ဂျပန်နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်ကို National Diet of Japan လို့ခေါ်ပြီး ဂျပန်လိုတော့ 日本国の国会 (Nippon-koku no Kokkai) လို့ခေါ်ပါတယ်။ ပထမဆုံး ဒိုင်းယက်အစည်းအဝေးကို ၁၈၉၀ နိုဝင်ဘာလ ၂၉ ရက်မှာ ပြဌာန်းခဲ့တဲ့ မေဂျီအခြေခံဥပဒေအရ ၁၈၈၉ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တွေ စစ်ရှုံးပြီးတဲ့နောက် မေဂျီအခြေခံပဒေကို ပြင်ဆင်တဲ့ အနေနဲ့ စစ်ပြီးခေတ် အခြေခံဥပဒေကို ၁၉၄၆ နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး ၁၉၄၇ မေလ ၃ ရက်နေ့မှာ အာဏာတည်ခဲ့ပြီး ဥပဒေသစ်အရ ပထမဆုံး ဒိုင်းယက်လွှတ်တော် အစည်းအဝေးကို အဲသည်နှစ် မေလ ၂၀ ရက်နေ့မှာ စတင်ကျင်းပခဲ့ပါတယ်။ အခြေခံဥပဒေအရ ပါလီမန်ဒီမိုကရေစီစနစ်ကို ချမှတ်ထားပြီး အုပ်ချုပ်ရေး ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏသုံးရပ် ပိုင်းခြားထားပြီး ဥပဒေပြုရေးအာဏာကို ဒိုင်းယက်လွှတ်တော်က ကျင့်သုံးပါတယ်။
အာဏာသုံးရပ် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပုံ
ပါလီမန်ဒီမိုကရေးစီစနစ်မှာ ၀န်ကြီးချုပ်ကို အောက်လွှတ်တော်က ရွေးကောက်တင်မြှောက်ရပြီး ၀န်ကြီးချုပ်နဲ့ အစိုးရက အောက်လွှတ်တော်ကို တာဝန်ခံရပါတယ်။ အဓိပ္ပာယ်ကတော့ အောက်လွှတ်တော်က အယုံအကြည်မရှိအဆိုတင်သွင်းပြီး ၀န်ကြီးချုပ်ကို ဖြုတ်ချနိုင်သလို ၀န်ကြီးချုပ်ကလည်း အောက်လွှတ်တော်ကို အချိန်မရွေး ဖျက်သိမ်းနိုင်ပါတယ်။
ဂျပန်ဒိုင်းယက်ကို အထက်လွှတ်တော် အောက်လွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်နဲ့ ဖွဲ့စည်းထားပါတယ်။ လွှတ်တော်နှစ်ရပ်စလုံးကို ပြည်သူလူထု က တိုက်ရိုက်ရွေးကောက်တင်မြှောက်ရပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာ လူတစ်ဦးဟာ လွှတ်တော်တစ်ရပ်စီအတွက် မဲ နှစ်မဲ ပေးရပါတယ်။ တစ်မဲက အမတ်လောင်းကို ပေးရတာဖြစ်ပြီး နောက်တစ်မဲက ပါတီကို ပေးရတာဖြစ်ပါတယ်။ အသက် ၂၀ ပြည့်ပြီးသူ ဂျပန်နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိပြီး အခု ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွေကနေစပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိလာပြီ ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူရဲ့ အသက်သတ်မှတ်ချက်၊ မဲပေးနည်းစနစ်၊ မဲပေးသူနဲ့ အမတ်လောင်းများ အရည်အချင်းကို အခြေခံဥပဒေထဲမှာ ပြဌာန်းထားခြင်း မရှိဘဲ ဒိုင်းယက်က ဥပဒေပြု ပြဌာန်းထားပါတယ်။ ဒါပေမယ့် လျှို့ဝှက်မဲပေးစနစ် ကျင့်သုံးဖို့နဲ့ လူမျိုး ဘာသာ ဆင်းရဲ ချမ်းသာ ပညာအရည်အချင်း ကျားမ မခွဲခြား မဲပေးခွင့်ရှိဖို့ကိုတော့ အခြေခံဥပဒေက အာမခံချက် ပေးထားပါတယ်။
