Sunday 20 March 2016

ဒိုင်းယက်ထဲကို ရောက်ခဲ့တယ်


ဆရာယာမာဒါရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘာသာရပ်ရဲ့ သင်ခန်းစာ တစ်စိတ်တစ်ပိုင်းအဖြစ် တိုကျိုမြို့က ဒိုင်းယက်လွှတ်တော်ကို အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ ဒိုင်းယက်လွှတ်တော်ကို လေ့လာရေးသွားချင်ရင် အီးမေးကနေ ကြိုတင်ခွင့်ပြုချက်တောင်းပြီး သွားလို့ရပါတယ်။ ဂျပန်ဘာသာစကား နားလည်သူတွေအတွက် ဘယ်နေ့မှာမဆို သွားရောက်နိုင်ပေမယ့် အင်္ဂလိပ်လိုမှ နားလည်သူတွေအတွက်ကိုတော့ အပတ်စဉ် တနင်္လာနေ့ နေ့လည် နှစ်ရာရီ နဲ့ ကြာသပတေးနေ့ နေ့လည် သုံးနာရီတွေမှာ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် စီစဉ်ပေးထားပါတယ်။ လည်ပတ်ချိန် တစ်နာရီခွဲခန့် ကြာမြင့်ပါတယ်။

ဒိုင်းယက်လွှတ်တော် ရှေ့ဘက်မျက်နာစာ မြင်ကွင်း

ကျွန်တော်တို့အဖွဲ့မှာ ဆရာအပါအ၀င် စုစုပေါင်း အယောက်လေးဆယ်လောက်ပါပါတယ်။ ပထမဆုံး ဒိုင်းယက်လွှတ်တော်ထဲက အောက်လွှတ်တော် နောက်ကျောဘက် အ၀င်ပေါက်မှာ ကားရပ်ပြီး အထဲကို ၀င်ရပါတယ်။ အထဲကို မ၀င်ခင် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဆရာက ကားပေါ်က အရင်ဆင်းပြီး ရောက်ရှိကြောင်း သတင်းပို့ပါတယ်။ ဒိုင်းယက်လွှတ်တော်အကြောင်း သိကောင်းစရာ အင်္ဂလိပ်လို ပြုစုထားတဲ့ စာအုပ်လေးတွေကို ၀င်ခွင့်လက်မှတ်အဖြစ် တစ်ယောက်တစ်အုပ် ပေးပါတယ်။ သတင်းပို့ပြီးတဲ့အခါ အားလုံးအထဲကို စ၀င်ရပါတယ်။ အ၀င်ဝ အဆောင်ထဲမှာပဲ လုံခြုံရေးစစ်ဆေးတာတွေလုပ်ပြီး လေ့လာရေးခရီး စပါတယ်။ အထဲကို တယ်လီဖုန်း ကင်မရာနဲ့ အခြားပစ္စည်းတွေ ကို စစ်ဆေးပြီး သယ်ယူခွင့်ပြုပါတယ်။ အထဲမှာ အောက်လွှတ်တော် အစည်းအဝေး ခန်းမကလွဲပြီး ကျန်တဲ့နေရာတွေကို ဓာတ်ပုံမရိုက်ဖို့ တကယ်လို့ ဓာတ်ပုံရိုက်ခဲ့တယ်ဆိုရင် အဖွဲ့ခေါင်းဆောင်အနေနဲ့ စုံစမ်းစစ်ဆေးခံရမှာဖြစ်ကြောင်း၊ အဖွဲ့နဲ့ဝင်တဲ့အခါမှာလည်း ဧည့်လမ်းညွှန် ခေါ်ဆောင်တဲ့ အတိုင်း သေသေချာချာ လိုက်ဖို့၊ လွှတ်တော်ထဲမှာ လမ်းပျောက်ပြီး အထက်လွှတ်တော်ဘက်ကို မတော်တဆ ရောက်သွားရင် ဖမ်းပြီး ရဲစခန်း ပို့မှာဖြစ်ကြောင်း စစ်ကြောမေးမြန်းစုံစမ်းစစ်ဆေးတာ ခံရမှာဖြစ်ကြောင်း သေသေချာချာ ရှင်းပြပြီး အထဲကို စ၀င်ရပါတယ်။

