Wednesday 29 October 2014

ပထမဆုံး တင်ဆက်ခြင်း

    လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်လောက် ၂၀၀၂-၀၃ တုန်းက ရန်ကုန်တက္ကသိုလ်ကို စရောက်ရောက်ချင်း နှစ်မှာပဲ ပရိသတ်ရှေ့မှာ ဟောပြောတင်ဆက်ခြင်းကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ရပါတယ်။ အင်္ဂလိပ်စာဌာနက တီချယ်ဒေါ်ပိုးပိုး တီချယ်ဒေါ်ခင်မာဝေ နဲ့ ဒေါ်လွင်လွင်စိုးတို့ သင်ပေးခဲ့တာပါ။ ခုတော့ တီချယ်တွေလည်း ပါမောက္ခချုပ်တွေ ပါမောက္ခတွေတောင် ဖြစ်နေကြပါပြီ။ အဲသည်တုန်းက ဟောပြောတင်ဆက်ပုံကို သင်တဲ့နေရာမှာ ကိုယ်တင်ဆက်မယ့် ဘာသာရပ် အကြောင်းအရာကို ဘယ်လိုပိုင်းခြားတင်ပြရမလဲ ဆိုတာက စပြီး စကားလေသံ အသုံးအနှုန်း ကိုယ်ဟန်လက်ဟန် မျက်လုံးအကြည့် တွေတင်မက ကိုယ်သုံးမယ့် အထောက်အကူ ပစ္စည်း (အဲသည်တုန်းက စပြီး ကွန်ပြူတာ ပါဝါပွိုင့်ကို သုံးခွင့်ကြုံခဲ့တာ) ကို ဘယ်လို ထိထိရောက်ရောက် သုံးသင့်သလဲဆိုတာတွေ အပြင် ပရိသတ်ရဲ့ မေးခွန်းတွေကို ဘယ်လိုမေးရင် ဘယ်လို တုန့်ပြန်သင့်သလဲ ဆိုတာတွေအထိ အသေးစိတ်ကို သင်ပြပေးခဲ့တာ နာယူခဲ့ရပါတယ်။ အဲသည်အချိန်ကစလို့ ရန်ကုန်တက္ကသိုလ်မှာ သုံးနှစ်တာလုံး နောက် ကျောင်းပြီးတော့ ထပ်တက်ရတဲ့ သင်တန်းတွေမှာပါ ပရိသတ်ရှေ့ ဟောပြောတင်ဆက်ခြင်းပညာကို ကောင်းကောင်း အသုံးချခွင့် ကြုံခဲ့ရပါတယ်။ မြန်မာပြည်မှာ လာဖွင့်တဲ့ ကုလသမဂ္ဂသင်တန်း၊ စင်္ကာပူက လာသင်ပေးတဲ့ အင်္ဂလိပ်စာသင်တန်း၊ အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က လာဖွင့်တဲ့ အိုင်အာ သင်တန်းတွေမှာလည်း ဒီပညာကြောင့် ပွဲလယ်တင့်ခဲ့ရပါတယ်။ ပထမဆုံး ပြည်ပ အတွေ့အကြုံကတော့ အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ်စာသင်တန်း သွားတက်တုန်းက မြန်မာနိုင်ငံအကြောင်း ဟောပြော တင်ဆက်ခဲ့ရတာပါ။ နိုင်ငံတကာ ကျောင်းသားတွေ ရှေ့မှာ ဆိုပေမယ့် ကိုယ့်နိုင်ငံအကြောင်းဆိုတော့ အကြောင်းအရာက ပိုင်ပြီးသားမို့ သိပ်ပြီး စိတ်မလှုပ်ရှားခဲ့ရပါဘူး။
    ဒီနေ့
    ၂၀၁၄ အောက်တိုဘာလ ၂၉ ရက် ဂျပန် နိုင်ငံတကာ တက္ကသိုလ် နိုင်ငံခြားရေးမူဝါဒ လေ့လာသုံးသပ်ချက် ဘာသာရပ်မှာ ကျွန်တော် တာဝန်ကျတဲ့ သင်ခန်းစာကို ပထမဆုံး ပြောခွင့်ရခဲ့ပါတယ်။ ခေါင်းစဉ်က နိုင်ငံခြားရေး မူဝါတွေ ဘယ်လိုပြောင်းသလဲ ဘာကြောင့်ပြောင်းသလဲ စသည်ဖြင့် လေ့လာထားတဲ့ စာတမ်းတစ်ခုကို ကျောင်းသားတွေရှေ့မှာ ဟောပြော တင်ဆက်ရတာပါ။ နေ့လည် နှစ်နာရီခွဲ အတန်းပြီးကတည်းက ပြင်ဆင်ပြီးသားကို အခန်းထဲမှာ ပြန်ဖတ် လိုတာပိုတာ ပြန်စစ်။ ည ခုနစ်နာရီခွဲ အတန်းစတဲ့အချိန်မှာ ပြောဖို့ဆိုဖို့ အသင့်ဖြစ်နေပါပြီ။ ပညာရပ်ဆိုင်ရာ အကြောင်းအရာတွေကို ဟောပြောတင်ဆက်မှု အများကြီး လုပ်ခဲ့ဖူးပေမယ့် ဒီလို နိုင်ငံတကာ ကျောင်းသားတွေရှေ့မှာတော့ ခုတစ်ခါက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ခါတိုင်း ကိုယ့်မြန်မာလူမျိုးတွေရှေ့မှာ အင်္ဂလိပ်လိုပြောရတာ သိပ်ပြီး ၀န်ကြီးတယ် မထင်ခဲ့ပေမယ့် အမေရိကန်ကျောင်းသား စကော့တလန်ကျောင်းသား စတဲ့ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောကြတဲ့ အနောက်နိုင်ငံသားတွေ ဥရောပသားတွေပါတဲ့ ကျောင်းသားတွေရှေ့မှာ ပြောရမှာကိုတော့ ရိုးရိုးသားသား ၀န်ခံရရင် စိတ်လှုပ်ရှားမိပါတယ်။ သေချာပြင်ဆင်ထားတာရယ် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိတာရယ် အတွေ့အကြုံရယ် ပေါင်းစပ်လိုက်တော့ ခွင့်ပြုထားတဲ့ မိနစ်နှစ်ဆယ်စာကို သေသေချာချာ ပြောနိုင်ခဲ့ပါတယ်။ မေးခွန်းတွေဖြေဖို့လည်း ပြင်ဆင်ထားပေမယ့် ကိုယ်ပြောပြီးတဲ့အခါ ပါမောက္ခက ဖြည့်စွက်ရှင်းပြ လုပ်ပေးတာမို့ မေးခွန်းတွေ ဖြေစရာမလိုဘဲ ပြီးသွားခဲ့ပါတယ်။
    ဂျပန်နိုင်ငံတကာတက္ကသိုလ် နိုင်ငံတကာ ကျောင်းသားတွေရှေ့မှာ ပထမဆုံးလုပ်ခဲ့တဲ့ ဟောပြောတင်ဆက်မှုကို ဒီစာစုလေးနဲ့ မှတ်တမ်းတင်ထားတာပါ။ စာကိုဆုံးအောင်ဖတ်တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေဗျ ###


No comments:

Post a Comment