Sunday, 30 November 2014

အလင်းရောင်

           အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ်ခုခု ထွက်ပြောပေးစေချင်တယ်လို့ အရင်တစ်ခေါက်က ညီငယ် ညီမငယ်များသို့ ဆိုတဲ့ စာထဲမှာ ထည့်ရေးဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတစ်ယောက် ဦးစီးရေးဆွဲခဲ့တဲ့ ဥပဒေမို့လို့လည်း မြော်လင့်ချက် အများကြီး ထားခဲ့ပါတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဦးစီးရေးဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီက တစ်ခုခု ပြောလာမှာကိုလည်း ဒီရက်ပိုင်းတွေမှာ နားစွင့်နေခဲ့မိပါတယ်။

ပြီးခဲ့တဲ့တစ်ရက်က ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။ အဆိုကတော့ လွှတ်တော်မှာ ဥပဒေတွေ ပြဌာန်းခဲ့ပေမယ့် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက နည်းဥပဒေတွေ ထုတ်ပြန်တာ လိုအပ်ချက်တွေ ရှိနေတာမို့ ဥပဒေတွေကို အသက်ဝင်ဆောင်ရွက်မှု အားနည်းတဲ့အကြောင်း အဓိက ထောက်ပြသွားတာပါ။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေမှာလည်း နည်းဥပဒေ မရှိသေးဘူးလို့ ပြောမိလို့ နည်းဥပဒေထွက်ပြီးပါပြီဆိုပြီး သက်ဆိုင်ရာက ပြန်လည်ရှင်းလင်းတာလည်း ကြားသိရပါတယ်။ သူ့ဘာသာ သတင်းအချက်အလက် အားနည်းလို့ မှားသွားတဲ့ ကိစ္စကိုတော့ မပြောလိုပါဘူး။ ဒါက သူ့တို့ကိုယ်တိုင်ရဲ့သမိုင်း၊ သူတို့ အဖွဲ့အစည်း သတင်းအချက်အလက် ထောက်ပံ့နေသူတွေရဲ့ သမိုင်းဖြစ်ပါတယ်။ ပြောလိုတာကတော့ အရေးကြီးအဆို တင်သွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားတွေထဲမှာ ကျွန်တော် စောင့်မျှော်နားစွင့်နေတဲ့ အကြောင်းအရာ ပါလာခဲ့တာကိုပါပဲ။ ပြောခဲ့တဲ့အတိုင်း တိုက်ရိုက်ရေးပြပါရစေ။

''အရေးကြီးတဲ့ဥပဒေတစ်ခုက အမျိုးသားပညာရေးဥပဒေပါပဲ။ အဲဒီ ဥပဒေဟာ အများသိတဲ့အတိုင်း အခုဆိုရင် ဒီဥပဒေရဲ့အပေါ် ကျောင်း သားများဟာ ဆန္ဒပြနေကြတယ်။ အမျိုးသားပညာရေးဥပဒေဟာ ကျွန်မ တို့နိုင်ငံရဲ့ အခုပစ္စုပ္ပန်အတွက်သာ မဟုတ်၊ အနာဂတ်အတွက် အင်မတန် မှ အရေးကြီးတဲ့ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကိုရေးဆွဲတဲ့နေရာမှာ အချိန် ယူပြီးတော့ သက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်မှုနဲ့ ရေးဆွဲခဲ့တာပါ။ အခုထိ တော့ နည်းဥပဒေ မထွက်သေးပါ ဘူး။ မထွက်သေးသရွေ့တော့ ဒီအမျိုးသားပညာရေး ဥပဒေဟာ ဘယ်လိုထိရောက်မှုရှိတယ်၊ မိမိတို့ဘဝ အတွက် ဘယ်လို ပတ်သက်မယ်ဆို တာကို ကျောင်းသားလူငယ်များဟာ မသိနိုင်ပါဘူး။ အမျိုးသားပညာရေး ဥပဒေနဲ့ဆက်စပ်နေတဲ့ နည်းဥပဒေ တွေ အမြန်ဆုံးထုတ်ပြန်ပေးဖို့ လို ပါတယ်။ ဒါမှလဲ ကျောင်းသားတွေ ရဲ့မကျေနပ်ချက်တွေကို သေသေချာချာ ဆွေးနွေးပြီးတော့ ညှိနှိုင်းတိုင်ပင် ပြီးတော့ အဖြေရှာနိုင်မှာဖြစ်ပါတယ်'' လို့ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီး အဆိုထဲမှာ ထည့်ပြောသွားတာပါ။ ပြောသွားခဲ့တဲ့ စကားတွေကိုတော့ ထပ်ပြီး အဓိပ္ပာယ် ဖွင့်ဆို မပြတော့ပါဘူး။

ဒီစကားကို ကြားရတော့ ကျွန်တော်ပျော်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရစဉ်က အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး သူမ ပြောကြားခဲ့တာတွေကိုလည်း အခု ဆွေးနွေးချက်တွေက ထပ်လောင်း အတည်ပြုလိုက်သလိုပါပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း မီဒီယာတွေက ကျယ်ကျယ်ပျံ့ပျံ့ ရေးသားဆွေးနွေးကြမယ်။ ဆန္ဒပြနေတယ်ဆိုတဲ့ ကျောင်းသားကျောင်းသူတွေဆီကို သတင်းစကား ပါးကြလိမ့်မယ်လို့ အမျှော်လင့်ကြီး မျှော်လင့်လိုက်မိပါတယ်။