တိုင်လုံးကြီး လေးလုံးနဲ့ ထောက်မထားတဲ့ ဗဟိုဝင်ပေါက် ဆင်ဝင်ဆောင်

လွှတ်တော်ဝင်းရဲ့ ရှေ့တည့်တည့်ကနေကြည့်ရင် ဗဟိုမျှော်စင်ဆောင်နဲ့ တိုင်လုံးကြီးလေးလုံးပါတဲ့ ဗဟိုဝင်ပေါက်ဆင်ဝင်ဆောင်ကို တွေ့ရမှာပါ။ ဘယ်ဘက်က အောက်လွှတ်တော်ဘက်မှာ ဆင်ဝင်ငယ်တစ်ခု၊ ညာဘက်က အထက်လွှတ်တော်ဘက်မှာ ဆင်ဝင်ငယ်တစ်ခု၊ ဆင်ဝင်ငယ်နှစ်ခုရှေ့မှာ ရေပန်းတစ်ခုစီနဲ့ အထက်လွှတ်တော် ဆင်ဝင်အနီးမှာ ဆာမူရိုင်း မင်းသားကြီး ဟီရိုဘူမီအီတိုရဲ့ ကြေးရုပ်တုတစ်ခု စိုက်ထူထားပါတယ်။

အထက်လွှတ်တော် ဆင်ဝင်အနီးစိုက်ထူထားသော ဆာမူရိုင်း မင်းသားကြီး ဟီရိုဘူမီအီတို ရုပ်တု

ဂျပန်ဒိုင်းယက် လွှတ်တော်ဝင်းရဲ့ အကျယ်အ၀န်းက ၂၅ ဧကကျော် ရှိပြီး အဲသည်ဝင်းရဲ့ အလယ်က စတုရန်းပေ ၁၄၃၇၆၂ မှာ လွှတ်တော်ဆောင်ကို ဆောက်လုပ်ထားပါတယ်။ တောင်နဲ့မြောက် ၆၇၇ ပေ ရှည်လျားပြီး အရှေ့နဲ့အနောက် ပေ ၂၉၀ ကျယ်ဝန်းပါတယ်။ အောက်ခြေကနေ အမိုးအထိ ၆၈ ပေကျော် မြင့်မားပြီး ဗဟိုခန်းမဆောင်အပေါ်က မျှော်စင်ထိပ်အထိကတော့ ပေနှစ်ရာကျော် မြင့်ပါတယ်။ မျှော်စင်ပေါ်က အပေါ်ဆုံးထပ်ထိဆို အထပ်ကိုးထပ် ရှိပါတယ်တဲ့။ အမေရိကန်တွေ သူတို့ကို အနိုင်ရချိန်က ဒိုင်းယက်လွှတ်တော်မျှော်စင်ထိပ်က အမြင့်ဆုံးခန်းမမှာ ပါတီပွဲလုပ်ပြီး ကကြခုန်ကြတာ ရှိခဲ့တဲ့အကြောင်း ရင်နာနာနဲ့ ပြောပြပါသေးတယ်။ လွှတ်တော်ကြီးကို အလုပ်သမားပေါင်း နှစ်သန်းငါးသိန်းလေးသောင်းရဲ့ လုပ်အားနဲ့ ၁၉၂၀ ဇန်န၀ါရီလကနေ ၁၉၃၆ နိုဝင်ဘာလအထိ ၁၇ နှစ်ကြာဆောက်လုပ်ခဲ့ရပြီး အဲသည်ခေတ်က ဂျပန်ယန်းငွေ ၂၅.၇ သန်း ကုန်ကျခဲ့ပါတယ်။ တည်ဆာက်စဉ်က ဂျပန်ပြည်တွင်းဖြစ် ပစ္စည်းများကိုသာ အသုံးပြုမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် မျက်နှာကျက်နဲ့ ပြတင်းက ရောင်စုံမှန်တွေကို အင်္ဂလန်က၊ မာစတာသော့နဲ့ဖွင့်လို့ရတဲ့ တံခါးသော့တွေကို အမေရိကန်က နဲ့၊ အထပ်တိုင်းကနေ ထည့်လိုက်တဲ့ စာတွေ အောက်ဆုံးထပ်က စာတိုက်ပုံးထဲ တိုက်ရိုက်ရောက်သွားအောင် စီမံထားတဲ့ စာတိုက်ပုံးလေးတွေကို အမေရိကန်က တင်သွင်းအသုံးပြုခဲ့ရပါတယ်တဲ့။ ၁၉၃၆ ဒီဇင်ဘာလမှာ အကြိမ်ခုနစ်ဆယ်မြောက် လွှတ်တော်အစည်းအဝေးကို ဒီအဆောက်အအုံမှာ စတင်ကျင်းပ ဖွင့်လှစ်ခဲ့ပါတယ်။

