ကျောင်းသားက ပညာရပ်ဆိုင်ရာ တင်ဆက်မှုတစ်ခုကို လုပ်တာ တစ်နာခွဲတောင် အချိန်ပေးတယ်ဆိုတော့ မများလွန်းဘူးလား ဆရာရယ်။ အဖွဲ့လိုက်လုပ်တယ် ဆိုအုံးတော့ မိနစ်နှစ်ဆယ်ဆို လုံလောက်ပါပြီ။ ဘာသာရပ် တင်ဆက်မှုတွေ အများကြီး လုပ်ခဲ့ဖူးပေမယ့် တစ်နာခွဲကြာအောင်တော့ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူးဆရာရယ်။ ဒီတစ်ခါကတော့ တစ်ကယ့်ကို စံချိန်သစ် တင်လိုက်ရပါပြီ။ မေးခွန်းတွေအားလုံးကို ဖြေအပြီး ကျေးဇူးတင်စကားပြောအပြီး ပြန်ထိုင်တဲ့ အချိန်ကျမှ ဘယ်လောက်တောင် စကားတွေ အများကြီး ပြောဖြစ်ခဲ့သလဲ ဆိုတာ ကိုယ့်ဘာသာ သတိရမိတော့တယ်။ မောလိုက်တာ ရေငတ်လိုက်တာဗျာ။
လူ့အခွင့်အရေး သင်ခန်းစာအတွက် တင်ဆက်မှု လုပ်ရမယ် ဆိုတော့ မြန်မာပြည်ထဲမှာ ရှိခဲ့တဲ့ ချင်းပြည်နယ်က ဖြစ်ရပ်လေး နှစ်ခုကို တင်ဆက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ချင်းပြည်နယ်က ဖြစ်ရပ်ကို ရွေးချယ်ဖြစ်တဲ့ အဓိက အကြောင်းရင်းက ချင်းပြည်နယ်က တောတောင်ရေမြေ နဲ့ ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာအလှအပလေးတွေကို တင်ဆက်ချင်တာကြောင့် ဒီခေါင်းစဉ်ကို ရွေးလိုက်ရတာပါ။ အကြောင်းအရာကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း အထုပ္ပတ္တိ မမြော်လင့်သောခရီးရှည် စာအုပ်မှာ ရေးထားတဲ့ ချင်းပြည်နယ်က ရိုးရာဓလေ့လေး နှစ်ခုအကြောင်းပါ။ အ၀တ်အစားမယ်မယ်ရရ ၀တ်တာမျိုးမရှိခဲ့တဲ့ နာဂတိုင်းရင်းသားတွေကို ကမ္ဘာစိုးဘောင်းဘီဝတ်အောင် စည်းရုံးဝတ်ဆင်စေခဲ့တာရယ် ပန်အိမ်လို့ခေါ်တဲ့ အပျိုလူပျိုတွေ့ကြတဲ့ ရိုးရာဓလေ့အိမ်လေးတွေကို ဖျက်သိမ်းစေခဲ့တာရယ် ဆိုတဲ့ ကိစ္စလေး နှစ်ခုကို မြန်မာပြည်က လူ့အခွင့်အရေးသမားတစ်ချို့က ဝေဖန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၇ မှာလည်း လူတိုင်းဟာ လူမှုအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဘ၀မှာ လွတ်လပ်စွာပါဝင်ခွင့်ရှိတယ်လို့ ဆိုထားတော့ အထက်မှာ ပြောခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကို လူ့အခွင့်အရေး ရှုထောင့်ကနေကြည့်ပြီး ပြောကြမယ့် ကမ္ဘာ့အရပ်ရပ်က ကျောင်းသားကျောင်းသူတွေရဲ့ အမြင်ကို သိချင်လို့ ရွေးချယ်လိုက်တာလည်း ပါပါတယ်။
ဒီခေါင်းစဉ်နဲ့ ကျွဲကူးရေပါ ဆိုသလို ချင်းပြည်နယ်ရဲ့ သဘာဝ အလှလေးတစ်ချို့ကိုလည်း တင်ပြခွင့်ရခဲ့ပါတယ်။ ကျောင်းသားအများစုကတော့ ဒီကိစ္စနှစ်ခုဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ မရောက်ဘူး ဆိုတဲ့ ထင်မြင်ချက်ကို ပေးခဲ့ပါတယ်။ သိပ်ပြီး မမျှော်လင့်ထားတဲ့ စစ်မျက်နှာက ၀င်လာတဲ့ တိုက်စစ်တွေကတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပြင်ပကမ္ဘာမှာ ကြားထားသိထားတာတွေကို မေးခွန်းထုတ်ကြတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကိုလည်း မေးတဲ့သူတွေ စိတ်ကျေနပ်အောင် ဖြေနိုင်ခဲ့ပါတယ်။ မေးခွန်းနဲ့ အဖြေတစ်ချို့ကို တင်ပြလိုပါတယ်။ မေးခွန်းတွေ မေးမြန်းဆွေးနွေးနိုင်ပါပြီလို့ ဖိတ်ခေါ်လိုက်တော့ ဘယ်သူမှ မမေးခင် ပါမောက္ခက အရင်မေးပါတယ်။ မင်းတို့ ထင်မြင်ယူဆတာတွေကို လွတ်လွတ်လပ်လပ် ပြောလို့ ဖြစ်ရဲ့လားတဲ့။ ကျွန်တော်လည်း ပြန်ဖြေလိုက်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကဆိုရင်တော့ ဖြစ်ကောင်းမှ ဖြစ်ပေမယ့်လို့ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနေပြီမို့လို့ ဘယ်သူ့ကိုမှလည်း မထိခိုက်ဘဲ နိုင်ငံအတွက်လည်း အကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့ ထင်မြင်ချက် ယုံကြည်ချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်ဆရာ ဆိုတော့မှ အိုကေ တဲ့။
ပထမမေးခွန်းက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို ဘယ်လိုသဘောထားသလဲ ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော့်အဖြေက နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာပြည်မှာ မရှိပါဘူးလို့ လက်ရှိအစိုးရ တက်လာကာစ အချိန်ထိအောင် အစိုးရက အစဉ်တစိုက် ပြောကြားနေခဲ့တာပါ။ လွှတ်တော်တွေ စတင်ကျင်းပတဲ့အချိန် မကြာခင်မှာပဲ လွှတ်တော်အမတ်တစ်ယောက်က ဒီလို အကျဉ်းသားတွေကို လွှတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်ပြီး မကြာခင်မှာပဲ နိုင်ငံရေးအကျဉ်းသားဆိုသူတစ်ချို့ လွတ်မြောက်လာခဲ့ပါတယ်။ သိပ်မကြာခင်ကပဲ လက်ရှိ အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကိစ္စကို လက်ခံလာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဆိုတာမျိုးကို ဖွဲ့စည်းပြီးတော့ စိစစ်စေခဲ့တဲ့အတွက် အစိုးရက တရားဝင် အသိအမှတ်ပြုလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်အမြင်ကို ပြောပြရရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေပါတယ်ဆိုတဲ့ လက်ရှိအာဏာလက်ရှိ သူတွေနဲ့ သဘောထား ကွဲလွဲလို့ အကျဉ်းချ ခံထားရတဲ့ ဘယ်သူ့ကိုမဆို အကျဉ်းထောင်တွေထဲမှာ ဆက်ပြီး မရှိစေချင်တာ အမှန်ပါပဲ။ လူတိုင်းမှာလည်း ကျွန်တော့်လို အမြင်မျိုး ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူက နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး ဘယ်သူက ရာဇ၀တ်အကျဉ်းသားလဲ ဆိုတာကတော့ သီးခြား ခေါင်းစဉ်တစ်ခုပါ။ အဲဒါကို ဘယ်လို သတ်မှတ်သလဲ ဆိုတာကတော့ ကျွန်တော့်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်လို့ ဒီနေရာမှာ ထည့်သွင်း မဆွေးနွေးလိုပါဘူး လို့ ဖြေကြားခဲ့ပါတယ်။
ဒုတိယ မေးခွန်းကတော့ တိုင်းရင်းသားတွေအပေါ်မှာ အစိုးရက ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိပါသလဲ ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော့်ရဲ့ အဖြေက ဒီလိုစွပ်စွဲမှုမျိုးတွေ ပြင်ပကမ္ဘာမှာ ရှိနေတယ်ဆိုတာ ကျွန်တော်လည်း ကြားမိပါတယ်။ တိုင်းရင်းသားတွေအပေါ်မှာ အစိုးရက ဒီလို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာကတော့ ခပ်ရှင်းရှင်းပြောရရင် လုံးဝ မရှိပါဘူး။ မေးသူအနေနဲ့လည်း အချက်အလက်အပြည့်အစုံနဲ့ မေးတာမဟုတ်ဘဲ ကြားမိတာကို မေးတာဖြစ်တဲ့အတွက် ကျွန်တော်ဖြေတာကို အားရမှု ရှိချင်မှ ရှိပါလိမ့်မယ်။ ဒီကိစ္စကို ရှင်းပြရရင် ခိုင်မာတိကျတဲ့ အချက်အလက်တွေ အများကြီးနဲ့ ပြောပြရမှာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ ဒီလိုကိစ္စမျိုးတွေ မရှိဘူးလို့ပဲ မှတ်ထားပေးပါလို့ ဖြေကြားခဲ့ပါတယ်။