ဒါပေမယ့် ဒါပေမယ့်ပေါ့ဗျာ။ ကျွန်တော် မှားခဲ့ပါတယ်။ ကျွန်တော့်အထင်တွေ မှားခဲ့မိပါတယ်။ ကျွန်တော့်မျှော်လင့်ချက်တွေ ပျက်ခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ဒီစကားဟာ တကယ်တော့ တော်တော်ကို တာသွားတဲ့ စကားပါ။ ဆန္ဒပြနေသူတွေအပေါ်ကို တော်တော်ကို အကျိုးသက်ရောက်မှု ရှိစေတဲ့ စကားပါလို့ ကျွန်တော်က ယူဆခဲ့ပေမယ့် မီဒီယာတွေကတော့ ယူဆခဲ့ဟန် မရှိပါဘူး။ မူရင်းအကြောင်းအရာထက် မိတ်ကပ်လိမ်းခြယ် လိုရာပုံသွင်းပြီးမှ လက်ဆင့်ကမ်းကြတဲ့ မီဒီယာတွေရဲ့ ကျေးဇူးရယ်၊ ၀ါဝါမြင်တိုင်း ရွှေအစစ်ထင်ကြတဲ့ မောင်မင်းကြီးသား မယ်မင်းကြီးမများရယ် ပေါင်းလိုက်တော့ ဘာမဟုတ်တဲ့ မလိုတစ်မျိုး လိုတစ်မျိုး အပြစ်တင်ဝေဖန်ကြတာတွေသား မကြားချင် မမြင်ချင်တစ်ဆုံး ထွက်လာပြီး တကယ်အနှစ်သာရဖြစ်တဲ့ အခုအချိန်မှာ ရေပန်းစားနေတဲ့ အမျိုးသားပညာရေးဥပဒေ ကန့်ကွက် ဆန္ဒပြကျောင်းသားများဆီကို အဖိုးတန်တဲ့ သတင်းအချက်အလက်တွေ ရောက်သွားဟန် မတူပါဘူး။

ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုသာဆိုရင်ဖြင့် နိုင်ငံရဲ့ အနာဂတ်အတွက် စိတ်အားထက်သန်မှုတွေ သတ္တိတွေ အပြည့်ရှိနေတဲ့ ကျွန်တော်တို့ ညီငယ် ညီမငယ်တွေကို ဘယ်သူတွေကများ လမ်းပြကြမှာပါလိမ့်။ ဘယ်သူတွေကများ အလင်းရောင်ပေးကြမှာပါလိမ့်။ စတုတ္ထမဏ္ဍိုင်လို့ ကိုယ့်ကိုယ်ကို ခံယူတဲ့ မီဒီယာများကို တစ်ခုလောက် တောင်းဆိုချင်ပါတယ်။ စောင်ရေတက်အောင်လည်း လုပ်ကြပါ။ ပိုက်ဆံလည်း ရှာကြပါ။ အရေးကြီးဆုံးဖြစ်တဲ့ အလင်းရောင်ပေး တည့်မတ်လမ်းညွှန်မှု တာဝန်ကိုလည်း မပျက်မကွက် ထမ်းဆောင်ပေးကြပါလို့ မျှော်လင့်တကြီး တောင်းဆိုလိုက်ပါတယ်။

( http://myanmaronlinenew.blogspot.jp/2014/11/blog-post_879.html )

