Thursday 10 March 2016

ထမင်းနဲလေးတွေ ဆိမ့်ပါစေ

. . . အလုပ်ကို စည်းမျဉ်းစည်းကမ်းနဲ့ညီအောင် ဘယ်လိုလုပ်မလဲဆိုတာကို လေ့လာတဲ့နေရာမှာ ကျွမ်းကျင်တဲ့ နေရာမှာ လက်အောက်ကို လက်ထပ်သွန်သင်နိုင်တဲ့နေရာမှာ ကျွန်တော် အင်မတန် လေးစားအားကျခဲ့တဲ့ လူကြီးတစ်ယောက်ကို ဒီနေ့လည်း သတိရစရာ အကြောင်း ပေါ်လာပြန်ပါတယ်။
.
. . . ထမင်းနဲတွေ ထိုးကြပြီ၊ ထမင်းနဲထိုးပွဲတွေ ကျင်းပကြပြီ။ လွန်ခဲ့တဲ့ ၂၀၀၈ ၂၀၀၉ လောက်တုန်းက ထင်ပါရဲ့။ အဲသည်တုန်းက ကျွန်တော်တို့ ၀င်းထဲမှာ ထမင်းနဲ ထိုးပွဲတွေ ဒီလောက်ကြီး မြိုင်မြိုင်ဆိုင်ဆိုင် မရှိသေးဘူးလို့ ထင်တယ်။ ကျွန်တော် မသိတာများလား။ သိသလောက်တော့ သိပ်မရှိသေးဘူးဗျ။ ကျွန်တော်ပါခဲ့တဲ့ ထမင်းနဲ ထိုးပွဲမှာ ကျွန်တော်က ကိုလှဝင်းပေါ့။ ကိုလှဝင်းဆိုတာ သိတယ်မို့လား။ ဘာပွဲညာပွဲ တီဗီက တိုက်ရိုက်လွှင့်တဲ့ ပွဲတော်တွေမှာ တစ်စက်ကလေးမှ ပါးစပ်မနားဘဲ သီကာပတ်ကုံး ရွှန်းရွှန်းဝေ စကားကြွယ်တဲ့ နောက်ခံစကားပြောသူကြီးနာမည်လေ။ ထမင်းနဲပွဲမှာ ကျွန်တော်က ကိုလှဝင်းဆိုတာ ဘာလုပ်ရတာလဲ သိပြီမဟုတ်လား။
.
. . . တီဗီထဲက ကိုလှဝင်း ပြောနေတုန်းသာ နားထောင်လို့ ကောင်းတာ၊ တကယ့်တကယ် ကိုယ်ကိုယ်တိုင် ကိုလှဝင်းလုပ်ရတော့မယ်ဆိုတော့မှ ငါက ဘာတွေ ပြောရမှာတုန်း ကိုယ့်ကိုယ်ကို မေးပြီး ပြောစရာက စိတ်ကူးတည့်ရာတွေ လျှောက်ပြောလို့ ရတာမှ မဟုတ်တာ။ ကိုယ်ပြောတာကို အာရုံစိုက် နားထောင်ကြသည်ဖြစ်စေ မထောင်ကြသည်ဖြစ်စေ ပရိသတ်ထဲမှာ ကိုယ့်ထက်သိတဲ့သူတွေ အပုံကြီး ပါနေနိုင်တာပဲ။ ထင်ရာမြင်ရာ လျှောက်ပြောလို့တော့ မဖြစ်ချေဘူးဆိုပြီး ထမင်းနဲနဲ့ ပတ်သက်သမျှ တွေ့ရာမြင်ရာ လက်လှမ်းမီရာ အကုန်လုံး စီကာပတ်ကုံးရေး၊ နောက်ခံတီးလုံးအဖြစ် မြန်မာ့စောင်းသံစဉ် လေးငါးပုဒ်လောက်ကို အဆင်သင့်လုပ်ထား။ ကိုလှကောင်းလာပြီဟေ့ နားငြီးဖို့ ပြင်ထားကြ အဲလေ နားသောတ ဆင်တော်မူကြပါ့ ပေါ့။ 