အောက်လွှတ်တော်ဘက်ခြမ်း မြင်ကွင်း

ရှေ့တည့်တည့်ကနေကြည့်ရင် ဘယ်ဘက်ခြမ်းက အောက်လွှတ်တော် ညာဘက်ခြမ်းက အထက်လွှတ်တော်ဖြစ်ပြီး အရှေ့အရပ်ကို မျက်နှာမူဆောက်လုပ်ထားပါတယ်။ လွှတ်တော်ရဲ့ ရှေ့ဘက်မှာတော့ ဂျပန်ဧကရာဇ် ဘုရင်မင်းမြတ်နန်းတော်ဝင်းကြီး ရှိပါတယ်။ လွှတ်တော်ဝင်းထဲက ပင်မဆောင်ကြီးရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ လွှတ်တော်နှစ်ရပ်ရဲ့ ကော်မတီများရုံးစိုက်ရာ အဆောက်အအုံနှစ်ခုရှိပြီး နောက်ဘက် ကပ်လျက်မှာတော့ လွှတ်တော်နှစ်ရပ်ရဲ့ ရုံးအဆောက်အုံနှစ်ခု ရှိပါတယ်။ လွှတ်တော်ဝင်းရဲ့ဘယ်ဘက်ခြမ်း အပြင်ဘက် လမ်းမကို ကျော်လိုက်ရင် အောက်လွှတ်တော် ရုံးအမှတ် ၂ နဲ့ လွှတ်တော်ပုံနှိပ်တိုက်ရှိပြီး ညာဘက်ခြမ်းမှာတော့ လွှတ်တော်ပြတိုက်နဲ့ ကားပါကင်ရှိပါတယ်။ လွှတ်တော်ဝင်းအပြင်ဘက် အနောက်ဘက်လမ်းကျော်မှာ လွှတ်တော်အမတ်တွေရဲ့ ရုံးစိုက်တဲ့ အဆောက်အအုံလေးလုံး ရှိပါတယ်။ လွှတ်တော်ဝင်းအတွင်းက မျက်နှာစာ ခြံစည်းရိုး တစ်လျှောက်မှာ ဂျပန်နိုင်ငံရဲ့ ပြည်နယ်ပေါင်း ၄၇ ခုက လက်ဆောင်ပေးပို့ထားတဲ့ သစ်ပင်ကြီး ၄၇ ပင်ကို တန်းစီစိုက်ထားပါတယ်။