တတိယမေးခွန်းက တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီမေးခွန်းကို အရင်ကြုံခဲ့တဲ့ ပါမောက္ခတိုင်းကလည်း မေးခဲ့တာတွေ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ အရင်တပ်မတော်အစိုးရက အခုဒီမိုကရေစီအပြောင်းအလဲကို ဘာကြောင့် လုပ်ပေးခဲ့တာလဲ ဘယ်လို လုပ်ပေးခဲ့တာလဲ ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းရဲ့ ပထမပိုင်းကို ဖြေရရင် ပါရဂူစာတမ်းတစ်စောင်စာလောက် ရှင်းပြမှ လိပ်ပတ်လည်မယ်ထင်ပါတယ်။ ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော်လည်း ဘက်ပေါင်းစုံက ခြုံငုံမိအောင် ဖြေနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ဒီအပိုင်းကို မဖြေကြားလိုပါဘူး။ မေးခွန်း ဒုတိယပိုင်းဖြစ်တဲ့ ဘယ်လိုပြောင်းလဲခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၈၈ ခုနှစ် တပ်မတော်က တာဝန်ယူတာကနေ ၂၀၁၁ ခုနှစ်မှာ လက်ရှိအစိုးရကို အာဏာလွှဲတာ၊ လက်ရှိအစိုးရကိုလည်း အစပိုင်းမှာ အမေရိကန်စတဲ့ နိုင်ငံကြီးတွေက ဟက်ဟက်ပက်ပက် မရှိ၊ ယုံကြည်မှု မရှိ ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ရှိလာတာ။ လူရာသွင်း ဆက်ဆံလာတာ။ နိုင်ငံတကာမှာ မျက်နှာပွင့်လန်းလာတာတွေ၊ လက်ရှိစိန်ခေါ်မှုတွေ ရှိတဲ့ကြားကပဲ လမ်းကြောင်းမှန်ပေါ်တက်ပြီး ဒီမိုကရေစီရှေ့ခရီးကို ဆက်လက် ချီတက်နေတာတွေ ရှင်းပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဖြေကြားချက်တွေထဲမှာ သဘောမတူတာတစ်ချို့ ရှိပေမယ့်လည်း အခု ဖြေကြားခဲ့တဲ့အပေါ် ကျေနပ်အားရတယ်လို့ မေးခွန်းရှင်က ပြောပါတယ်။
နောက်ဆုံးပိတ်အနေနဲ့ ပါမောက္ခပြောပြတာလေးတွေကိုလည်း ပြန်လည်မျှဝေချင်ပါသေးတယ်။ မင်းတို့ဟာ နိုင်ငံရဲ့တကယ်အရေးကြီးတဲ့ အခြေအနေမှာ ဒီက ကျောင်းပြီးလို့ ပြန်ရင် နိုင်ငံတည်ဆောက်ရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်ခွင့်ရကြမယ့် အင်မတန် ကံထူးတဲ့သူတွေ ဖြစ်တယ်။ မင်းတို့အခုကြုံနေရတဲ့ နိုင်ငံရေး အခြေအနေမျိုးကို မင်းတို့ တစ်သက် ဘယ်တော့မှ ပြန်မရနိုင်ဘူး။ အခု ပြောဆိုဖြေကြားသွားခဲ့တာတွေကို ကြည့်ရင် ကိုယ့်နိုင်ငံအရေးကို တကယ်စိတ်ဝင်တစားနဲ့ နိုင်ငံတည်ဆောက်ရေးကို အားကြိုးမာန်တက် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မင်းတို့ မိခင်နိုင်ငံရဲ့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ အားပေးတိုက်တွန်းပါတယ် လို့ ပါမောက္ခက အကြံပြု မှတ်ချက်ပေးပါတယ်။ ဒီမှတ်ချက်နဲ့ အကြံပြု အားပေးစကားပြောတဲ့ လူ့အခွင့်အရေးဘာသာရပ် ပါမောက္ခ ဆရာဆာဂျေးကို အများကြီး ကျေးဇူးတင်မိပါတယ်။
ဒီတင်ဆက်မှုကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ ဥာဏ်ဝေဖြိုး၊ အောင်မျိုးလွင် နဲ့ ရဲဘုန်းကျော်။ တင်ဆက်မှုမှာ အားနည်းချက်အချို့ ရှိခဲ့တယ်ဆိုပေမယ့် သေသေချာချာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့အတွက် အများကြီး ၀မ်းသာဂုဏ်ယူပြီး ကျေးဇူးတင်တဲ့အကြောင်း ဒီနေရာကနေ မှတ်တမ်းပြုလိုက်ပါတယ်။
No comments:
Post a Comment