.
. . . တကယ့်ပွဲနေ့ကျတော့ ထမင်းနဲတွေ ထိုးကြ အိုးစည်ဒိုးပတ်နဲ့ အပြိုင်အဆိုင် ဆူဆူညံညံ မြိုင်မြိုင်ဆိုင်ဆိုင် အားတက်သရော လုပ်ကြကိုင်ကြတဲ့ အချိန်မှာ ကိုလှကောင်းအတွက် နေရာမရှိသေးဘူးလေ။ ဒီလောက် ဆူညံပွက်လောရိုက်နေတဲ့အချိန် ကိုလှဝင်းသွားလုပ် လေကုန်ရုံ ရှိပေမပေါ့။ တီဗီက တိုက်ရိုက်လွှင့်သလို နောက်ခံအသံတွေ တိုးထားတာတို့ ဖျောက်ထားတာတို့လည်း လုပ်လို့မရဘူးလေ။ လိုက်ရှိုးဆိုပေတဲ့ တစ်ဆင့်ခံ လိုက်ရှိုးမှ မဟုတ်တာ။ တိုက်ရိုက်လိုက်ရှိုးကြီးဆိုတော့ကာ ကိုယ်ပြချင်တာလေး ကွက်ပြပြီး ကိုယ်ပြောချင်တာတွေ စွတ်ပြောနေလို့ ရတဲ့ အခြေအနေ မဟုတ်ဘူးဗျာ့နော်
ထမင်းနဲ ထိုးပြီးပြီ ဆုတွေဘာတွေ ကြေညာပြီး စားကြသောက်ကြ ကျွေးကြ မွေးကြပြီ ဆိုတော့မှ ကိုလှကောင်း အခန်းကဏ္ဍက ရောက်တော့တာကိုး။ မနေ့က တစ်နေ့နဲ့ တစ်ညလုံး ရှာဖွေရေးကူး စီကုံး ထားသမျှကို တီဗီထဲက ကိုလှဝင်းလေသံနဲ့ နောက်ခံ စောင်းတီးလုံးလေးနဲ့ ပြောလို့ ကောင်းနေတုန်း ရှိသေးတယ် . . .
.
.
.
. . . ရွာထဲကို ဂျပန်တွေ ၀င်လာတယ် ထင်လို့လား
.
. . . အဲဒါထက် ဆိုးတယ်ခင်ဗျ။ 
.
. . . ခုနင်က အထက်က ကျွန်တော်ပြောခဲ့တဲ့ ကျွန်တော် အင်မတန် လေးစားတဲ့ လူကြီးကလေ။ ပွဲထကြမ်းပါလေရောလား။ ပြီးခဲ့တဲ့ မိနစ်ပိုင်းအထိ တစ်မနက်လုံး အုံးအုံးကျက်ကျက် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ဖြစ်နေတဲ့ ပွဲလေးဟာ အဲလူကြီးရဲ့ ဒေါသအောက်မှာ တစ်ခါတည်း ပျက်စီးခြင်းငါးပါး ဆိုက်ပါလေရော။