ဒိုင်းယက်လွှတ်တော်

ဒိုင်းယက်လွှတ်တော်ရှေ့တည့်တည့် အလယ်လှေခါးကနေ တက်လိုက်မယ်ဆို  ဗဟိုဝင်ပေါက်ကို ရောက်ပါတယ်။ သာမန်အားဖြင့်တော့ အဲသည်တံခါးကြီးတွေကို ပိတ်ထားလေ့ရှိပြီး အင်ပါရာဘုရင်မင်းမြတ် လာတဲ့အခါ နဲ့ နိုင်ငံခြားက ဧည့်သည်တော်များ လာတဲ့အခါမှသာ အဲသည်တံခါးကို အသုံးပြုပါတယ်။ အဲသည် ဗဟိုဝင်ပေါက်ကနေ လှေခါးနဲ့ တက်လာရင် ဗဟိုခန်းမဆောင်ကြီးကို ရောက်ပါတယ်။ ဗဟိုခန်းမဆောင်ကြီးက လွှတ်တော်ရဲ့ အမြင့်ဆုံးမျှော်စင် အောက်တည့်တည့်မှာရှိပြီး လွှတ်တော်ဆောင်ရဲ့ အလယ်ဗဟိုတည့်တည့်နေရာလည်း ဖြစ်ပါတယ်။

အမြဲတမ်း ပိတ်ထားလေ့ရှိသော ဗဟိုဝင်ပေါက် အတွင်းပိုင်း လှေခါးရင်း

 ဗဟိုခန်းမဆောင်ကြီးဟာ လွှတ်တော်အမတ်အသစ်များ ရောက်လာတဲ့အခါ လွှတ်တော်အမတ် ရင်ထိုးတံဆိပ် ချီးမြှင့်တဲ့နေရာ ဖြစ်ပါတယ်။ ဗဟိုခန်းမဆောင်ဟာ စတုရန်းပုံရှိပြီး ထောင့်လေးထောင့်မှာ ရုပ်ထုလေးခုထားဖို့ အောက်ခံခုံလေးခု ချထားပေမယ့် ရုပ်ထုကတော့ သုံးခုပဲရှိပဲ ခုံတစ်ခုံ လွတ်နေပါတယ်။ ရုပ်ထု သုံးခုကတော့ ၀န်ကြီးချုပ်တာဝန် လေးဆက် ထမ်းဆောင်ခဲ့တဲ့ ဂျပန်ဆာမူရိုင်း မင်းသားကြီး ဟီရိုဘူမီအီတို (၁၈၄၁-၁၉၀၉)၊ ဂျပန်နိုင်ငံရဲ့ ပထမဆုံး နိုင်ငံရေးပါတီတစ်ခုကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ နိုင်ငံရေးသမားကြီး တိုင်ဆူကီအီတာဂါကီ (၁၈၃၇-၁၉၁၉)၊ နဲ့ နာမည်ကျော် ၀ါဆဲဒတက္ကသိုလ်ကို ထူထောင်ခဲ့တဲ့ ၀န်ကြီးချုပ်တာဝန် နှစ်ခါ ထမ်းဆောင်ခဲ့သူ ရှင်ဂါနိုဘူအိုကူးမား (၁၈၃၈-၁၉၂၂) တို့ပဲ ဖြစ်ပါတယ်။ သူတို့သုံးဦးဟာ ပါလီမန်ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ပြောင်ပြောင်မြောက်မြောက် ကြိုးစားခဲ့ကြလို့ အခုလို ဂုဏ်ပြုထားတာဖြစ်ပါတယ်။ ကျန်တဲ့တစ်နေရာ ဘာလို့ လွတ်နေတာလဲ ဆိုတော့ သူတို့ဂျပန်နိုင်ငံရဲ့ နိုင်ငံတော် ထူထောင်ရေးလုပ်ငန်းစဉ်ဟာ မပြီးဆုံးသေးတဲ့ အဓိပ္ပာယ်ဖြစ်ပါသတဲ့။

