ခေါင်းစဉ်ကို ဖတ်ပြီး ဗိုလ်ကောင်းတစ်ယောက်တော့ စီးပွားရေး သောင်းကျန်းတဲ့ ကျောင်းဆရာတွေကို ဝေဖန်တော့မလား၊ ကျူရှင်ပညာရေးခေတ်ကြီးကို သရော်တော့မလား မတွေးကြပါနဲ့ဗျာ။ ဗိုလ်ကောင်းကို စီးပွားရေးပညာရပ်တွေ စာတွေ့ သင်ပေးခဲ့တဲ့ ဆရာတွေအကြောင်း ပြောပြချင်လို့ပါ။
ပထမဆုံး စီးပွားရေး ဆရာက သာဝတ္ထိ အထက်တန်းကျောင်းမှာ ကိုးတန်း ဆယ်တန်း သင်ခဲ့ရတဲ့ ဆရာကြီး ဦးခင်ဇော်ပါ။ ဆရာကြီးက ဘာသာတရားလည်း အလွန်ကို ကိုင်းရှိုင်းပါတယ်။ ဆယ်တန်းကိုတောင်မှ ဘုရား တရား သံဃာ ရတနာသုံးပါးကို ဦးထိပ်ထားပြီး သုံးနှစ်ဖြေခဲ့ရတယ်လို့ ဆိုပါတယ်။ တော်သေးတာပေါ့ တို့ဆရာကြီး အနန္တောအနန္တငါးပါးကို ဦးထိပ်မထားလို့ ဆိုပြီး ဆရာကြီး ကွယ်ရာမှာ ကျွန်တော်တို့က ရယ်ပွဲဖွဲ့ကြပါတယ်။ ကျွန်တော်ဆယ်တန်းအောင်တဲ့ ၁၉၉၆ ခုနှစ်တုန်းက သိပ္ပံ ၀ိဇ္ဇာရယ်လို့ မဟုတ်ဘဲ ဘာသာရပ်ကိုးခုကို ငါးပိုင်းခွဲ ဖြေရတဲ့ စနစ်ဖြစ်ပါတယ်။ အဲသည်တော့ ဇီဝ ဓာတု ရူပ သင်ရသလို သမိုင်း ပထ၀ီ ဘောဂလည်း သင်ခဲ့ရပါတယ်။ ဆရာကြီး ဦးခင်ဇော်က ဘောဂဗေဒ သင်တာပါ။ ဆရာကြီး အသင်အပြ ကောင်းပုံကတော့ အခုထိကို ဆရာကြီး သင်ပေးခဲ့တဲ့ ၀ယ်လိုအားတို့ ရောင်းလိုအားတို့ မျှခြေဈေးနှုန်းတို့ သွင်းအားစုတို့ ဆိုတဲ့ စကားလုံးတွေ သဘောတရားတွေကို အကြောင်းတိုက်ဆိုင်တိုင်း မှတ်မိနေတုန်း။ အကြောင်းက ဘာလို့ တိုက်ဆိုင်သလဲ ဆိုတော့ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ပညာရပ်ကို အခုထိ စာတွေ လေ့လာနေရတုန်းမို့လို့ပါ။
ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့ ဘောဂဗေဒကို ဖြည့်စွက်ဘာသာရပ်အဖြစ်နဲ့ ယူရတယ်။ အဲသည်မှာ သင်ပေးတဲ့ဆရာက ဗိုလ်ကြီးသာမိုးအောင်။ ဒါပေမယ့် အဲသည်တုန်းက ဘာတွေ သင်ခဲ့ရသလဲ ဆိုတာ အခုတော့ မေ့နေပြီ။ ထားပါတော့။
နောက် ဘွဲ့ရပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ မဟာဆက်တက်ရင်း အိုင်အာဒီပလိုမာတန်း ပထမဆုံး အပတ်စဉ်ဖွင့်တော့ တက်ဖြစ်တယ်။ ဒီသင်တန်းမှာတုန်းကလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စီးပွားရေး သဘောတရားတစ်ချို့ သင်ခဲ့ရပေမယ့် ခုတော့လည်း မမှတ်မိတော့သလောက်ပါပဲ။ အဲသည်တုန်းက သင်ခဲ့တဲ့ ပါမောက္ခတွေက ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်ကြည် နဲ့ ဒေါ်ကယ်ရယ်အင်ချစ်သာ။ ဆရာမကြီး ဒေါ်မြင့်ကြည်ကတော့ အခု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဖြစ်နေပါတယ်။