. . . ကျွန်တော်လား 
.
. . . မိုက်ခဲနေရရင် ကျေနပ်နေတဲ့ ကျွန်တော်၊ ကျွန်တော်သိပ်မြတ်နိုးတဲ့ စောင်းတီးလုံးလေးနောက်ခံထားလို့ အသံနေအသံထားနဲ့ ထမင်းနဲဆိုတာ ဘယ်လို ဘယ်လို ပြင်ဆင်ရတယ် ဘယ်လို ချွေးပြိုက်ပြိုက်ကျအောင် ထိုးရတယ်။ ကျန်းမာရေးအရ ဘယ်လို အထောက်အကူဖြစ်တယ်။ ဥတုဘောဇနကျမ်းအလိုအရ ဘယ်ဓာတ်က ဘယ်ကဲ့သို့ ၊ ဘယ်စာဆိုကြီးကတော့ဖြင့်ရင် ထမင်းနဲပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ သီကုံးဖွဲ့ဆိုခဲ့တယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘာပြုတယ် ညာပြုတယ် . . . ပြောရင်းပြောရင်း ဖီလင်တွေတက်ပြီး ကိုယ့်အသံကို သာယာပြီး ပြောလို့ဟောလို့ ကောင်းနေတုန်းရှိသေး . . . အစ်ကိုကြီးတစ်ယောက်က ပြူးပြူးပျာပျာ ရောက်လာတဲ့ပြီး ဟကောင် သောက်တုံး လျှောက်ပြောမနေနဲ့ ရှေ့မှာဘာတွေဖြစ်နေတုန်း နားလည်းစွင့်အုံးဟ ဆိုတော့ ဘာလား။ မီးများ လောင်တာလားပေါ့။
.
. . . ဟုတ်တယ်ဗျ မီးလောင်တာ
.
. . . ဘာမီးလဲဆိုတော့ ဒေါသမီးလေ။ အာ့လူကြီးမှာ လောင်တဲ့ ဒေါသမီးအပူက ပွဲတစ်ပွဲလုံးကို ကူးစက်ပြီး ပျော်ရွှင်ချမ်းမြေ့ ကြည်နူးစရာကောင်းတဲ့ ထမင်းနဲပွဲလေးဟာ အောင်မြင်ပါလျက်ကနဲ့ အကျဉ်းတန် အရုပ်ဆိုး ဒေါသမီးဘေး သင့်ခဲ့ရတယ်။
.
. . . ဘာတွေကများ အာ့လူကြီးကို စိတ်ဆိုးဒေါသထွက်ရလောက်အောင် ဖြစ်စေခဲ့တာပါလိမ့်။ တကယ်တမ်းကျတော့ ဘာမှလည်း မယ်မယ်ရရ မဟုတ်ဘူးဗျ။ ဒီလိုပဲ လုပ်ကြကိုင်ကြတဲ့ နေရာမှာ အဆင်မသင့်တာလေးတွေ အချိုးမကျတာလေးတွေဆိုတာ ရှိတတ်ကြတာပေါ့။ တကယ်တမ်းသာဆို ထမင်းနဲထိုးပွဲ ပြီးပြီဆိုမှ နောက်တစ်နေ့ ကျမှဖြစ်ဖြစ် ပြန်လည်သုံးသပ် အားသာချက် အားနည်းချက် ဖော်ထုတ်ကြဒီလိုလုပ်သင့်တာပေါ့။ လူကြီးလူကောင်း ဆန်ဆန် စနစ်တကျပေါ့။
.
. . . အခုတော့ မဟုတ်ပေါင်ဗျာ။ ငါလူကြီး ငါပြောရင် ဒီကောင်တွေ ငြိမ်ခံနေရမှာပဲဆိုပြီးတော့လေ။ ကိုယ့်ဒေါသကို မထိန်းသိမ်းပဲ ကုသိုလ်တရားကို ဖျက်ဆီး၊ ပျော်ရွှင်မှုကို ဖျက်ဆီး၊ တစ်လောကလုံးကို သူ့လောက် အသုံးမကျဘူးဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ လုပ်ရက်နိုင်အားသူကြီးပေါ့ဗျာ။ သူ့စိတ်ခံစားချက်ကို မထိန်းသိမ်းတဲ့ အကျိုးဆက်က တစ်ခြားသူတွေတော့ မသိဘူး။ ကျွန်တော်ဆို ထမင်းနဲမြင်တိုင်း ဒီလူကြီး ဖျက်ဆီးခဲ့တဲ့ ထမင်းနဲပွဲကို ပြေးပြေးမြင်မိလို့ တစ်ခါတစ်ခါ ထမင်းနဲ အရသာတောင် လျှာပေါ်မှာ ခါးသလိုလို ဖြစ်မိတယ်။ ထမင်းနဲထိုးပွဲတွေမြင်ရရင် ဒီလူကြီးများ လာနှောင့်ယှက်အုံးမလား ပွဲဖျက်အုံးမလား ပူပင်စိတ်ကလေး လှစ်ကနဲ ပေါ်မိတဲ့အထိ ကျွန်တော့်စိတ်ကို အဲဒီတစ်ဒင်္ဂလေးမှာ လာလာလောင်တယ်။ အဲဒီလိုလောင်တိုင်းလည်း ချမ်းမြေ့ဆရာတော်ဘုရားကြီး သွန်သင်ခဲ့တဲ့အတိုင်း ကိုယ့်စိတ်ရဲ့ အဖြစ်အပျက်ကို မြင်အောင်ကြည့်ပြီး ကိုယ့်မီးကို ငြှိမ်းရတာ. . .
.
. . . ဒီလိုပြောလို့ ဒီလူကြီးကို မုန်းနေတယ် မထင်လေနဲ့။ အမှားတွေကို ရှောင်ဖို့ အမှန်တွေကို ဆောင်ဖို့ သူ့ဆီက သင်ယူနိုင်ခဲ့တာတွေ နည်းတာမှတ်လို့၊ အဲသည်တုန်းက အထက်လူကြီး လက်အောက်ငယ်သား၊ နောင် တစ်နှစ်ခွဲလောက်ကြာတော့ လုပ်ဖော်ကိုင်ဖက် သဘောမျိုး ကိုယ့်ကို တန်းတူရည်တူ ဆက်ဆံလို့ အရေးအရာလုပ်ပြီး တိုင်ပင်ဆွေးနွေးလို့၊ နောက် မတွေ့ဖြစ်ကြတော့ဘူး။ သူ့ရဲ့ လုပ်ရည်ကိုင်ရည် တော်တော်များများကို အခုထိ လေးစားအားကျတုန်း။ ဒါပေမယ့် .
.
. . . ဒါပေမယ့် ထမင်းနဲစားချိန် လျှာပေါ်မှာ လှစ်ကနဲ လှစ်ကနဲ ခါးခါး သွားတာကတော့ ဆိုးလှသဗျာ။ 
.
(တပို့တွဲ လပြည့်နေ့ ၁၃၇၇)

No comments:

Post a Comment