Friday 7 November 2014

Flea Market

 

    ဂျပန်နိုင်ငံမှာ အစစအရာရာ ဈေးနှုန်းကြီးမြင့်တယ်ဆိုတာ အရင်ကတည်းက ကြားဖူးခဲ့ပေမယ့် တစ်ကယ်ရောက်လာတဲ့အခါ ထင်တာထက် ဈေးကြီးနေတာကို တွေ့ရပါတယ်။ ပစ္စည်းတစ်ခု ၀ယ်ခါနီးရင် မြန်မာဈေးနဲ့ မတွက်နဲ့လို့ စီနီယာတွေက အမြဲပြောပါတယ်။ ဥပမာ လီတာဝက် ရေသန့်တစ်ဗူးကို ယန်းတစ်ရာ့သုံးဆယ်ဆိုပါစို့။ မြန်မာငွေ တစ်ထောင်ကျော်ပါတယ်။ ဒီလိုသာ မြန်မာငွေနဲ့ တွက်နေရင် ဘာမှလည်း ၀ယ်ဖြစ်မှာ မဟုတ်ဘူး ဘာမှလည်း စားဖြစ်မှာ မဟုတ်ဘူးတဲ့။
တစ်ပြည်ရပ်ခြားမှာ နှစ်နဲ့ချီပြီး နေမယ့်သူအတွက် မြန်မာပြည်က နိုင်သလောက် သယ်သွားခဲ့တယ် ဆိုပေမယ့် အကုန်တော့လည်း မသယ်နိုင်ပါဘူး။ ဂျပန်နိုင်ငံရောက်မှ ၀ယ်မယ်ဆိုရင်လည်း ဈေးတွေက ကြီးလွန်းတာကတစ်ကြောင်း မြန်မာပြည်ကို ပြန်ရင် သယ်ဖို့ခက်တာကတစ်ကြောင်းဆိုတာရယ် နှစ်ရှည်လများ အသုံးလိုအပ်နေမှာရယ် တွေ အားလုံးကို ထည့်တွက်ရပါတယ်။ ဒီလိုကျောင်းသားတွေအတွက် ဂျပန်ပြည်က ချစ်စရာကောင်းတဲ့ စနစ်လေးကတော့ အဟောင်းဆိုင်လေးတွေ ရှိနေတာပါပဲ။
    တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် အဆောင်က တစ်ယောက်ခန်းမှာ ပြည့်စုံသလောက် ရှိပေမယ့် လိုအပ်တာလေးတွေလည်း ရှိနေပါတယ်။ ကျွန်တော့်ရဲ့ လိုအပ်ချက်လေးတွေ ဘယ်လို ပြည့်စုံအောင်လုပ်ခဲ့သလဲဆိုတာ ပြောပြပါမယ်။
    ပထမဆုံးကတော့ မနှစ်က ကျောင်းပြီးသွားတဲ့ မြန်မာကျောင်းသားတွေ ထားခဲ့တဲ့ ပစ္စည်းတွေကို မဲနှိုက်ပြီး အမွေဆက်ခံတာပါ။ မနှစ်က ကျောင်းပြီးလို့ ပြန်သွားကြတဲ့ မြန်မာကျောင်းသားတွေက အမွေအနှစ်ထားချန်ရစ်တဲ့ ပစ္စည်းတွေကို ကျန်ခဲ့တဲ့ ဒုတိယနှစ်ကျောင်းသားတွေက ဂိုဒေါင်တစ်ခုမှာ သိမ်းထားပေးပြီး မြန်မာကျောင်းသားအသစ်တွေ စုံစုံညီညီ ရောက်တဲ့အချိန်မှာ နံပတ်တပ်ပြီး မဲဖောက်ပေးတာပါ။ ကျွန်တော်က ကံကောင်းထောက်မစွာ ရေခဲသေတ္တာအကြီးကြီးတစ်လုံး မဲပေါက်ပါတယ်။ အဟောင်းဈေးမှာဆို အနည်းဆုံး ဂျပန်ယန်း ငါးထောင်လောက် ပေးရမယ့် ၊ အသစ်ဆိုရင် အနည်းဆုံး ယန်း နှစ်သောင်းခွဲ သုံးသောင်းလောက်ပေးရမယ့် တံခါးနှစ်ပေါက်ပါ ဆန်ညိုတံဆိပ် ရေခဲသေတ္တာဟာ ကိုယ့်ဘာသာကိုယ် ချက်စားရမယ့် ကျောင်းသားဘ၀အတွက် မရှိမဖြစ်ကို အသုံးဝင်လှပါတယ်။ ဒီရေခဲသေတ္တာကြီး ထားသွားတဲ့ ကျောင်းသားကိုရော၊ အားလုံးကို စုစည်းဦးဆောင်ပေးတဲ့ ပါမောက္ခမျိုး အပါအ၀င် ဂျူနီယာတွေကို ဖေးမကူညီကြတဲ့ စီနီယာကျောင်းသား အားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ မှတ်တမ်း ပြုလိုက်ပါတယ်