Wednesday, 26 November 2014

ညီငယ် ညီမငယ်များသို့


အိုဘာမား မြန်မာပြည်လာတော့ လူငယ်တွေနဲ့ တွေ့ဆုံစကားပြောတာ လူငယ်တွေမေးတာတွေကို ဖြေဆိုသွားတာကို ကြည့်ပြီးတော့ မြန်မာလူငယ် ညီငယ် ညီမငယ်တွေရဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ ရဲရဲဝံ့ဝံ့ မေးခွန်းထုတ်တာတွေ မြင်ရပြီး အားတက်မိပါတယ်။ ဟုတ်တယ် ကိုယ်တွေတုန်းက မရခဲ့တဲ့ အခွင့်အရေးကို အခုညီငယ်ညီမငယ်တွေ ရပြီ။ မေးခွန်းထုတ်တာလည်း အလုပ်ဖြစ်ရုံ မေးတယ်ဆိုရုံ တစ်ယောက်စ နှစ်ယောက်စ မဟုတ်ဘဲ သူ့ထက်ငါ အလုအယက် မေးကြမြန်းကြတာကို ကြည့်ပြီး သူတို့ကိုယ်စား ဂုဏ်လည်း ယူမိပါတယ်။ ဒါမှ ငါတို့ မြန်မာကွ ဆိုပြီး ကြည်နူးအားတက်မိပါတယ်။ ငါတို့ရဲ့နိုင်ငံမှာ ဒီလိုလူငယ်တွေ ရှိနေပြီဆိုတာ သိရတော့ တော်တော်ကို ၀မ်းသာအားရဖြစ်မိပါတယ်။
တစ်နေ့တည်းမှာဘဲ ကျောင်းသားတစ်ချို့က အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြကြတယ်ကြားတော့ လေ့လာကြည့်မိပါတယ်။ စိတ်ထဲမှာလည်း သူတို့အတွက် တော်တော်ကို ဂုဏ်ယူရတော့မလို ခံစားရမိပါတယ်။ ငါတို့ ညီငယ်ညီမငယ်တွေ မျက်စိတွေ နားတွ ပွင့်လာကုန်ပြီ။ လေ့လာဆန်းစစ် ဝေဖန်တတ်ကုန်ပြီဆိုပြီးတော့ပါ။ ဒါပေမယ့် တက်လာတဲ့ပုံတွေ ကြည့်လိုက်တော့ ကျောင်းသားဆိုသူတွေကြားမှာ ကျောင်းအုပ်ကြီးအရွယ်တွေလည်း ပါနေတာ၊ နိုင်ငံရဲ့ လက်ရှိအချိန်နဲ့ အနာဂတ်အတွက် အလွန်ကို အရေးကြီးတဲ့ ပညာရေးဆိုင်ရာ လှုပ်ရှားမှုကြီးမှာ မသင့်တော် မအပ်စပ်တွေ မြင်ရကြားရတာကတော့ သိပ် အဆင်မပြေလှပါဘူး။ ဒါလည်း တစ်မျိုးတော့ ဖြေတွေးလို့ ရပါသေးတယ်။ သူတို့ခမျာ ငယ်တုန်းရွယ်တုန်းဆိုတော့ စိတ်မချတဲ့ အစ်ကိုမောင်ဖား မိဘများက ဆန္ဒပြပွဲထဲ အတူတူပါပြီး စောင့်ရှောက်တယ်လို့ပဲ မှတ်ယူလိုက်ပါတယ်။ နောက်ပြီးတော့ တက္ကသိုလ်ကျောင်းသားဆိုတာ ငယ်ကြရွယ်ကြသေးတဲ့အရွယ်ဆိုတော့ ကိုယ့်အသက်အရွယ် ကိုယ့်မျက်လုံးနဲ့ လိုက်ကြည့်လို့ကတော့ အရာရာ အံဝင်ခွင်ကျ မဖြစ်ဘူးဆိုတာလည်း ဖြစ်နေကျပေကိုး။
ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေ ဘာတွေ ဆိုတာလည်း ဖတ်ရပါတယ်။ ဘာမှ မဝေဖန်လိုပါဘူး။ ဥပဒေတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုတယ်ဆိုတာာ ဖွင့်ဆိုတဲ့လူအပေါ်မှာလည်း မူတည်သေးတာကိုး။ ဥပဒေက ရေးထားတဲ့အတိုင်းသာ လူတိုင်းအတူတူ နားလည်ဖွင့်ဆိုကြမယ်ဆိုရင် မြန်မာပြည်မှာ အခြေခံဥပဒေ ခုံရုံးဆိုတာလည်း ထားစရာ လိုမှာမဟုတ်ဘူး။ အမေရိကန်မှာလည်း အခြေခံဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုရေးအာဏာကို တရားရုံးချုပ်ကို အပ်နှင်းထားစရာ လိုမှာ မဟုတ်ဘူး။ သူတို့လို ဖြူစင်တဲ့ လူငယ်လေးတွေ မဆိုထားနဲ့။ အမေရိကန်လို ဒီမိုကရေစီ ရင့်ကျက်ပြီး နိုင်ငံကြီးမှာတောင်မှ ကွန်ဂရက်အမတ်တွေ ပြုလိုက်တဲ့ တစ်ချို့ ဥပဒေတွေကို တစ်ချို့ပြည်နယ်တွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ပယ်ချတာ။ တရားရုံးက အခြေခံဥပဒေနဲ့ မညီညွတ်ကြောင်း ဆုံးဖြတ်တာတွေ ရှိနေတာပဲ ဆိုတော့ အဓိပ္ပာယ်ဖွင့်ဆိုမှုအရ သူတို့ နားလည်သလို ဆန္ဒပြတာဟာ လက်မခံနိုင်စရာတော့ မရှိပါဘူး။ ဒီလိုဝေဖန်သုံးသပ်တတ်တဲ့ လူငယ်တွေရှိနေတဲ့ နိုင်ငံတစ်ခုအဖြစ် ဂုဏ်တောင်ယူရအုံးမှာပါ။
သူတို့ ဆန္ဒပြတဲ့နေရာမှာ မဖြစ်သင့်တာ မဖြစ်ရအောင် အသက်ငယ်ပေမယ့် အတွေးအခေါ် အပြုအမူ ရင့်ကျက်တဲ့ သူတွေအဖြစ် နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း တစ်ဘက်တစ်လမ်းက လုပ်နေကြတာကို အားတောင် အားပေးသင့်ပါသေးတယ်။ သူတို့လေးတွေနဲ့အတူ ပါနေတဲ့ အသက်ကြီးကြီး ပုဂ္ဂိုလ်တွေက သူတို့ကို လမ်းကြောင်း ထိန်းမတ်သွားမယ်လို့ပဲ ရိုးရိုးသားသား (ခပ်တုံးတုံး) ယုံကြည်ထားခဲ့မိပါတယ်။ သူတို့ ဆန္ဒပြ သတင်းတွေကို ကြည့်ပြီး တိတ်တိတ်လေး ဆုတောင်းနေမိပါတယ်။ ညီလေး ညီမလေးတွေ ငယ်ရွယ်တဲ့အလျှောက် စိတ်လိုက်မာန်ပါ မလုပ်မိကြပါစေနဲ့။ အစိုးရကလည်း သည်းခံနိုင်သရွေ့ သည်းခံကြပါစေ။ သပိတ်မှောက်သူများနဲ့ လုံခြုံရေးတာဝန်ရှိသူများ ထိပ်တိုက်တွေ့ကြရတဲ့အဖြစ်ကို ဘယ်လိုနည်းနဲ့မှ မရောက်ပါစေနဲ့။ သမ္မာဒေ၀နတ်ကောင်းနတ်မြတ်များ အားလုံးကို စောင့်ရှောက်တော်မူကြပါလို့ ဆုတောင်းနေမိပါတယ်။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ
တကယ်ဖြစ်နေတာက ကျွန်တော် တွေးထားသလောက် မရိုးရှင်းဘူးဆိုတာ တဖြည်းဖြည်းနဲ့ သိလာရပါတယ်။ တူတံဇဉ်တံဆိပ်နဲ့ ကွန်မြူနစ်ပုံစံ ခမောက်ဆောင်းတာ တွေ့လာရတယ်။ ကွန်မြူနစ်သီချင်းဆိုဖို့ လှုံ့ဆော်တာ တွေ့လာရတယ်။ ပုံနှိပ်မီဒီယာတစ်ချို့ကဆို မြို့တော်ခန်းမကို သိမ်းပိုက်လိုက်သယောင်ယောင် ရေးတာတောင် ဖတ်ရပါတယ်။
နောက်တစ်ခုက ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်တစ်ချို့နဲ့ မီဒီယာတွေ စကားပြောခန်းတွေ ကြည့်ရတာလည်း သူတို့ သိထားတာတွေ သူတို့ပြောတာတွေမှာ ဘ၀င်မကျစရာတွေ တော်တော် တွေ့လာရပါတယ်။ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အဲဒါက ဥပဒေကြမ်းလား ဥပဒေ ဖြစ်ပြီးပြီလား။ ဥပဒေဖြစ်ပြီး အကောင်အထည်ဖော်ဖို့ ဘာတွေ ထပ်လုပ်ရမှာလဲ။ မသိနိုးနားတွေ ထင်ရာမြင်ရာ ပြောနေကြတာတွေ မြင်ရတော့ စောစောတုန်းက လေးစားထားမိတာတွေ အားတက်မိတာတွေ အစား စိတ်ပျက်လက်ပျက် နဲ့ ဖြစ်မှဖြစ်ရလေလို့ တွေးမိလာပါတော့တယ်။
သိထားတာနည်း နည်းနည်း ပြန်ဝေမျှရရင် ဒီဥပဒေကို လွှတ်တော်က အချိန်ယူပြီး ရေးဆွဲခဲ့တာပါ။ ဥပဒေက ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ ဥပဒေဆိုတာ ရှိမှ မရှိတာကိုး။ ဒီဥပဒေ ရေးဆွဲရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရစဉ်က ဒီဥပဒေရေးဆွဲတဲ့ အခြေအနေကို မေးမြန်းကြည့်မိပါတယ်။ သူကလည်း ၀န်ခံထားပြီးသားပါ။ လူတိုင်းတော့ ကြိုက်မှာမဟုတ်ဘူးတဲ့။ ဒါလည်း မှန်တာပါပဲ။ လူတစ်ရာရှိရင် လူတစ်ရာလုံးက တစ်စိတ်တစ်ဝမ်းတည်း နှစ်သက်လက်ခံကြမယ်ဆိုတာ ဘုရားတောင် မရပါဘူး။ ကမ္ဘာပေါ်မှာ အကောင်းဆုံး မဟုတ်ပေမယ့် မြန်မာပြည်အခြေအနေအရတော့ အကောင်းဆုံး ဖြစ်အောင် ပညာရှင်တွေ အကူအညီယူပြီး ရေးဆွဲထားတာလို့ ဒေါ်စုက သေချာ ရှင်းပြခဲ့ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တိုင်းက ပညာရေးနဲ့ ပတ်သက်ပြီး မူဝါဒတစ်ခုကို ကောင်းကောင်းမွန်မွန်ချမှတ်နိုင်ပါ့မလားလို့ သံသယမေးခွန်း မေးတာတောင်မှ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ သေချာ ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲနေတာမို့လို့ စိတ်မပူပါနဲ့ဆိုပြီး ကျွန်တော့်ကိုနှစ်သိမ့်လိုက်ပါသေးတယ်။  ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ပညာရှင်တစ်ယောက် ရေးဆွဲထားတာမို့လို့ ဒီဥပဒေကို မဖတ်မိခင်ကတည်းကိုက ပုဂ္ဂိုလ်ခင်လို့ တရားမင်ပြီးသားပါ။ အခုလို အခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကသာ အခြေအနေကို ထွက်ပြီး ရှင်းပြလိုက်မယ်ဆိုရင် ကိစ္စတော်တော်များများ ငြိမ်းသွားမှာပဲလို့လည်း မျှော်လင့်တွေးလေး တွေးမိပါတယ်။
ဒီစာကို အဓိက ရေးဖြစ်တဲ့ အကြောင်းကတော့ သည်ဗွိုက်အင်တာနက်စာမျက်နှာမှာ ဖတ်ရတဲ့ သတင်းလေးတစ်ပုဒ်ကြောင့်ပါ။ သတင်းခေါင်းစဉ်က အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ လေးပွင့်ဆိုင် ဆွေးနွေးရန် ကျောင်းသားထု တောင်းဆို လို့ ရေးထားပါတယ်။ ဒီလိုဆိုရင်တော့ နည်းနည်းလွဲနေပြီလို့ ထင်လာပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ကျောင်းသားတစ်ချို့ဟာ  ဥပဒေကြမ်းလား ဥပဒေလား ဘာလား ညာလား မသိကြတာကတော့ လှုပ်ရှားနေသူတွေထဲက ကြုံရာကျပမ်းလူကို မေးမြန်းတင်ဆက်ရတာမို့ တစ်ချို့တွေ မသိကြဘူးဆိုတာကို အတိုင်းအတာတစ်ခုထိ နားလည်ပေးလို့ ရသလို မီဒီယာသမား တစ်ယောက်က ရုတ်တရက် မေးလိုက်တဲ့အခါ ဖြေမိဖြေရာ ဖြေလိုက်ကြတာမို့ အမြီးအမောက် မတည့် ဖြစ်ကြတာလို့ သဘောပေါက်ထားပြီးသာ ဖြေတွေး တွေးထားပြီးသားပါ။ အခုလို အစည်းအဝေးတစ်ခု ကျကျနန ကျင်းပပြီးတော့ တောင်းဆိုတယ် ဆိုတာကတော့ ကြုံရာကျပမ်းအဆင့် မဟုတ်တာ့ပါဘူး။ အခုလှုပ်ရှားမှု ခေါင်းစဉ်နဲ့ ဘယ်လိုမှကို အပ်စပ်လို့ မရတဲ့ ကိစ္စဖြစ်တာမို့ ဖတ်မိတဲ့လူတောင် ဇဝေဇ၀ါ ဖြစ်သွားမိပါတယ်။
