Sunday 30 November 2014

အလင်းရောင်

           အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ်ခုခု ထွက်ပြောပေးစေချင်တယ်လို့ အရင်တစ်ခေါက်က ညီငယ် ညီမငယ်များသို့ ဆိုတဲ့ စာထဲမှာ ထည့်ရေးဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတစ်ယောက် ဦးစီးရေးဆွဲခဲ့တဲ့ ဥပဒေမို့လို့လည်း မြော်လင့်ချက် အများကြီး ထားခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဦးစီးရေးဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက တစ်ခုခု ပြောလာမှာကိုလည်း ဒီရက်ပိုင်းတွေမှာ နားစွင့်နေခဲ့မိပါတယ်။

ပြီးခဲ့တဲ့တစ်ရက်က ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။ အဆိုကတော့ လွှတ်တော်မှာ ဥပဒေတွေ ပြဌာန်းခဲ့ပေမယ့် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက နည်းဥပဒေတွေ ထုတ်ပြန်တာ လိုအပ်ချက်တွေ ရှိနေတာမို့ ဥပဒေတွေကို အသက်ဝင်ဆောင်ရွက်မှု အားနည်းတဲ့အကြောင်း အဓိက ထောက်ပြသွားတာပါ။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေမှာလည်း နည်းဥပဒေ မရှိသေးဘူးလို့ ပြောမိလို့ နည်းဥပဒေထွက်ပြီးပါပြီဆိုပြီး သက်ဆိုင်ရာက ပြန်လည်ရှင်းလင်းတာလည်း ကြားသိရပါတယ်။ သူ့ဘာသာ သတင်းအချက်အလက် အားနည်းလို့ မှားသွားတဲ့ ကိစ္စကိုတော့ မပြောလိုပါဘူး။ ဒါက သူ့တို့ကိုယ်တိုင်ရဲ့သမိုင်း၊ သူတို့ အဖွဲ့အစည်း သတင်းအချက်အလက် ထောက်ပံ့နေသူတွေရဲ့ သမိုင်းဖြစ်ပါတယ်။ ပြောလိုတာကတော့ အရေးကြီးအဆို တင်သွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားတွေထဲမှာ ကျွန်တော် စောင့်မျှော်နားစွင့်နေတဲ့ အကြောင်းအရာ ပါလာခဲ့တာကိုပါပဲ။ ပြောခဲ့တဲ့အတိုင်း တိုက်ရိုက်ရေးပြပါရစေ။

''အရေးကြီးတဲ့ဥပဒေတစ်ခုက အမျိုးသားပညာရေးဥပဒေပါပဲ။ အဲဒီ ဥပဒေဟာ အများသိတဲ့အတိုင်း အခုဆိုရင် ဒီဥပဒေရဲ့အပေါ် ကျောင်း သားများဟာ ဆန္ဒပြနေကြတယ်။ အမျိုးသားပညာရေးဥပဒေဟာ ကျွန်မ တို့နိုင်ငံရဲ့ အခုပစ္စုပ္ပန်အတွက်သာ မဟုတ်၊ အနာဂတ်အတွက် အင်မတန် မှ အရေးကြီးတဲ့ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကိုရေးဆွဲတဲ့နေရာမှာ အချိန် ယူပြီးတော့ သက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်မှုနဲ့ ရေးဆွဲခဲ့တာပါ။ အခုထိ တော့ နည်းဥပဒေ မထွက်သေးပါ ဘူး။ မထွက်သေးသရွေ့တော့ ဒီအမျိုးသားပညာရေး ဥပဒေဟာ ဘယ်လိုထိရောက်မှုရှိတယ်၊ မိမိတို့ဘဝ အတွက် ဘယ်လို ပတ်သက်မယ်ဆို တာကို ကျောင်းသားလူငယ်များဟာ မသိနိုင်ပါဘူး။ အမျိုးသားပညာရေး ဥပဒေနဲ့ဆက်စပ်နေတဲ့ နည်းဥပဒေ တွေ အမြန်ဆုံးထုတ်ပြန်ပေးဖို့ လို ပါတယ်။ ဒါမှလဲ ကျောင်းသားတွေ ရဲ့မကျေနပ်ချက်တွေကို သေသေချာချာ ဆွေးနွေးပြီးတော့ ညှိနှိုင်းတိုင်ပင် ပြီးတော့ အဖြေရှာနိုင်မှာဖြစ်ပါတယ်'' လို့ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အဆိုထဲမှာ ထည့်ပြောသွားတာပါ။ ပြောသွားခဲ့တဲ့ စကားတွေကိုတော့ ထပ်ပြီး အဓိပ္ပာယ် ဖွင့်ဆို မပြတော့ပါဘူး။

