ဒီစကားလုံးတွေဟာ လူတော်တော်များများ မကြားချင် မမြင်ချင်ကြတဲ့ စကားလုံးတွေဖြစ်သလို ကြားအပ်မြင်အပ်တဲ့ စကားလုံးတွေလည်း မဟုတ်ပါဘူး။ သို့သော်လည်း ဒီစကားလုံးတွေ အဓိပ္ပာယ်တွေနဲ့ ပတ်သက်ပြီး အသိမှား အမြင်မှားမှာ စိုးလို့ ကိုယ့်ဘာသာ သိအောင် လေ့လာကြည့်ရင်း ကိုယ်လေ့လာထားမိသမျှကိုမှတ်တမ်းလည်းတင် စိတ်ဝင်စားတဲ့ မိတ်ဆွေများကိုလည်း ဝေမျှဖို့အတွက် ဒီနေရာမှာ တင်ပြလိုက်တာဖြစ်ပါတယ်။ ဒီစာစုဟာ ပါရဂူကျမ်းတစ်ဆူ မဟုတ်ဘဲ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရကာလ ၁၉၈၈ ကနေ ၁၉၉၂ ခုနှစ်ကာလအတွက်သာ လေ့လာစူးစမ်းထားတဲ့ သာမာန်စာတစ်ပုဒ် ဖြစ်ပါတယ်။
စစ်အစိုးရ ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ ၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ န၀တ ကြေညာချက် အမှတ် ၁/၉၀ မှာ အပိုဒ် ၁၉ မှာ " နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် စစ်အစိုးရတစ်ရပ် ဖြစ်သည်နှင့်အညီ မာရှယ်လော ဥပဒေကို ကိုင်စွဲ ကျင့်သုံးနေသည့် အစိုးရဖြစ်သည် " သည်လို့ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့ တပ်မတော်အစိုးရဆိုတဲ့ စကားလုံးနဲ့ ဖလှယ်သုံးစွဲလာတာကို တွေ့ရပါတယ်။
န၀တ၏ ကြေညာချက်အမှတ် ၁/၉၀ အပိုင်းတစ်ချို့
၁၉၈၈ ခုနှစ်ကနေ ၁၉၉၂ အထိ န၀တ အစိုးရက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမိန့် နဲ့ မာရှယ်လော အမိန့်များမှာ စစ်အုပ်ချုပ်ရေးဆိုတဲ့ စကားလုံးကို သုံးစွဲခဲ့တာ မတွေ့ရပါဘူး။ မာရှယ်လော (Martial Law) ဥပဒေ၊ မာရှယ်လော(Martial Law) အာဏာ စသည်ဖြင့်သာ အင်္ဂလိပ်မြန်မာ နှစ်ဘာရောပြီး သုံးစွဲခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် မာရှယ်လောဆိုတဲ့ အဓိပ္ပာယ်ကို အရင်ဆုံး စေ့ငုကြည့်မိပါတယ်။ Martial Law ဆိုတာကို Advanced Learners Dictionary မှာ A situation where the army of a country controls an area instead of the police during a time of trouble လို့ ဖွင့်ဆိုထားတာ တွေ့ပါတယ်။ ဗြိတိသျှစွယ်စုံကျမ်းမှာတော့ temporary rule by military authorities of a designated area in time of emergency when the civil authorities are deemed unable to function. The legal effects of a declaration of martial law differ in various jurisdictions, but they generally involve a suspension of normal civil rights and the extension to the civilian population of summary military justice or of military law. Although temporary in theory, a state of martial law may in fact continue indefinitely. လို့ ဖော်ပြထားပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့တွေ အမြဲကိုးကားကြရတဲ့ မောင်ဝံသရဲ့ နိုင်ငံရေး ဝေါဟာရ အဘိဓာန်ထဲမှာ အရပ်သား အစိုးရတစ်ရပ်သည် ငြိမ်ဝပ်ပိပြားရေးအတွက် အရပ်ဘက် ဥပဒေများဖြင့် မထိန်းသိမ်းနိုင်သော အရေးပေါ် အခြေအနေနှင့် ကြုံရချိန်တွင် စစ်ဘက်တာဝန်ရှိ ပုဂ္ဂိုလ်များအား အုပ်ချုပ်ရေးအာဏာ ယာယီလွှဲအပ် တာဝန်ပေးခြင်းကို ဆိုသည်။ အစိုးရသည် ဒေသတစ်ခုချင်းကို သော်လည်းကောင်း တစ်နိုင်ငံလုံးကို သော်လည်းကောင်း စစ်အုပ်ချုပ်ရေး အခြေအနေ ကြေညာနိုင်သည်။ မာရှယ်လော ကြေညာထားချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းထားလေ့ရှိသည်။ အကြောင်းမှာ အခြေခံဥပဒေက ပေးအပ်ထားသော ပြည်သူ့အခွင့်အရေးများကို ရုပ်သိမ်းမည်ဖြစ်သောကြောင့် ဖြစ်သည်။ မာရှယ်လော အုပ်ချုပ်ရေးသည် စစ်အစိုးရနှင့် မတူချေ။ ယင်းသည် အရပ်သားအစိုးရက ပေးအပ်သော တာဝန်ကို စစ်ဘက်အကြီးအကဲက ထမ်းဆောင်ခြင်းဖြစ်၍ တရားဝင်ဖြစ်မှု ရှိသည်။ လို့ ဖော်ပြထားပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ န၀တကို ဖွဲ့စည်းကြောင်း ကြေညာပြီးတော့ န၀တရဲ့ အမိန့်အမှတ် ၂/၈၈ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မာရှယ်လောသဘော သက်ရောက်တဲ့ အမိန့်ကို ထုတ်ပြန်ပါတယ်။ အဲသည်အမိန့်မှာ အဓိက အချက် ငါးချက် ပါဝင်ပါတယ်။ အဲဒါတွေကတော့ ည ၈ နာရီကနေ မနက် လေးနာရီအထိ အပြင်မထွက်ရ၊ ဆူပူလှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ ငါးယောက်ထက် ပိုမစုရ၊ လူစုလူဝေး စုရုံးခြင်း မပြုရ၊ လမ်းပေါ်တွင် တားဆီးပိတ်ဆို့ ဆန္ဒပြခြင်း မပြုရ ဆိုတာနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို နှောင့်ယှက်ဟန့်တားခြင်း မပြုရဆိုတာတွေ ဖြစ်ပါတယ်။ ဒီအမိန့်ရဲ့ ပထမဆုံး အချက်ဖြစ်တဲ့ ညမထွက်ရအမိန့် ညပိုင်း ကန့်သတ်ချက်တွေကို ၁၉၈၈ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ တစ်ကြိမ်စီ၊ ၁၉၉၀ အောက်တိုဘာလမှာ တစ်ကြိမ် တစ်နာရီစီ လျှော့ပေါ့ပေးခဲ့ပြီး ၁၉၉၂ စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ ညမထွက်ရအမိန့်ကို အပြီး ပယ်ဖျက်ပေးခဲ့တာ တွေ့ရပါတယ်။
မာရှယ်လောဆိုတဲ့ အမည်နဲ့ စစ်တိုင်းသုံးတိုင်းက စစ်တိုင်းမှူးတွေကို မာရှယ်လောအာဏာ အပ်နှင်းတာကတော့ ၁၉၈၉ ဇူလိုင်လကျမှ ဖြစ်ပါတယ်။ ၁၉၈၉ ဇူလိုင်လ ၇ ရက်အမိန့်နဲ့ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်းနဲ့ အနောက်မြောက်တိုင်း စစ်တိုင်းမှူးများအား သက်ဆိုင်ရာ စစ်တိုင်းနယ်မြေအတွင်း ကျင့်သုံးနိုင်ရန် စီမံခန့်ခွဲရေးနဲ့ တရားစီရင်ရေးဆိုင်ရာ မာရှယ်လောအာဏာကို အပ်နှင်းလိုက်သည်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒီအမိန့်ထုတ်ပြန်ပြီး