လွှတ်တော်အမတ် ရင်ထိုး

အမြင့်ဆုံး မျှော်စင်အောက်တည့်တည့် ဗဟိုခန်းမဆောင်

ဗဟိုခန်းမဆောင်ထဲက ရုပ်တု သုံးခု

ဗဟိုခန်းမဆောင်ရဲ့ နံရံနဲ့ မျက်နာကျက် အမိုးတို့ကို ကယ်သီဒရယ်ဘုရားကျောင်းပုံစံ အမိုးဘက်က အလင်းရောင်ဝင်အောင် ဒီဇိုင်းဆွဲ ဆောက်လုပ်ထားပါတယ်။ အပြောက်အမွှန်းတွေ ရောင်စုံပန်းခက်ပန်းနွယ်မှန်ချပ်တွေနဲ့ တန်ဆာဆင်ထားတဲ့ အပေါ်ဘက်နံရံအမြင့် လေးဘက်လေးတန်ကို ဂျပန်နိုင်ငံရဲ့ ရာသီဥတုလေးခုကို သရုပ်ဖော်တဲ့ နံရံပန်းချီလေးမျိုး ရေးဆွဲထားပါတယ်။ ရောင်စုံပန်းကွက်ဖော် မှန်တွေကတော့ လွှတ်တော်ကြီး ဆောက်လုပ်စဉ်က ဂျပန်ပြည်မှာ ရောင်စုံမှန်တွေ မလုပ်နိုင်သေးတာမို့ အင်္ဂလန်က မှာယူ တင်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ စတုရန်းပေ ၂၈၀၀ ကျော်ကျယ်ဝန်းတဲ့ ဗဟိုခန်းမဆောင်ကြမ်းပြင်ကနေ အလွန်လှပတဲ့ မျက်နှာကျက်အထိ ပေတစ်ရာကျော် မြင့်ပါတယ်။

ကယ်သီဒရယ်ဘုရားကျောင်းပုံစံ ဗဟိုခန်းမဆောင် အမိုးနှင့် အလင်းရောင်ဝင်ပေါက်များ

ပြတင်းပေါက်ပေါင်းမိုးခုံးများကြား ထောင့်လေးထောင့်တွင် ခြယ်သထားသော ရာသီလေးလီ နံရံပန်းချီ

အင်္ဂလန်မှ မှာယူတင်သွင်း တပ်ဆင်ခဲ့သော ရောင်စုံမှန်ချပ်များ

ဗဟိုခန်းမဆောင် နံရံတစ်ဘက်

      အောက်လွှတ်တော် အဆောင်ကို စ၀င်ဝင်ချင်း ဘယ်ဘက်ခြမ်းမှာ လွှတ်တော်အမတ်တွေ လွှတ်တော်ထဲ ၀င်ရောက်သွားကြောင်း အမှတ်အသားအဖြစ် ခလုတ်နှိပ်မှတ်ပုံတင်ရတဲ့ စက်တစ်ခု ရှိပါတယ်။ သူတို့နာမည်တွေ ရေးထားတဲ့ ခလုတ်ကို နှိပ်ပြီး အထဲကို ၀င်ကြရတာလို့ ဆိုပါတယ်။ အဲသည်စက်ကလေးက နှိပ်ချင်စရာလေးပေမယ့် မထိရပါဘူးတဲ့။ လှေခါးကတက်ပြီး အဆောင်ကို ၀င်ဝင်ချင်းမှာပဲ စင်္ကြန်တစ်လျှောက်လုံး ကော်ဇောနီ ခင်းထားတာကို တွေ့ပါတယ်။ ကော်ဇောနီက ဂျပန်ဒိုင်းယက်ရဲ့ အမှတ်အသားတစ်ခု ဖြစ်ပြီး အထဲက စင်္ကြန်တွေမှာ ခင်းထားတဲ့ ကော်ဇောနီရဲ့ အရှည်က ၄ ကီလိုမီတာ နှစ်မိုင်ခွဲနီးပါးခန့် ရှိပါသတဲ့။ စင်္ကြန်တစ်လျှောက် လမ်းလျှောက်ရာမှာ သပ်ရပ်ခန့်ညားတဲ့ လုံခြုံရေးနှစ်ဦးက ဧည့်လမ်းညွှန်အဖြစ် တစ်ဦးက ထိပ်ဆုံးကဦးဆောင် တစ်ဦးက နောက်က ပိတ်လိုက်ပြီး ကျွန်တော်တို့က နှစ်ယောက်တစ်တွဲ လမ်းလျှောက်လိုက်ရပါတယ်။