၂၀၀၄ ခုနှစ်မှာ အိုင်အာ ဒီပလိုမာရပြီး နောက် ဆယ်နှစ်နီးပါးလောက်ရှိတော့ ရန်ကုန်တက္ကသိုလ်မှာပဲ စီးပွားရေးပညာရပ်တွေ ထပ်ပြီး သင်ခွင့်ကြုံပြန်ရော။ ပထမဆုံး တွေ့တဲ့ဆရာက ဟားဗတ်တက္ကသိုလ်ကျောင်းထွက် ဒေါက်တာ ဂျက်ဖရီရေ့စ်။ သင်တဲ့ ဘာသာရပ်နာမည်က ဘောဂဗေဒ အခြေခံသဘောတရားများ ဆိုပေမယ့် သင်တဲ့စာတွေက မကြားဖူးတာတွေ အများကြီး။ ကောလိပ်ဂျင်နေ၀င်းလို့ ကျွန်တော်တို့က ချစ်စနိုးနာမည်ပေးထားတဲ့ ဆရာကြီးက ကျောင်းသားတွေကို သိပ်သိစေ တတ်စေချင်၊ ဖတ်စရာစာတွေ အသားကုန်ပေး။ ကျောင်းသားတွေကလည်း စာကလွဲရင် အကုန်စိတ်ဝင်စား ဆိုတာမျိုးနဲ့ တွေ့တော့ ဆရာကြီးလည်း စိတ်ညစ်ရှာလိမ့်မယ်၊ ကျွန်တော်တို့လည်း စိတ်ညစ်မိတယ်။ အစကတော့ ဒီပါမောက္ခ ငါတို့ မြန်မာကို နှိမ်လှချည်ရဲ့ အထင်သေးလှချည်ရဲ့ လို့ ထင်မိပြီး စိတ်ညိုငြင်မိတယ်။ ပရိုဂရမ်ဒါရိုက်တာ ဒေါက်တာကားဂျက်ဆင်ကိုတောင် စာရေးမိတယ်။ ကျွန်တော်တို့ဆီကို နောက်တစ်ခါကျရင် ဒီလို အထင်အမြင်သေးတတ် နှိမ်တတ်တဲ့ ဆရာမျိုး မခေါ်ပေးပါနဲ့ ဆိုပြီး။ နောက်တစ်ခုက ဆရာကြီးရဲ့ သင်ကြားတဲ့ ပုံစံ။ ဆရာကြီးက လက်ချာမှတ်စုလည်း မပေး၊ ကားချပ်လည်း မသုံး၊ ပါဝါပွိုင့်လည်း မသုံး ပြောသမျှ လိုက်မှတ်နေရတာမျိုးဆိုတော့ ကိုယ်တွေမှာလည်း တော်တော် ယက်ထွက်နေအောင် လက်ချာလိုက်ရတာ။ (ရှေးတုန်းတော့လည်း ဒီလိုပဲ လက်ချာလိုက်ခဲ့ကြရတာပါပဲ ကိုယ်တွေခေတ်ရောက်တော့မှသာ ပါဝါတွေဘာတွေ ပွိုင့်နိုင်တာကိုး) ကိုယ်သင်ဖူးတဲ့ ဘောဂဗေဒ သဘောတရားတွေနဲ့ သူရဲ့ သင်ကြားမှုနဲ့က တော်တော့်ကို လိုက်နေမှ တန်ကာကျတဲ့ အခြေအနေမျိုး။ ဒါပေမယ့် နောက်ဆုံး အောင်စာရင်းထွက်တော့ High Pass နဲ့ အောင်တယ်ဗျား။ တစ်ချို့ကျောင်းသားတွေဆို Fail တောင် ရကြသတဲ့။ ကိုယ့်ကို အမှတ်ကောင်းကောင်းနဲ့ အအောင်ပေးတော့မှပဲ ဆရာကြီး ဂျက်ဖရီရေ့စ်ကို စိတ်ထဲမှာ မကျေလည်သမျှ သင်ပုန်းချေလိုက်နိုင်သလိုပဲ။ ကန်တော့ပါတယ် ဆရာကြီးခင်ဗျား။ လွန်တာရှိရင် ၀န္ဒာမိပါ။
နောက်တစ်ယောက်ကတော့ စီးပွားရေး ပညာရှင်တစ်ယောက်လို စဉ်းစားနည်း ဆိုတဲ့ ဘာသာရပ်ကို သင်တဲ့ စတန်းဖို့ ယူနီဗာစီတီကျောင်းထွက် ပါမောက္ခ ဒေါက်တာပီတာဝါး။ ဆရာကြီးက စီးပွားရေးပညာကို ဗုဒ္ဓဘာသာရှုထောင့်နဲ့လည်း သုံးသပ်ပြလေ့ရှိတယ်။ ဆရာကြီး ပီတာဝါးကတော့ စောစောကပြေခဲ့တဲ့ ကောလိပ်ဂျင်နေ၀င်းနဲ့ တစ်ခြားစီပဲ။ စာကို သေသေချာချာကို နားလည်ရေရာအောင် သင်ပေးပြီးတော့ သဘောလည်း အင်မတန်ကောင်းတယ်။