ဒီစကားကို ကြားရတော့ ကျွန်တော်ပျော်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရစဉ်က အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သူမ ပြောကြားခဲ့တာတွေကိုလည်း အခု ဆွေးနွေးချက်တွေက ထပ်လောင်း အတည်ပြုလိုက်သလိုပါပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေက ကျယ်ကျယ်ပျံ့ပျံ့ ရေးသားဆွေးနွေးကြမယ်။ ဆန္ဒပြနေတယ်ဆိုတဲ့ ကျောင်းသားကျောင်းသူတွေဆီကို သတင်းစကား ပါးကြလိမ့်မယ်လို့ အမျှော်လင့်ကြီး မျှော်လင့်လိုက်မိပါတယ်။

ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ။ ကျွန်တော် မှားခဲ့ပါတယ်။ ကျွန်တော့်အထင်တွေ မှားခဲ့မိပါတယ်။ ကျွန်တော့်မျှော်လင့်ချက်တွေ ပျက်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ဒီစကားဟာ တကယ်တော့ တော်တော်ကို တာသွားတဲ့ စကားပါ။ ဆန္ဒပြနေသူတွေအပေါ်ကို တော်တော်ကို အကျိုးသက်ရောက်မှု ရှိစေတဲ့ စကားပါလို့ ကျွန်တော်က ယူဆခဲ့ပေမယ့် မီဒီယာတွေကတော့ ယူဆခဲ့ဟန် မရှိပါဘူး။ မူရင်းအကြောင်းအရာထက် မိတ်ကပ်လိမ်းခြယ် လိုရာပုံသွင်းပြီးမှ လက်ဆင့်ကမ်းကြတဲ့ မီဒီယာတွေရဲ့ ကျေးဇူးရယ်၊ ၀ါဝါမြင်တိုင်း ရွှေအစစ်ထင်ကြတဲ့ မောင်မင်းကြီးသား မယ်မင်းကြီးမများရယ် ပေါင်းလိုက်တော့ ဘာမဟုတ်တဲ့ မလိုတစ်မျိုး လိုတစ်မျိုး အပြစ်တင်ဝေဖန်ကြတာတွေသား မကြားချင် မမြင်ချင်တစ်ဆုံး ထွက်လာပြီး တကယ်အနှစ်သာရဖြစ်တဲ့ အခုအချိန်မှာ ရေပန်းစားနေတဲ့ အမျိုးသားပညာရေးဥပဒေ ကန့်ကွက် ဆန္ဒပြကျောင်းသားများဆီကို အဖိုးတန်တဲ့ သတင်းအချက်အလက်တွေ ရောက်သွားဟန် မတူပါဘူး။

ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုသာဆိုရင်ဖြင့် နိုင်ငံရဲ့ အနာဂတ်အတွက် စိတ်အားထက်သန်မှုတွေ သတ္တိတွေ အပြည့်ရှိနေတဲ့ ကျွန်တော်တို့ ညီငယ် ညီမငယ်တွေကို ဘယ်သူတွေကများ လမ်းပြကြမှာပါလိမ့်။ ဘယ်သူတွေကများ အလင်းရောင်ပေးကြမှာပါလိမ့်။ စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ကိုယ်ကို ခံယူတဲ့ မီဒီယာများကို တစ်ခုလောက် တောင်းဆိုချင်ပါတယ်။ စောင်ရေတက်အောင်လည်း လုပ်ကြပါ။ ပိုက်ဆံလည်း ရှာကြပါ။ အရေးကြီးဆုံးဖြစ်တဲ့ အလင်းရောင်ပေး တည့်မတ်လမ်းညွှန်မှု တာဝန်ကိုလည်း မပျက်မကွက် ထမ်းဆောင်ပေးကြပါလို့ မျှော်လင့်တကြီး တောင်းဆိုလိုက်ပါတယ်။

( http://myanmaronlinenew.blogspot.jp/2014/11/blog-post_879.html )

No comments:

Post a Comment