အောက်လွှတ်တော် စုံညီအစည်းအဝေးခန်းမ
အောက်လွှတ်တော်မှာ အမတ်ဦးရေ ၄၇၅ ရှိပြီး အဲဒီထဲက အမတ် ၂၉၅ က မဲအများဆုံးရသူ အနိုင်ယူတမ်းစနစ်နဲ့ ရွေးကောက်ထားတာဖြစ်ပြီး ကျန်တဲ့ အမတ် ၁၈၀ ကို အချိုးကျကိုယ်စားပြုစနစ်အရ ပါတီများက ရတဲ့ မဲအရေအတွက်ပေါ်မူတည်ပြီး ရွေးကောက်တင်မြှောက်ထားတာဖြစ်ပါတယ်။ အောက်လွှတ်တော်ရဲ့ သက်တမ်းက လေးနှစ်ဖြစ်ပြီး အသက် ၂၅ နှစ်ပြည့်ပြီးသူ နိုင်ငံသားများ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံနိုင်ပါတယ်။
အထက်လွှတ်တော်မှာ အမတ်ဦးရေ ၂၄၂ ဦးရှိပြီး မဲအများဆုံးရသူများကို ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ ၁၄၆ ယောက်၊ အချိုးကျကိုယ်စားပြုစနစ်နဲ့ ၉၆ ယောက် ရွေးကောက်တင်မြှောက်ခံထားရပါတယ်။ အထက်လွှတ်တော် သက်တမ်းက ခြောက်နှစ်ဖြစ်ပြီး အမတ်ဦးရေ ထက်ဝက်ကို သုံးနှစ်တစ်ကြိမ် ရွေးကောက်တင်မြှောက်ပါတယ်။ အသက်သုံးဆယ်ပြည့်ပြီးတဲ့ နိုင်ငံသားများ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ပွဲ ၀င်နိုင်ပြီးတော့ အထက်လွှတ်တော်ကို ၀န်ကြီးချုပ်က ဖျက်သိမ်းပိုင်ခွင့် မရှိပါဘူး။
လွှတ်တော်အမတ်များရဲ့ လစာဟာ ယန်းဆယ့်သုံးသိန်းခန့် (မြန်မာငွေ သိန်းတစ်ရာ့လေးဆယ်ကျော်ခန့်) ရှိပြီး နိုင်ငံတော်စရိတ်နဲ့ လက်ထောက်သုံးယောက်စီ ခန့်ထားနိုင်ပါတယ်။ ရထားလက်မှတ်အခမဲ့စီးနင်းခွင့်ရှိပြီး တစ်လကို လေးကြိမ် နေရပ်နဲ့တိုကျို အသွားအပြန် လေယာဉ်လေးခေါက် အခမဲ့ စီးနင်းခွင့် ရှိပါတယ်။
ဧကရာဇ်ဘုရင်မင်းမြတ် မိန့်ခွန်းပြောကြားစဉ်
လွှတ်တော်ဖွင့်ပွဲတွင် အောက်လွှတ်တော်ဥက္ကဌ အဖွင့်မိန့်ခွန်း ပြောနေစဉ်
လွှတ်တော်များဟာ ဥပဒေပြုရေး အပြင် အစိုးရကို စုံစမ်းစစ်ဆေးဖို့လည်း အခွင့်အာဏာရှိပါတယ်။ ပုံမှန်အစည်းအဝေး အရေးပေါ်အစည်းအဝေးနဲ့ အထူးအစည်းအဝေးဆိုတာတွေ ရှိပြီး ပုံမှန်အစည်းအဝေးကို တစ်နှစ်တစ်ခါ ဇန်န၀ါရီလက စတင်ပြီး ရက်ပေါင်း ၁၅၀ ကျင်းပပါတယ်။ လိုအပ်ရင် သက်တမ်းတစ်ကြိမ် တိုးနိုင်ပါတယ်။ နှစ်စဉ် ပုံမှန်အစည်းအဝေး ဖွင့်ပွဲကို အထက်လွှတ်တော် ခန်းမဆောင်မှာ လွှတ်တော်နှစ်ရပ်ပေါင်း ကျင်းပပြီး ဧကရာဇ်မင်းမြတ်က တက်ရောက်မိန့်ခွန်းပြောပါတယ်။ အရေးပေါ်အစည်းအဝေးတွေကို အစိုးရက လိုအပ်တဲ့အချိန်ဖြစ်စေ၊ လွှတ်တော်တစ်ခုခုက အမတ် လေးပုံတစ်ပုံက တောင်းဆိုရင်ဖြစ်စေ၊ အောက်လွှတ်တော်သက်တမ်းကုန်ပြီး ရွေးကောက်ပွဲကြေညာပြီးချိန် နဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီးချိန်များမှာ ကျင်းပလေ့ရှိပါတယ်။ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးလို့ ရွေးကောက်ပွဲကြေညာပြီးချိန်မှာ အထူးအစည်းအဝေး ခေါ်ပါတယ်။ အရေးပေါ်အစည်းအဝေးနဲ့ အထူးအစည်းအဝေးများကိုတော့ သက်တမ်း နှစ်ကြိမ်တိုးနိုင်ပါတယ်။