နောက်တစ်နေ့မှာဘဲ မာရှယ်လောကို ကျင့်သုံးရမယ့် နည်းလမ်းကို အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲသည်အမိန့်မှာ ပြစ်မှု ကျူးလွန်သူများကို တည်ဆဲဥပဒေအရ တရားရုံးဖြင့်ဖြစ်စေ မိမိတို့က ဖွဲ့စည်းထားတဲ့ စစ်ခုံရုံးနဲ့ဖြစ်စေ စီရင်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် န၀တ အစိုးရ နဲ့ စစ်တိုင်းမှူးတို့က ထုတ်ပြန်ထားတဲ့ အမိန့်တွေကို အာဏာဖီဆန်တဲ့ အမှုဆိုရင်တော့ စစ်ခုံရုံးဖြင့်သာ ကြားနာ စစ်ဆေးရမယ်လို့ ကန့်သတ်ပေးထားပါတယ်။ တကယ်လို့ စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ခဲ့ရင်လည်း သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ်ပူးတွဲ ပြစ်ဒဏ်ချရမယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ အဲသည် မာရှယ်လောနဲ့ အကျုံးဝင်တဲ့ စစ်တိုင်းသုံးတိုင်းပါ မြို့နယ်ပေါင်း ၁၆၄ မြို့နယ် ပါဝင်ပါတယ်။ အဲသည်မြို့နယ်တွေမှာ သက်ရောက်နေတဲ့ မာရှယ်လော အမိန့်တွေကိုလည်း ၁၉၈၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အတွင်းမှာ တဖြည်းဖြည်းပြန်လည် ရုပ်သိမ်းခဲ့တာကို တွေ့ရပါတယ်။ ပထမဆုံး ၁၉၈၉ နိုဝင်ဘာလမှာ ရှမ်းပြည်နယ် ချင်းပြည်နယ်နဲ့ မကွေးတိုင်းက မြို့နယ် ရှစ်မြို့နယ်ကို စတင်ရုပ်သိမ်းပြီး ၁၉၉၀ မေလမှာတော့ ရန်ကုန်မြို့တွင်းက မြို့နယ်တွေအပါအ၀င် အားလုံးကို ပြန်လည် ရုပ်သိမ်းခဲ့တာကို တွေ့ရပါတယ်။ မာရှယ်လောအမိန့် အကျုံးဝင်တဲ့ မြို့နယ်များအတွင်း မာရှယ်လောအမိန့် အတည်ဖြစ်နေတဲ့ အချိန်အတွင်းမှာ ပြစ်မှုကျူးလွန်သူ ဘယ်နှစ်ယောက်ကို စစ်ခုံရုံးနဲ့ စစ်ဆေးစီရင်ခဲ့တယ် ဆိုတာကတော့ ဆက်လက် လေ့လာရမယ့်အပိုင်း ဖြစ်ပါတယ်။
ဒါကြောင့် န၀တအစိုးရလက်ထက်မှာ စစ်တိုင်းမှူးများကို မာရှယ်လောအာဏာ အပ်နှင်းခဲ့တာဟာ ၁၉၈၉ ဇူလိုင်လကနေ ၁၉၉၀ မေလအထိ စုစုပေါင်း ဆယ့်တစ်လသာ ကြာမြင့်ခဲ့တာကို တွေ့ရပါတယ်။ ကောက်ချက်ဆွဲကြည့်မယ်ဆိုရင် တပ်မတော် အစိုးရ တာဝန်ယူခဲ့တဲ့ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း မာရှယ်လော ကျင့်သုံးဖို့ အကျုံးဝင်ခဲ့တဲ့ မြို့နယ်ပေါင်း ၁၆၄ မြို့နယ်ရှိခဲ့ပြီး မာရှယ်လော အာဏာတည်တဲ့ကာလ ဆယ့်တစ်လ ရှိခဲ့တယ်ဆိုတာ တွေ့ရပါတယ်။
ကိုယ့်ဘာသာ သိချင်လို့ န၀တလက်ထက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ အမိန့်တွေ မာရှယ်လောတွေကို ဖတ်ရှုပြီး မှတ်စုရေးထားတာ ဖြစ်ပါတယ်။ ချွတ်ချော်တိမ်းပါး အမှတ်မှားနေတာများတွေ့လို့ တည့်မတ်ပြုပြင်ပေးကြမယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာ ခံယူရန် အသင့်ဖြစ်ပါကြောင်း
ရွှင်လန်းချမ်းမြေ့ကြပါစေဗျ
No comments:
Post a Comment