အောက်လွှတ်တော် အ၀င်ဝရှိ လွှတ်တော်အမတ် မှတ်ပုံတင်စက်

လွှတ်တော်လျှောက်လမ်း ကော်ဇောနီ

အောက်လွှတ်တော်ထဲကို လွှတ်တော်အမတ်တွေ ၀င်လေ့ရှိတဲ့ လှေခါးထိပ်မှာ လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း ငါးဆယ်ကျော် တာဝန်ထမ်းဆောင် သွားခဲ့ကြတဲ့ ယူကီယိုအိုဇာကီ (၁၈၅၈-၁၉၅၄) နဲ့ တာကဲအိုမီကီ(၁၉၀၇-၁၉၈၈) တို့ရဲ့ ကိုယ်တစ်ပိုင်း ရုပ်တုနှစ်ခု ရှိပါတယ်။ ဂျပန်ဒိုင်းယက်လွှတ်တော်ရဲ့ ဂုဏ်ထူးဆောင်လွှတ်တော်အမတ်များအဖြစ် ဘွဲ့တံဆိပ်ချီးမြင့်ခံရသူများ ဖြစ်ပါတယ်။

အောက်လွှတ်တော် အ၀င်လှေခါး

အောက်လွှတ်တော် စုံညီအစည်းအဝေး ခန်းမဆောင်ဖြစ်ပါတယ်။ မြန်မာလွှတ်တော်မှာလို အပေါ်ထပ်ပါပဲ။ အစည်းအဝေး ခန်းမဆောင်ကို အပေါ်စီးကနေ အကျအနထိုင်ပြီး လေ့လာနားထောင်လို့ရအောင် လုပ်ထားတဲ့ အပေါ်ထပ် ပွဲကြည့်စင်လိုမျိုးပါပဲ။ တစ်ခုရှိတာက အပေါ်ထပ်ပွဲကြည့်စင်မှာတောင် ရှေ့တည့်တည့် နဲ့ ဘေးနှစ်ဘက် ပွဲကြည့်စင်တွေက သီးခြားစီဖြစ်ပြီး တစ်ခုနဲ့တစ်ခု ကူးသန်းသွားလာလို့မရအောင် ဆောက်လုပ်ထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ရောက်နေတဲ့ အပေါ်ထပ် ပွဲကြည့်စင်ရဲ့ သီးခြား အဆင့်တစ်ခုရှိပြီး မီဒီယာတွေ ရုပ်ရှင်ကင်မရာ ဆင်တဲ့ ဒေါက်တွေအများကြီး ဆင်ထားတာ တွေ့ခဲ့ပါတယ်။ အဲသည် မီဒီယာတွေ ရိုက်ကူးတဲ့ နေရာကိုလည်း ပွဲကြည့်စင်နဲ့ ကပ်လျက်ဖြစ်ပေမယ့် ကူးသွားလို့မရဘဲ သီးခြားအပေါက်က ၀င်သွားမှ ရောက်နိုင်အောင် ဒီဇိုင်းထုတ် စီစဉ်ထားတာကို တွေ့ပါတယ်။