တကယ်ဆိုရင် အစိုးရကလည်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်း တုန့်ပြန်ထားပြီးသားပါ။ ဥပဒေပြုရေးဆိုတာ လွှတ်တော်ရဲ့ အလုပ်ဖြစ်တာမို့ အစိုးရ(အုပ်ချုပ်ရေးပိုင်းက) ကြားဝင်ဆောင်ရွက်ပေးမယ် ဆိုတာမျိုး၊ တစ်ဖွဲ့ချင်း တစ်ယောက်ချင်း လာရောက် ဆွေးနွေးနိုင်ကြောင်းတွေကို ကမ်းလှမ်းထားပြီးသားပါ။ ဒီလောက် သိမ်သိမ်မွေ့မွေ့ တုန့်ပြန်လာလိမ့်မယ်လို့တောင်မှ မမျှော်လင့်ထားခဲ့မိပါဘူး။ အလျဉ်းသင့်လို့ ရှင်းပြချင်တာက ဥပဒေပြုရေးအာဏာဟာ လွှတ်တော်လက်ထဲမှာပဲ တစ်ရာရာခိုင်နှုန်း ရှိနေတာပါ။ စကားကုန်ပြောရရင် သမ္မတက သဘောမကျလို့ လက်မှတ်မထိုးဘူး ဆိုရင်တောင် သတ်မှတ်ကာလပြည့်တာနဲ့ လွှတ်တော်က အတည်ပြုထားတဲ့အတိုင်း အာဏာတည်ရတာမျိုးပါ။  ဥပဒေပြုရေးနဲ့ ပတ်သက်လာရင် လွှတ်တော်အထက်မှာ ဘယ်သူမှ ရှိမနေပါဘူး။ နှစ်နှစ်လောက် အချိန်ယူ ရေးဆွဲခဲ့တုန်းက ဒီကျောင်းသားတွေ သတိမထားမိလိုက်တာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် အခု လွှတ်တော်ကို အကျိုးအကြောင်းနဲ့ ခိုင်ခိုင်လုံလုံ တင်ပြမယ်ဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေက နေမှာ မဟုတ်ပါဘူး။ အကြောင်းအကျိုး ဆီလျော်အောင် အများဆန္ဒအတိုင်း လုပ်ပေးကြမယ်လို့ ယုံကြည်ပါတယ်။
မြန်မာ့ပညာရေးကို မြှင့်တင်ဖို့ စိတ်အားထက်သန်စွာနဲ့ လှုပ်ရှားနေကြတဲ့ ညီငယ် ညီမငယ်များကို မောင်ရင်းနှမစိတ်ထားနဲ့ စကားလက်ဆောင်များ ပါးချင်ပါတယ်။ ညီငယ်ညီမငယ်များရဲ့ စိတ်အားထက်သန်တက်ကြွမှုကို လေးစားဂုဏ်ယူပါတယ်။ ဒီလိုပြောတာက ညီငယ် ညီမငယ်များ အခု လုပ်နေကြတာတွေ အကုန်လုံးကို အလုံးစုံ ထောက်ခံတယ်လို့တော့ မဆိုလိုပါဘူး။ ပညာဆိုတာ စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်မှုပါ။ မိမိတို့ရဲ့ စိတ်အားထက်သန်မှုကို ချင့်ချိန်ဝေဖန်ပိုင်းခြားမှုနဲ့ ပေါင်းစပ်ကြပါ။ စဉ်းစားပါ။ စဉ်းစားပါ။ စဉ်းစားပါ။ လေ့လာပါ။ အရင်က မသိခဲ့ဘူးဆိုရင်တောင် အခုကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပြုရေး လုပ်ငန်းစဉ်ကို သေသေချာချာသိအောင် လေ့လာကြပါ။ ညီငယ် ညီမငယ်တို့ အမြော်အမြင်ရှိရှိ ပညာသားပါပါ လှုပ်ရှားလုပ်ကိုင်နိုင်တာနဲ့အမျှ အားလုံးမျှော်လင့်နေတဲ့ ပညာခေတ်ကြီးကို ချီတက်တဲ့နေရာမှာ အများကြီး အထောက်အကူ ရမှာပါ။ လွှတ်တော်တံခါးကြီးက ဖွင့်ထားပါပြီ။ ပညာကို လိုလားသူများပီပီ ပညာရှင်ဆန်ဆန် တွေးခေါ်မြော်မြင် ပြုမူကြပါ။ အနီးအနားက လူကြီးသူမများကလည်း လူငယ်များရဲ့ နုပျိုလန်းဆန်း တက်ကြွမှုကို တစ်လွဲ အသုံးမချမိကြအောင် ထိန်းသိမ်းပေးကြပါ။ ညီငယ် ညီမငယ်တို့ စဉ်းစားချင့်ချိန် လုပ်ကိုင်နိုင်တာနဲ့အမျှ သမိုင်းက ကောင်းရင်ကောင်းသလို မှတ်တမ်းတင်ပေးသွားပါလိမ့်မယ်။ မြန်မာ့အနာဂတ်ပညာရေးအတွက် စေတနာဗရပွနဲ့ လှုပ်ရှားနေတဲ့ ညီငယ်ညီမငယ်များ လူမိုက်တွေး လူမိုက်ပြော လူမိုက်ကျင့် လူမိုက်ကြံ များကို ရှောင်ရှားပြီး ပညာရှိတွေး ပညာရှိပြော ပညာရှိကျင့် ပညာရှိကြံ လုပ်ကိုင်ဆောင်ရွက်ရင်းနဲ့ အနာဂတ်နိုင်ငံတော်ရဲ့ ခေါင်းဆောင်များအဖြစ် နိုင်ငံတော် တည်ဆောက်ရေးကို အခုထက်မက ဆထက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်း ဆန္ဒပြုလိုက်ပါတယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