သြစတေးလျအမျိုးသားတက္ကသိုလ်ကျောင်းထွက် ဒေါက်တာပီတာမက်ကောလေး ကလည်း ဆရာကြီး ပီတာဝါးလိုပဲ သဘောကောင်းတယ်။ စာသင်တာလည်း ခေါင်းထဲကို စွဲနေအောင် သင်ပေးနိုင်တယ်။ ဆရာကြီးသင်တဲ့ မက်ခရိုစီးပွားရေးဆိုတာ ပထမဆုံး သင်ဖူးတာ ဖြစ်ပေမယ့် လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း နားစွဲသွားအောင် သင်နိုင်တဲ့ ပါမောက္ခတစ်ယောက်ပါပဲ။
မိုက်ခရိုစီးပွားရေးဘာသာရပ်ကို သင်တဲ့ ဆရာကတော့ Tufts University ကျောင်းထွက် ပါမောက္ခ လက်ဇ်ရက်ဖယ်။ ဒီဆရာကျတော့ ကျော်ဟိန်းငယ်ငယ်ကလို စတိုင်များလို့ ကျောင်းသားတွေက ကျော်ဟိန်းလို့ ခေါ်ကြတယ်။ ဆရာကြီးက အိမ်စာပေးတာတော့ ကြမ်းတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး ဒေတာတွေ လိုက်စုပြီး လုပ်ရမယ့် အိမ်စာများ ပေးလို့ကတော့ သွားပြီ။ ဒေတာတွေ စုရတာ အစုံကလည်း မရ။ ရသမျှလေးနဲ့ အိမ်စာလုပ်ပြန်တော့ ဆရာ့ဆီက ပြန်လာတဲ့ မှတ်ချက်တွေကလည်း ဖတ်ရဲစရာတောင် မရှိအောင် ပြတ်သားပွင့်လင်းလွန်းတော့။ အိမ်စာပေးပြီးရင် မှတ်ချက်ပြန်ပြောမှာကို ကြောက်နေရတဲ့ ဆရာမျိုး။ ဒါပေမယ့် ဆရာနဲ့ ဆရာကတော်နဲ့က ဟောပြောပွဲတွေဘာတွေရှိရင် မြန်မာအမျိုးသားဝတ်စုံ ၀တ်ကြတာတော့ တော်တော် ကြည့်ကောင်းသဗျ။
အပေါ်မှာ ပြောပြခဲ့တာကတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ လာဖွင့်တဲ့ အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က အိုင်အာသင်တန်းမှာ ကြုံခဲ့ရတဲ့ စီးပွားရေး ဆရာတွေပါ။
အခုလက်ရှိ ဆရာကတော့ ကျွန်တော့်ရဲ့ ယောဂသင်တန်းနည်းပြလည်း ဖြစ် စီးပွားရေးပညာရှင်လည်း ဖြစ်တဲ့ ပါမောက္ခ ကိုရေး။ ဆရာက သီရိလင်္ကာနိုင်ငံသား ဆိုပေမယ့် စကားပြောရင် ကုလားသံ သိပ်မ၀ဲဘဲ နားထဲမှာ ရှင်းနေအောင် ပြောတယ်။ အတန်းထဲမှာ ဆိုရင်လည်း ရွှင်လန်းတက်ကြွပြီး ပျော်စရာစာသင်ချိန်လေးတွေ ဖန်တီးတတ်တယ်။ ထမင်းစားပြီး ပြန်တက်ရတဲ့ အချိန်တွေမှာ ဆိုရင်လည်း အိပ်ငိုက်တဲ့သူကို နောက်မငိုက်ရဲအောင် ပညာပေးတတ်တယ်။
စီးပွားရေး ဆရာတွေအကြောင်း ပြောပြီးပြီဆိုတော့ ဘောဂဗေဒ ပါမောက္ခတွေရဲ့ တူညီတဲ့ အချက်တစ်ချို့ကို နောက်တစ်ခေါက်ကျ ပြောပြပါ့မယ်။ လောလောဆယ်တော့ နက်ဖြန်တက်ရမယ့် နိုင်ငံခြားရေးမူဝါဒ လေ့လာသုံးသပ်ချက်အတန်းမှာ ပါမောက္ခမျိုးရဲ့ မေးခွန်းတွေ ဖြေနိုင်အောင် စာဖတ်လိုက်ပါအုံးမယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။
No comments:
Post a Comment