အောက်လွှတ်တော် စုံညီအစည်းအဝေး ခန်းမဆောင်

စုံညီစည်းဝေးခန်းမအကြောင်း ပြောရရင် ကျွန်တော်တို့ လွှတ်တော်နဲ့ မတူတဲ့အချက်က ဥက္ကဌထိုင်ခုံဘေးမှာ ဂျပန်နိုင်ငံတော်အလံ လွှင့်ထားတာပါပဲ။ အဲ ကျွန်တော်တို့ လွှတ်တော်လိုတော့ ရုပ်ရှင် ဓာတ်ပုံ ဇယားကားချပ်စတာတွေ ပြသဖို့ ရုပ်ရှင်ပိတ်ကား မပါပါဘူး။ စင်မြင့်ပေါ်က အလယ်တည့်တည့် မှာ အောက်လွှတ်တော် ဥက္ကဌနေရာရှိပြီး သူ့ရဲ့ညာဘက်ကပ်လျက် နေရာကတော့ အထွေထွေအတွင်းရေးမှုးနေရာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဌရဲ့ ဘေးနှစ်ဘက် စင်မြင့်ပေါ်မှာပဲ ထိုင်ခုံ နှစ်တန်းရှိပြီး အဲဒါကတော့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေရဲ့ နေရာဖြစ်ပါတယ်။ ၀န်ကြီးချုပ်ကတော့ ဥက္ကဌရဲ့ ဘယ်ဘက်ဘေးက ရှေ့တန်းထိုင်ခုံမှာ ထိုင်ပါတယ်။ မိန့်ခွန်းပြောသူများက ဥက္ကဌရဲ့ ရှေ့တည့်တည့်က စကားပြောစင်မြင့်မှာ ပြောရပါတယ်။ လွှတ်တော်အမတ်တွေကတော့ ခန်းမထဲက စင်မြင့်ကို မျက်နှာမူထားတဲ့ စက်ဝိုင်းခြမ်းပုံ တန်းစီထားတဲ့ ထိုင်ခုံတွေမှာ ဥက္ကဌကို မျက်နှာမူပြီး ထိုင်ကြရပါတယ်။ အစဉ်အလာအရ အင်အားအကောင်းဆုံး ပါတီဝင်တွေက ဘယ်ဘက်ခြမ်းမှာ ထိုင်ကြပြီး အင်အားနည်းတဲ့ ပါတီတွေက သူတို့ရဲ့ ညာဘက်ခြမ်းမှာ အစဉ်လိုက် ထိုင်ကြရပါတယ်။ အမတ်တွေရဲ့ စားပွဲပေါ်က လေးထောင့်တုံး မဲမဲလေးတွေက အမတ်တွေရဲ့ နာမည်တွေဖြစ်ပြီး လွှတ်တော်အစည်းအဝေး ကျင်းပတဲ့အခါ အဲသည် နာမည်တိုင်လေးတွေကို ထောင်ထားရပါတယ်။

အင်ပါရာဘုရင်မင်းမြတ် ဧည့်ခန်းဆောင်ရှေ့ စင်္ကြန် မျက်နာကျက်


အင်ပါရာဘုရင်မင်းမြတ် ဧည့်ခန်းဆောင် အ၀င်ဝရှိ ကျောက်တုံးတစ်တုံးတည်းကို ထွင်းထုထားသော တံခါးပေါက်

ဂျပန်ဒိုင်းယက်လွှတ်တော်ထဲက တန်ဖိုးအကြီးဆုံးနဲ့ အခမ်းနားဆုံး နေရာကတော့ ဂျပန်အင်ပိုင်ယာ ဘုရင်မင်းမြတ် လွှတ်တော်ကို လာရောက်တဲ့အခါ နားနေဖို့ ပြင်ဆင်ဆောက်လုပ်ထားတဲ့ အင်ပါယာဧည့်ခန်းဆောင် ဖြစ်ပါတယ်။ ရွှေသားအစစ်တွေသုံးထားတဲ့ ယွန်းအပြောက်အမွှန်းတွေ ကျောက်တုံးတစ်တုံးတည်းကို ထွင်းထုပုံဖော်ထားတဲ့ အ၀င်တံခါးမကြီး အရောင်အသွေး အဆင်လှပတဲ့ ကော်ဇောကြီးတွေ ပိုးသားခန်းဆီးကန့်လန့်ကာတွေ  မီးပန်းဆိုင်းတွေ နံရံကပ် ပိတ်ပန်းချီတွေနဲ့ဆင်ယင်ထားတဲ့ အင်ပါယာဧည့်ခန်းဆောင်ဟာ ဂျပန်ဒိုင်းယက်လွှတ်တော်ရဲ့ တန်ဖိုးအကြီးဆုံး အသားနားဆုံး နေရာလို့ ဆိုပါတယ်။ သူ့ခေတ်သူ့အခါက ဂျပန်တို့ရဲ့ အပြောင်မြောက်ဆုံး အနုပညာလက်ရာတွေနဲ့ ခြယ်မှုန်းထားတဲ့ ခန်းမဆောင် ဖြစ်ပါသတဲ့။ တစ်နှစ်တစ်ကြိမ် လွှတ်တော်အစည်းအဝေးတွေ စတင်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ဘုရင်မင်းမြတ်က တက်ရောက်ပြီး မိန့်ခွန်းပြောကြားဖို့ လာရောက်တဲ့အခါ နားနေလေ့ရှိတဲ့ အခန်းဖြစ်ပြီး လေ့လာသူများကတော့ အပြင်ကနေပြီးတော့ ကြည့်ခွင့်ရပါတယ်။

ဧည့်ခန်းဆောင်ထဲမှ ဘုရင်မင်းမြတ်ထိုင်ခုံ

ဒိုင်းယက်လွှတ်တော်၏ အခမ်းနားဆုံး ဘုရင်မင်းမြတ် ဧည့်ခန်းဆောင်

အထက်လွှတ်တော် စုံညီအစည်းအဝေးခန်းမရှိ ဘုရင်မင်းမြတ် နေရာ

ဘုရင်မင်းမြတ်ဧည့်ခန်းဆောင်နဲ့ ကပ်လျက်ကတော့ တော်ဝင်မိသားစု ဧည့်ခန်းဆောင် ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဧည့်ခန်းဆောင်လောက် မသားနားပေမယ့် တော်တော်လေးတော့ သားသားနားနားနဲ့ လှပတဲ့ ဧည့်ခန်းဆောင်ပါ။ တော်ဝင်မိသားစုဝင်များ လွှတ်တော်ကို လာတဲ့အခါ နားနေတဲ့ ခန်းမလို့ ဆိုပါတယ်။

တော်ဝင်မိသားစု ဧည့်ခန်းဆောင်

ဒိုင်းယက်ရဲ့ လွှတ်တော်နှစ်ရပ်မှာ အမြဲတမ်းကော်မတီ ၁၇ ခုရှိပြီး အထူးကော်မတီများကိုတော့ အခါအားလျော်စွာ လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ပါတယ်။ ၂၀၁၅ ဇန်န၀ါရီလမှာ ရှိနေတဲ့ ၁၈၉ ကြိမ်မြောက်ဒိုင်းယက်လွှတ်တော်မှာတော့ အထူးကော်မတီ ၁၆ ခုဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ ကော်မတီများဟာ သက်ဆိုင်ရာ ကော်မတီဆောင်များမှာ အလုပ်လုပ်ကြပါတယ်။

အာဏာရပါတီ နှင့် အတိုက်အခံပါတီတို့ မူဝါဒရေးရာ ဆွေးနွေးငြင်းခုံနေကြစဉ်

လွှတ်တော် ကော်မတီ စည်းဝေးခန်းတစ်ခု

လွှတ်တော်ကော်မတီ စည်းဝေးခန်းတစ်ခု

လွှတ်တော်ကော်မတီ စည်းဝေးခန်းတစ်ခု

လွှတ်တော်ထဲက ပြန်ထွက်လာပြီး အပြင်ဘက်ရောက်မှဘဲ ဓာတ်ပုံရိုက်ခွင့်ရပါတယ်။ လမ်းလျှောက်ခဲ့ရတာ သိပ်မသိသာပေမယ့် ညကျရင် ခြေထောက်တွေ တောင့်တင်းပြီး အိပ်မပျော်မှာစိုးလို့ အကြောလျှော့လေ့ကျင့်ခန်းလုပ်သင့်ကြောင်း ဧည့်လမ်းညွှန်က အကြံပြုလိုက်ပါသေးတယ်။ 

No comments:

Post a Comment