Monday, 24 November 2014

ဦးရွှေရိုး နဲ့ ဒေါ်မိုး

IUJ Culti-Fiesta မှာ ကပြအသုံးတော်ခံခဲ့တဲ့ ဦးရွှေရိုးနဲ့ ဒေါ်မိုးပါ။ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ ဖြစ်ပေမယ့် မြန်မာ့ရိုးရာ အကတစ်ခုကို အကောင်းဆုံးကြိုးစားပြီး တင်ဆက်သွားခဲ့တာကို မြင်နိုင်ပါတယ်။

ညီညာစေ ညီညာစေ

ယဉ်ကျေးမှုပွဲတော်မှာ မြန်မာအဖွဲ့ တင်ဆက်ပြီးတဲ့အချိန်မှာ ပရိသတ်ကို နှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာတဲ့ အစီအစဉ်ဖြစ်ပါတယ်။

မြန်မာ့ခြင်းလုံး

ကျွန်တော်တို့ တက္ကသိုလ် ယဉ်ကျေးမှုပွဲတော်မှာ ဂုဏ်ယူစွာ တင်ဆက်ခဲ့တဲ့ မြန်မာ့ခြင်းလုံး သရုပ်ပြ


Wednesday, 12 November 2014

ပါနိုင်လွန်းတဲ့ စစ်တပ်


. . . ဒီနေ့ အေပက်အစည်းအဝေး ပုံတွေကိုကြည့်ရင်း တစ်ခု သတိထားမိတယ်။ စစ်တပ် စစ်တပ်။ တရုတ်ပြည်က စစ်တပ်ပြောပါတယ်။ နေရာတကာဗျာ။ စစ်တပ် ကိုယ့်ဘာသာ စစ်တန်းလျားမှာ နေပေါ့ဗျာ။ အစည်းအဝေး လာတက်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လေယာဉ် လှေခါးရင်းက စောင့်ပြီး တန်းစီအလေးပြုရတာနဲ့။ နိုင်ငံတော် ခေါင်းဆောင်ချင်း တွေ့တဲ့အခါ ဂုဏ်ပြုတပ်ခွဲဆိုပြီး လာအလေးပြုရ စစ်ရေးပြရတာနဲ့။ တကယ်ဗျာ။ သူတို့တွေ စစ်တပ်လောင်းရိပ်အောက်က အခုထိကို မလွတ်နိုင်သေးဘူး။ ဒီပုံအတိုင်းဆို တစ်သက်လုံး လွတ်မယ်မထင်ဘူးဗျ။ ဒီနိုင်ငံတွေကိုကြည့်ပြီး ကျွန်တော်တို့တွေ သင်ခန်းစာ ယူရမယ်။ အခုတော့ ဟုတ်သေးပါဘူး။ နောက် ဘယ်သူဆိုလား ဘုရားဆိုလား အဲဒါ သမ္မတဖြစ်ရင်ပေါ့။ ကျွန်တော် စိတ်ကူးထားတယ်။ အဲဒီကျရင် ဓီမိုကလေဆီ ဗားမားနိုင်ငံဂျီးကို အခြားနိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေ လာလည်ကြပြီပေါ့။ ရွှေလမ်း ငွေလမ်း ဖောက်ကြပြီပေါ့ဆိုရင် အခု သူများတွေ လုပ်နေတဲ့ ကြိုဆိုနည်းတွေကို တော်လှန် ပြောင်းလဲပြီး နည်းလမ်းသစ်နဲ့ ကြိုဆိုကြမယ်။ စစ်တပ်က အလေးပြုပြီး ကြိုတယ်ဆိုတာ ဒီမိုကရေစီ သိက္ခာကျတယ်။ ဓီမိုကလေဆီ ကျက်သရေယုတ်တယ်။ ဘာစစ်တပ်မှ လာစရာလိုဘူး။ ဘယ်စစ်သားတွေမှ လာအလေးပြုနေစရာ လိုဘူး။ နိုင်ငံခြားသမ္မတကြီးတွေ လေယာဉ်ပေါ်က ဆင်းတာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းကိုက ဒီနိုင်ငံဟာ ဓီမိုကလေဆီ နိုင်ငံဆိုတာ ကွင်းကနဲ ကွက်ကနဲ ပေါ်လွင်သွားစေမယ့် ကြိုဆိုနည်းတွေ စီစဉ်ထားရမယ်။ ပထမဆုံး လေယာဉ်လှေခါးခြေမှာ ပန်းစည်းကမ်းမယ့် မိန်းကလေးဟာ ၀တ်လစ်စလစ် ဆက်ဆီဓာ့ပုံတွေရိုက်တဲ့ မိန်းကလေးက ဓီမိုကလေဆီ နည်းကျကျ ပွင့်လင်းမြင်သာစွာ ဘာမှ မ၀တ်ဘဲ ပန်းစည်းကမ်းမယ်။ သေနတ်မြောက် အလေးပြုမယ့် စစ်သားတွေ နေရာမှာ နိုင်ငံရေး ပါတီ တစ်ခုစီက သက်ဆိုင်ရာ ပါတီအ၀တ်အစားနဲ့ သင်္ကေတတွေ ဆင်မြန်းထားတဲ့ ကိုယ်စားလှယ် တစ်ယောက် သို့မဟုတ် နှစ်ယောက်စီက ကိုယ့်ပါတီ ဆောင်ပုဒ်တွေကို တစ်ယောက်တစ်ပေါက် ရွတ်ဆိုအော်ဟစ် ကြိုဆိုနေရမယ်။ ဒါမှ အသံစုံတဲ့ တိုင်းပြည် ဓီမိုကလေဆီ ပီသတဲ့ တိုင်းပြည်ဆိုတာ ပေါ်လွင်မှာကိုး။ မြန်မာပြည်က ပါတီ အရေအတွက်နဲ့ ဆို တစ်ပါတီ တစ်ယောက် ဆိုရင်တောင် တပ်ခွဲတစ်ခွဲစာမက လူအင်အား ရနိုင်တယ်ဆိုတော့ တော်တော့်ကို အဆင်ပြေတယ်ဗျာ့ ဒီနည်းလေးက။