စုံညီအစည်းအဝေးတစ်ခု
လွှတ်တော်တစ်ခုချင်းစီမှာ အမတ်တွေအားလုံးတက်ရောက်ပြီး မဲခွဲဆုံးဖြတ်တဲ့ အစည်းအဝေးများဖြစ်ပါတယ်။ အများပြည်သူ တက်ရောက်နားထောင်ခွင့်ပြုထားတဲ့ ပုံမှန်အစည်းအဝေးတွေမှာ လွှတ်တော်အမတ် အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်ရင် အထမြောက်ပါတယ်။ အောက်လွှတ်တော်ပုံမှန်အစည်းအဝေးတွေကို အင်္ဂါ ကြာသပတေး သောကြ်ာ သုံးရက်မှာ နေ့လည် တစ်နာရီက စတင်ကျင်းပလေ့ရှိပြီး အထက်လွှတ်တော်မှာတော့ တနင်္လာ ဗုဒ္ဓဟူး သောကြ်ာ သုံးရက်မှာ မနက် ဆယ်နာရီက စတင်ကျင်းပလေ့ရှိပါတယ်။
ဝန်ကြီးချုပ်ကို လွှတ်တော်နှစ်ရပ်လုံးမှာ ဗြောင်ဆန္ဒမဲပေးစနစ်နဲ့ ရွေးချယ်ပါတယ်။ အမတ်တွေပေးရတဲ့ ဆန္ဒမဲလက်မှတ်မှာ မိမိဆန္ဒပြုလိုသူ ၀န်ကြီးချုပ်လောင်း အမည်ကိုသာမက မိမိကိုယ်တိုင်ရဲ့ အမည်ကိုလည်းရေးသားပြီး မဲပုံးမှာ သွားထည့်ရတာပါ။
လွှတ်တော်ဥက္ကဌ နှင့် ၀န်ကြီးချုပ် ဆန္ဒပြု မဲပြား
ထောက်ခံဆန္ဒမဲပြား အဖြူ နှင့် ကန့်ကွက်ဆန္ဒမဲပြား အစိမ်း
ဝန်ကြီးချုပ်များနဲ့ ၀န်ကြီးများဟာ လွှတ်တော်မှာ မိန့်ခွန်းပြောကြားပြီးရင် အမတ်တွေမေးတဲ့ မေးခွန်းတွေကို ဖြေကြရပါတယ်။ ဥပဒေကြမ်း တင်သွင်းသူကလည်း လွှတ်တော်အမတ်ဖြစ်စေ အစိုးရ၀န်ကြီးဖြစ်စေ မိမိတင်သွင်းတဲ့ ဥပဒေကြမ်းအကြောင်း ရှင်းလင်းတင်ပြရပြီး အမတ်များက မေးတဲ့ မေးခွန်းများကို ဖြေဆိုရပါတယ်။ ကိစ္စရပ်တစ်ခုကို မဲခွဲ ဆုံးဖြတ်မယ်ဆိုရင် အမတ်များက မိမိတို့မှာ ရှိတဲ့ သုံးလက်မခွဲလောက်ရှိတဲ့ မိမိအမည်ရေးထွင်းထားတဲ့ သစ်သားပြားလေးနဲ့ မဲပေးရပါတယ်။ နာမည်ပြားလေး နှစ်ခုရှိပြီး ထောက်ခံတယ်ဆိုရင် မဲပြားအဖြူပေးရပြီး ကန့်ကွက်တယ်ဆိုရင် မဲပြားအစိမ်း ပေးရပါတယ်။ အခြားမဲပေးနည်းများကတော့ အသံနဲ့ဖြေဆိုဆန္ဒပြုတဲ့နည်းနဲ့ မတ်တပ်ရပ်ဆန္ဒပြုတဲ့နည်းတို့ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးး မိန့်ခွန်းပြောနေစဉ်
လွှတ်တော် နှစ်ရပ်လုံးမှာ အမြဲတမ်းကော်မတီများ အထူးကော်မတီများနဲ့ အခြေခံဥပဒေဆိုင်ရာ ကော်မရှင်တစ်ခုတို့ ဖွဲ့စည်းထားပြီး၊ လွှတ်တော်နှစ်ရပ်ပေါင်းအနေနဲ့ နိုင်ငံရေးကျင့်ဝတ်ဆိုင်ရာ ကောင်စီ နဲ့ အထူးသတ်မှတ်ထားသော နိုင်ငံတော်လျှို့ဝှက်ချက်များ စောင့်ကြည့်သုံးသပ်ရေးဘုတ်အဖွဲ့တို့ကို ဖွဲ့စည်းထားရှိပါတယ်။ လွှတ်တော်တစ်ရပ်စီမှာ အမြဲတမ်းကော်မတီ လေးဆယ်စီရှိပြီး အထူးကော်မတီ ကတော့ အခြေအနေ လိုအပ်ချက်အရ ဖွဲ့စည်းထားပါတယ်။