    ဒုတိယကတော့ စက်တင်ဘာလ ၂၁ ရက် တနင်္ဂနွေနေ့ မနက် ဆယ့်တစ်နာရီကနေ ဆယ့်နှစ်နာရီထိဖွင့်တဲ့ SFC ဆိုတဲ့ ဈေးတန်းလေးပါ။ မြို့ထဲက ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ Snow Flakes Club က လာဖွင့်တာပါ။ ပစ္စည်းအဟောင်းမျိုးစုံကို ဈေးသက်သက်သာသာနဲ့ လာရောင်းပေးတာပါ။ ပစ္စည်းဟောင်းဆိုပေမယ့် ကျွန်တော်ရလိုက်တဲ့ ပစ္စည်းလေးတွေကတော့ အိမ်မှာ ၀ယ်ထားပြီး မသုံးဖြစ်လို့ ရောက်လာတဲ့ ပစ္စည်းလေးတွေ ဖြစ်ဟန်တူပါတယ်။ ကော်ဖီခွက်လေးတွေ ဇွန်းခက်ရင်း ပန်းကန်ခွက်ယောက် အနွေးထည် စောင် စသည်ဖြင့် စုံစုံလင်လင်လေး ခင်းကျင်းထားတာပါ။ ဈေးဆစ်လို့ ရတယ်ဆိုပေမယ့် ပစ္စည်းလေးတွေက ဈေးချိုပြီးသားမို့ မဆစ်ဖြစ်ပါဘူး။ ဂျပန်နိုင်ငံသားတွေရဲ့ စည်းစနစ်ကို ပထမဆုံးစတင်သဘောက်ပေါက်မိတာက ဒီဈေးလေးကို တွေ့ပြီးမှပါ။ ဆယ့်တစ်နာရီမှာ ဈေးစဖွင့်တယ်ဆိုပေမယ့် ဆယ်နာရီ လေးဆယ့်ငါးလောက်မှာ ခင်းကျင်းပြီး အသင့်ဖြစ်နေပါတယ်။ ၀ယ်မယ့်သူတွေလည်း သူ့ထက်ငါ ကြိတ်ကြိတ်တိုးနေပါပြီ။ ဒါပေမယ့် ဆယ့်တစ်နာရီ မထိုးမချင်း ဈေးစမရောင်းပါဘူး ခင်ဗျာ။ အချိန်တိကျတယ်ဆိုတာ အဲသလိုကို တိကျကြတာပါ။ စောစောခင်းပြီးလို့ စောစော စရောင်း မြန်မြန်ကုန် နားအေးတာပဲဆိုတဲ့ သဘောမျိုး ရှိပုံမရပါဘူး။ ရှေ့မှာ ကြိတ်ကြိတ်တိုးနေတဲ့ ဈေးဝယ်မယ့်သူတွေကိုလည်း အားနာပုံမရပါဘူး။ ဒါကတော့ ကျွန်တော် သတိထားမိလိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲဒီဈေးမှာ ခင်းထားပြီး မရောင်းတာကတော့ အင်္ကျီချိတ်တွေပါ။ ပစ္စည်းဝယ်တဲ့သူတွေကို တစ်ခုစီ လက်ဆောင်ပေးတာပါ။
    အခန်းထဲက ကျွန်တော့်အတွက် မရှိမဖြစ်သဘောမျိုး လိုအပ်တဲ့ ပစ္စည်းတွေကို ရလိုက်တာကတော့ မနှစ်က ကျောင်းသားဟောင်းတွေဆီက ပစ္စည်းတွေကို ကျောင်းသားအဖွဲ့တစ်ဖွဲ့က ကောက်ပြီး ဈေးချိုချိုနဲ့ ပြန်ရောင်းပေးတဲ့ ကျွန်တော်တို့က ဖရီးမတ်ကက်လို့ခေါ်တဲ့ Flea Market ဖြစ်ပါတယ်။ တကယ့်ကို ကျောင်းသား ဈေးပွဲတော်ကြီးပါပဲ။ ကျောင်းပြီးလို့ ပြန်သွားကြတဲ့ ကျောင်းသားတွေ ထားရစ်ခဲ့တဲ့ ပစ္စည်းတွေ ဖြစ်တာမို့ အဆောင်နေ ကျောင်းသားတွေအတွက် တကယ်အသုံးဝင်တဲ့ ပစ္စည်းတွေချည်းပါပဲ။ ဈေးပွဲတော် လုပ်မယ့်ရက်ကို ကြိုတင်ကြေညာထားပါတယ်။ အရင်ဦးသူ အရင်ယူစနစ်လို့လည်း ကြေညာထားပါတယ်။ ကျောင်းအားကစားရုံထဲမှာ ခင်းကျင်းထားတာမို့ မတိုင်ခင် တစ်ရက်ညနေခင်းမှာ အားကစားခန်းမသွားရင် ခင်းကျင်းထားတဲ့ ပစ္စည်းတွေကိုကြည့်ပြီး ရွေးထားမိပါတယ်။ တကယ့်နေ့ မနက်ခင်းမှာ အိပ်ယာက အစောကြီး နိုးပေမယ့် လူတွေမတွေ့သေးဘူးလေဆိုပြီး အချိန်ကပ်မှ သွားမိတာ တကယ်ကို နောင်တရမိပါတယ်။ ရှစ်နာရီ မတ်တင်းလောက်ရောက်တော့ ကျွန်တော်က တန်းစီထားတာ နံပါတ် ၉၅ ဖြစ်နေပြီ။ ဒါပေမယ့် ဈေးစဖွင့်တဲ့ ရှစ်နာရီမှာ ချက်ချင်း ၀င်သွားနိုင်တာမို့ လိုချင်တာ အားလုံးနီးပါး ရလာခဲ့ပါတယ်။ ရောင်းချတဲ့ ပစ္စည်းတွေကတော့ ရေခဲသေတ္တာ၊ စာအုပ်စင်၊ စောင်၊ အနွေးထည်၊ နှင်းစီးဖိနပ်၊ ရှူးဖိနပ်၊ အ၀တ်စင်၊ မီးဖိုခြင်း*၊ ပက်လက်ကုလားထိုင်၊ တံမျက်စည်း၊ ကြမ်းတိုက်တံ၊ စာကြည့်မီး၊ မီးပူ၊ ရေနွေးကြိုအိုး၊ ထမင်းပေါင်းအိုး၊ ကော်ဇော **ကလေးအသုံးဆောင်လေးတွေပါ။ *မီးဖိုခြင်းဆိုတာက အဆောင်မှာ မီးဖိုချောင်က တစ်ခုတည်းရှိပြီး ကျောင်းသားတွေ မျှဝေ သုံးကြရပါတယ်။ ထမင်းချက်ဖို့ မီးဖိုကိုသွားရင် ပန်းကန်ခွက်ယောက် ဇွန်းခက်ရင်း ဟင်းချက်စရာ ဓားကတ်ကြေး စသည်ဖြင့် ခြင်းတစ်ခုထဲမှာ အားလုံးထည့်ပြီး သွားကြလေ့ရှိပါတယ်။ ဈေးပွဲတော်က မီးဖိုခြင်းထဲမှာ အိုးခွက်ပန်းကန် ဇွန်းခက်ရင်းအပြင် အင်္ကျီချိတ်လေးတွေပါ ထည့်ထားပေးပါတယ်။ **ကျွန်တော်တို့ကျောင်းဟာ ဘွဲ့လွန်တက္ကသိုလ်ကျောင်းမို့ မိသားစုအဆောင်တစ်ဆောင် သတ်သတ်ထားထားပေးပြီး မိသားစုပါ လိုက်နေလို့ရတဲ့ ကျောင်းဖြစ်လို့ ကလေးတွေလည်း ပါလာတာရှိပါတယ်။ ဈေးပွဲတော်မှာ ဈေးဝယ်ပြီးတဲ့အချိန်မှာ ပစ္စည်းတွေကို အခန်းကိုပို့ဖို့ အချိန်မရတော့ပါဘူး။ နာဂါအူကာကိုသွားမယ့် ဈေးကားက ကိုးနာရီမှာ ထွက်မှာမို့ ညီမလေးတစ်ယောက်ကို အကူအညီတောင်းပြီး ပစ္စည်းတွေ အပ်ထားခဲ့ရပါတယ်။ ပစ္စည်းတွေ လက်ခံထားပေးတဲ့ ညီမလေးက စိတ်သဘောထား ကောင်းကောင်း စေတနာ ပါပါနဲ့ ပစ္စည်းတွေကို အခန်းထဲထိ အရောက် ပို့ပေးထားပါတယ်။ ညီမလေး အေးအေးမြတ် ကို ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်လိုက်ပါတယ်။ ပြီးတော့ ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ၀ယ်လို့ ရအောင် စီစဉ်ပေးတဲ့ လာအိုနိုင်ငံက ဈေးပွဲတော် ကျောင်းသားအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။
     ဂျပန်လို စကားမတတ် နားမလည်တဲ့ ဗိုလ်ကောင်းတစ်ယောက် အင်္ဂလိပ်လိုမတတ် နားမလည်တဲ့ ဂျပန်ဆိုင်တွေမှာ ဘယ်လို ဈေးဝယ်ရသလဲဆိုတာ နောက်တော့ ရေးပြပါ့မယ်။ ရွှင်လန်းချမ်းမြေ့ပါစေဗျ ###

No comments:

Post a Comment