.
. . . လေဆိပ်က ထွက်ပြီ ဆိုတာနဲ့ လမ်းတစ်လျှောက်မှာ ဆန္ဒပြပွဲ ပေါင်းစုံ စီစဉ်ပေးထားရမယ်။ ပီအာစနစ်ကို ကန့်ကွက်တဲ့ မူလတန်း ကျောင်းသူကျောင်းသားများ ဆန္ဒပြပွဲ၊ ရှေ့တန်းက စစ်တပ်ရှိတဲ့နေရာကိုသွားလို့ အပစ်ခံရတဲ့ အသုဘသရုပ်ဖော် ဆန္ဒပြပွဲ၊ တောင်သူပုံဝတ်ဆင်ထားတဲ့ ထွန်တုံးတိုက်ပွဲ ဆန္ဒပြပွဲ၊ ပရိယတ်ပရိပတ်ပစ်ပယ်ပြီး အမျိုးသားရေးစိတ်ဓာတ် ထက်သန်ပြနေတဲ့ သင်္ကန်းဝတ်များ ဆန္ဒပြပွဲ၊ ဘာသမဂ္ဂ ညာသမဂ္ဂများ ဆန္ဒပြပွဲ၊ ဘာပုဒ်မပြင် ဘာပုဒ်မပြင် ဆန္ဒပြပွဲ၊ လက်ပတောင်းတောင် ကြေးနီတောင် မြင်းမိုရ်တောင် ဟိမ၀န္တာတောင် ဖူဂျီယာမားတောင် စတဲ့ တောင်ပေါင်းစုံ ဆန္ဒပြပွဲ၊ ငြိမ်းချမ်းရေးလမ်းလျှောက် ဗီနိုင်းတပ် ကားစီးသူများ ဆန္ဒပြပွဲ၊ သမ္မတထောက်ခံ သမ္မတကန့်ကွက် ဆန္ဒပြပွဲ၊ ဘာ ဆန္ဒပြပွဲ ညာဆန္ဒပြပွဲ စသည်ဖြင့် ဆန္ဒပြပွဲ ပေါင်းစုံကို လမ်းတစ်လျှောက်လုံးမှာ ခင်းကျင်း ပြသ သရုပ်ပြထားရမယ်။ လေဆိပ်နဲ့ သမ္မတအိမ်တော်ကြားက လမ်းနဲ့တင် မလောက်ဘူးဆိုရင် နေပြည်တော်ဗျာ လမ်းတွေပေါကပေါ ကျယ်ကကျယ်သနဲ့ ရှိသမျှလမ်းတွေ အကုန်ဆန္ဒပြပွဲတွေ လုပ်ပြီး ဧည့်သည် သမ္မတကို ပတ်ခေါ်ပြလိုက်ရုံပေါ့။
သမ္မတ အိမ်တော် ရောက်ပြီပေါ့ဗျာ။ ဂုဏ်ပြုတပ်ခွဲနဲ့ ကြိုဆိုတော့မယ်ပေါ့။ ငါတို့ ဓီမိုကလေဆီဘားမား နိုင်ငံတော်ကြီးဟာ ဖယ်ဒရယ်ဘယ်လောက်စစ်သလဲ အဲဒီမှာ ပြလို့ ရပြီ။ ဘယ်နှယ်အခုဟာက စစ်တပ်တစ်ခုတည်း ယူနီဖောင်းကလည်း ကြည်းရေလေ သုံးခုလောက်ရှိတာ။ ကြည့်ရတာတင် ပျင်းစရာကောင်းတာ။ ဧည့်သည်တော်ကြီးလည်း မပျင်းရအောင်။ ဖယ်ဒရယ်ဆိုတာလည်း သရုပ်ဖော်ပြီးသားဖြစ်အောင် မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံ စစ်တပ်ပေါင်းစုံက အလေးပြုနည်းပေါင်းစုံ ယူနီဖောင်းပေါင်းစုံ သေနတ်ပေါင်းစုံ အမိန်ပေးနည်းပေါင်းစုံနဲ့ တစ်ယောက်တစ်ပေါက် အလေးပြုခိုင်းလိုက်။ နိုင်ငံတော်သီချင်းကလည်းဗျာ ဗမာလိုချည်းဆိုတော့ ဗမာလူမျိုးကြီးအုပ်စိုးနေသလိုလိုဆိုတော့ နားထောင်မကောင်းဘူး။ တိုင်းရင်းသားပေါင်းစုံ တူရိယာပေါင်းစုံ တီးချင်သလို တီးပြီး ဘာသာစကားပေါင်းစုံနဲ့ ဆိုချင်သလို ဆိုကြပစေ။ ဒါမှ ဧည့်သည်တော်ကြီးလည်း အော် ဖယ်ဒရယ်စနစ်ဆိုတာ ဒါပါလား ချက်ချင်း သဘောပေါက်သွားမယ်။ လေးစားသွားစေရမယ်။
.
. . . တော်ပြီ တော်ပြီ အကုန်ပြောလို့ မဖြစ်ဘူး။ အကုန်ပြောလိုက်ရင် နက်ဖြန် မြန်မာပြည်က အာဆီယံ ထိပ်လုံးစည်းဝေးပွဲ စပြီ။ တော်နေကြာ ဦးရဲထွတ်ကြီးက ဒီစာကို ဖတ်မိ၊ ဘပြောင်ကို ချက်ချင်း သတင်းပို့။ တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်တယ်ဆိုတာ ဒီနည်းနဲ့ ပြကြမယ်။ ညတွင်းချင်း စီစဉ်စေ ဆိုပြီးတော့များ အမိန့်တော်မြတ် ချမှလိုက်မှဖြင့် မောင်ဗိုလ်ကောင်းတို့ သမိုင်းတရားခံ ဖြစ်ရော့မယ်။ ဒီလိုတော့ အဖြစ်မခံနိုင်။ တို့မေမေ သမဒဂျီးဖြစ်မှ ဒီလိုလုပ်ပြနိုင်အောင် ဆရာစား ချန်လိုက်တော့မယ်။ (မေမေ သမဒဂျီးဖြစ်ရင်သားကို မေ့နဲ့နော်)
.
ဗိုလ်ကောင်း
၁၄ နိုဝင်ဘာ ၂၀၁၄