လွှတ်တော် ကော်မတီ ကော်မရှင်နှင့် အဖွဲ့များ
အမြဲတမ်းကော်မတီများ
အထူးကော်မတီများ
ဥပဒေကြမ်းတွေကို အစိုးရနဲ့ လွှတ်တော်အမတ်တွေက တင်သွင်းနိုင်ပါတယ်။ လွှတ်တော်အမတ်တွေက တင်သွင်းမယ်ဆိုရင်တော့ အောက်လွှတ်တော်မှာ အနည်းဆုံး အမတ် ၂၀ (ပိုက်ဆံသုံးရမယ့် ကိစ္စမျိုးဆို အမတ် ၅၀) နဲ့ အထက်လွှတ်တော်မှာ အနည်းဆုံး အမတ် ၁၀ ယောက် (ပိုက်ဆံသုံးရမယ့်ကိစ္စမျိုးဆို အယောက် ၂၀) က ထောက်ခံပေးဖို့ လိုပါတယ်။ လွှတ်တော်ဥက္ကဌထံတင်သွင်းတဲ့ ဥပဒေကြမ်းတွေကို သက်ဆိုင်ရာ ကော်မတီကို လွှဲပေးပါတယ်။ ကော်မတီက တွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်ကို တင်သွင်းပြီးရင် ဥပဒေကြမ်းတင်ခဲ့တဲ့သူက အမတ်တွေ မေးမြန်းတာ ဖြေကြားရှင်းလင်းရပါတယ်။ ပြီးရင် သက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တွေ ရဲ့ အကြံဥာဏ်ယူတာ၊ ကြားနာစစ်ဆေးတာတွေ လုပ်ပြီးရင် ပြင်ဆင်ချက်တွေ တင်သွင်း ဆွေးနွေးပြီး အတည်ပြုမပြု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပါတယ်။
အမတ်များ ဆန္ဒမဲ ပေးနေပုံ
အောက်လွှတ်တော်မှာ အတည်ပြုပြီးတဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်ကို ဆက်လက်တင်သွင်းပါတယ်။ အထက်လွှတ်တော်က အတည်ပြုတယ်ဆိုရင် ဧကရာဇ်မင်းမြတ် တံဆိပ်တုံးခတ်နှိပ်ပြဌာန်းဖို့ အစိုးရကနေတစ်ဆင့် ပေးပို့ပါတယ်။ အထက်လွှတ်တော်က ပြင်ဆင်ချက်နဲ့အတည်ပြုတာပဲဖြစ်ဖြစ် ပယ်ချတာပဲဖြစ်ဖြစ် ဖြစ်ခဲ့တယ်ဆိုရင် အောက်လွှတ်တော်ကို ပြန်ပို့ပါတယ်။ အောက်လွှတ်တော်က အမတ်ဦးရ သုံးပုံနှစ်ပုံရဲ့ အတည်ပြုချက်နဲ့ အထက်လွှတ်တော်ရဲ့ ပယ်ချချက်ကို ကျော်လွှားပြီး ဥပဒေအဖြစ် ရောက်ရှိနိုင်ပါတယ်။
ပထမဆုံး ၀န်ကြီးချုပ် မင်းသားကြီး ဟီရူဘူမီအီတို နှင့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး (၂၀၁၆)
ဒိုင်းယက်လွှတ်တော် စတင်ခဲ့တဲ့ ၁၈၉၀ ခုနှစ် ပထမအကြိမ် ဒိုင်းယက်လွှတ်တော်ကနေ ဒီကနေ့ ၂၀၁၆ ခုနှစ် ၁၈၉ ကြိမ်မြောက် ဒိုင်းယက်လွှတ်တော်အထိ အောက်လွှတ်တော် ဥက္ကဌ ၇၆ ဆက်၊ ဒုဥက္ကဌ ၆၆ ဆက် ရှိခဲ့ပြီဖြစ်ပါတယ်။ ၁၈၈၅ ခုနှစ်က ဂျပန်နိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဆာမူရိုင်း မင်းသားကြီး ဟီရိုဘူမီအီတို ကနေ ဒီကနေ့ ၂၀၁၆ ခုနှစ် ၀န်ကြီးချုပ် ရှင်ဆိုအာဘေး လက်ထက်အထိ ၀န်ကြီးချုပ်ပေါင်း ၉၇ ဆက် ရှိခဲ့ပြီ ဖြစ်ပါတယ်။
No comments:
Post a Comment