား။ ဒီအားကစား မဖြစ်ဖူး ဆိုပြန်တော့လည်း ဘယ်အားကစားမှလဲ မယ်မယ်ရရ လုပ်ခဲ့ဖူးတယ်လို့ မရှိ။ ဒီအသက်အရွယ်ရောက်မှ ဒီတိုင်းပြည်ရောက်မှ စပြီး ကစားတဲ့သူတွေတောင် ဖြစ်သေးတာ ငါဘာလို့ မဖြစ်ရမှာလဲ။ အားကစားဆိုလို့ မွေးရာပါ တတ်လာခဲ့တဲ့ လမ်းလျှောက်တာနဲ့ ပြေးတာလောက် ရတာဆိုတော့။ မဖြစ်သေးဘူး။ ဒါကိုတော့ ရအောင် လုပ်ရမယ်။ အခုမှ မလုပ်ရင် နောင်တစ်သက်လုံး လုပ်ဖို့အခွင့်အရေးဆိုတာ မသေချာတော့။ ကဲကွာ ဘာဖြစ်ဖြစ် လုပ်မယ်ကွာ အလွန်ဆုံးဖြစ် ခြေထောက်ကျိုးရုံပေါ့။ နို့မဟုတ်ရင် မလုပ်ခဲ့မိလေချင်းဆိုပြီး နောင်တတော့ ရင်ဝယ်ပိုက် မနေချင်ဘူး။ သွားမယ်ကွာ ဆက်စီးမယ်ဆိုပြီး ချီတက်ပြန်ရော။
လေးခေါက်စီးပြီးတဲ့အချိန်မှာ လူလည်း တော်တော်လှဲချတတ်နေပြီ။ အစကနဲ့ စာရင်တော့ သဘောလေး မိလာပြီပေါ့ဗျာ။ နေလည်းဝင်သွားပြီ။ ကစားကွင်းက ညရှစ်နာကျော်ထိ စီးလို့ ရသေးတယ်ဆိုပေမယ့် ပြန်ဖို့ကလည်း ရှိသေးတော့။ နောက်ဆုံးတစ်ခေါက် မတက်ခင် နားနေတဲ့ ညီလေးတစ်ယောက်ကို အကူအညီတောင်းရတယ်။ ညီလေး ကိုယ့်ကိုကြည့်နေနော် အနီရဲရဲ ပါဝါရိမ်းဂျား အနီကောင်လိုပုံမျိုးနဲ့ ဒီတစ်ခါ ဆင်းလာရင် ငါ့ကို ဗီဒီယိုလေး မှတ်တမ်းတင်ထားပေးစမ်းပါကွာဆိုပြီး နောက်ဆုံးတစ်ခေါက် ထပ်တက်ပြီးမှ ပြန်ဆင်းလာတယ်။ နောက်ဆုံးအခေါက်မှာ သိပ်မလဲ တော့ပေမယ့် တစ်ခါတစ်ခါတော့လည်း လဲသေးတယ်ဗျ။ ဘာပဲပြောပြော ဒီအားကစားနည်းက ကျွန်တော့်ကို မခြိမ်းခြောက်နိုင်တော့ဘူး။ နောင် ကျောင်းပိတ်ရက်တွေမှာလည်း ခဏခဏ သွားစီးမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ မတ်လလယ်လောက်ထိတော့ စီးလို့ ရသေးတယ်ပြောတာပဲ။
ဓာတ်ပုံမှတ်တမ်းတင်ပေးတဲ့ အစ်ကိုကြီး ကိုမျိုးမင်းလှိုင် နဲ့ ကိုအောင်မျိုးထိုက်၊ ညီငယ် နန်းဝင်း၊ စားစရာတွေ အလျှံအပယ်ပြင်ဆင်လာတဲ့ ညီမလေးတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေဗျ ###
No comments:
Post a Comment