Friday, 7 November 2014

Fresher Welcome









Autumn


Flea Market

 

    ဂျပန်နိုင်ငံမှာ အစစအရာရာ ဈေးနှုန်းကြီးမြင့်တယ်ဆိုတာ အရင်ကတည်းက ကြားဖူးခဲ့ပေမယ့် တစ်ကယ်ရောက်လာတဲ့အခါ ထင်တာထက် ဈေးကြီးနေတာကို တွေ့ရပါတယ်။ ပစ္စည်းတစ်ခု ၀ယ်ခါနီးရင် မြန်မာဈေးနဲ့ မတွက်နဲ့လို့ စီနီယာတွေက အမြဲပြောပါတယ်။ ဥပမာ လီတာဝက် ရေသန့်တစ်ဗူးကို ယန်းတစ်ရာ့သုံးဆယ်ဆိုပါစို့။ မြန်မာငွေ တစ်ထောင်ကျော်ပါတယ်။ ဒီလိုသာ မြန်မာငွေနဲ့ တွက်နေရင် ဘာမှလည်း ၀ယ်ဖြစ်မှာ မဟုတ်ဘူး ဘာမှလည်း စားဖြစ်မှာ မဟုတ်ဘူးတဲ့။
တစ်ပြည်ရပ်ခြားမှာ နှစ်နဲ့ချီပြီး နေမယ့်သူအတွက် မြန်မာပြည်က နိုင်သလောက် သယ်သွားခဲ့တယ် ဆိုပေမယ့် အကုန်တော့လည်း မသယ်နိုင်ပါဘူး။ ဂျပန်နိုင်ငံရောက်မှ ၀ယ်မယ်ဆိုရင်လည်း ဈေးတွေက ကြီးလွန်းတာကတစ်ကြောင်း မြန်မာပြည်ကို ပြန်ရင် သယ်ဖို့ခက်တာကတစ်ကြောင်းဆိုတာရယ် နှစ်ရှည်လများ အသုံးလိုအပ်နေမှာရယ် တွေ အားလုံးကို ထည့်တွက်ရပါတယ်။ ဒီလိုကျောင်းသားတွေအတွက် ဂျပန်ပြည်က ချစ်စရာကောင်းတဲ့ စနစ်လေးကတော့ အဟောင်းဆိုင်လေးတွေ ရှိနေတာပါပဲ။
    တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် အဆောင်က တစ်ယောက်ခန်းမှာ ပြည့်စုံသလောက် ရှိပေမယ့် လိုအပ်တာလေးတွေလည်း ရှိနေပါတယ်။ ကျွန်တော့်ရဲ့ လိုအပ်ချက်လေးတွေ ဘယ်လို ပြည့်စုံအောင်လုပ်ခဲ့သလဲဆိုတာ ပြောပြပါမယ်။
    ပထမဆုံးကတော့ မနှစ်က ကျောင်းပြီးသွားတဲ့ မြန်မာကျောင်းသားတွေ ထားခဲ့တဲ့ ပစ္စည်းတွေကို မဲနှိုက်ပြီး အမွေဆက်ခံတာပါ။ မနှစ်က ကျောင်းပြီးလို့ ပြန်သွားကြတဲ့ မြန်မာကျောင်းသားတွေက အမွေအနှစ်ထားချန်ရစ်တဲ့ ပစ္စည်းတွေကို ကျန်ခဲ့တဲ့ ဒုတိယနှစ်ကျောင်းသားတွေက ဂိုဒေါင်တစ်ခုမှာ သိမ်းထားပေးပြီး မြန်မာကျောင်းသားအသစ်တွေ စုံစုံညီညီ ရောက်တဲ့အချိန်မှာ နံပတ်တပ်ပြီး မဲဖောက်ပေးတာပါ။ ကျွန်တော်က ကံကောင်းထောက်မစွာ ရေခဲသေတ္တာအကြီးကြီးတစ်လုံး မဲပေါက်ပါတယ်။ အဟောင်းဈေးမှာဆို အနည်းဆုံး ဂျပန်ယန်း ငါးထောင်လောက် ပေးရမယ့် ၊ အသစ်ဆိုရင် အနည်းဆုံး ယန်း နှစ်သောင်းခွဲ သုံးသောင်းလောက်ပေးရမယ့် တံခါးနှစ်ပေါက်ပါ ဆန်ညိုတံဆိပ် ရေခဲသေတ္တာဟာ ကိုယ့်ဘာသာကိုယ် ချက်စားရမယ့် ကျောင်းသားဘ၀အတွက် မရှိမဖြစ်ကို အသုံးဝင်လှပါတယ်။ ဒီရေခဲသေတ္တာကြီး ထားသွားတဲ့ ကျောင်းသားကိုရော၊ အားလုံးကို စုစည်းဦးဆောင်ပေးတဲ့ ပါမောက္ခမျိုး အပါအ၀င် ဂျူနီယာတွေကို ဖေးမကူညီကြတဲ့ စီနီယာကျောင်းသား အားလုံးကို ကျေးဇူးတင်ကြောင်း ဒီနေရာကနေ မှတ်တမ်း ပြုလိုက်ပါတယ်
    ဒုတိယကတော့ စက်တင်ဘာလ ၂၁ ရက် တနင်္ဂနွေနေ့ မနက် ဆယ့်တစ်နာရီကနေ ဆယ့်နှစ်နာရီထိဖွင့်တဲ့ SFC ဆိုတဲ့ ဈေးတန်းလေးပါ။ မြို့ထဲက ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ Snow Flakes Club က လာဖွင့်တာပါ။ ပစ္စည်းအဟောင်းမျိုးစုံကို ဈေးသက်သက်သာသာနဲ့ လာရောင်းပေးတာပါ။ ပစ္စည်းဟောင်းဆိုပေမယ့် ကျွန်တော်ရလိုက်တဲ့ ပစ္စည်းလေးတွေကတော့ အိမ်မှာ ၀ယ်ထားပြီး မသုံးဖြစ်လို့ ရောက်လာတဲ့ ပစ္စည်းလေးတွေ ဖြစ်ဟန်တူပါတယ်။ ကော်ဖီခွက်လေးတွေ ဇွန်းခက်ရင်း ပန်းကန်ခွက်ယောက် အနွေးထည် စောင် စသည်ဖြင့် စုံစုံလင်လင်လေး ခင်းကျင်းထားတာပါ။ ဈေးဆစ်လို့ ရတယ်ဆိုပေမယ့် ပစ္စည်းလေးတွေက ဈေးချိုပြီးသားမို့ မဆစ်ဖြစ်ပါဘူး။ ဂျပန်နိုင်ငံသားတွေရဲ့ စည်းစနစ်ကို ပထမဆုံးစတင်သဘောက်ပေါက်မိတာက ဒီဈေးလေးကို တွေ့ပြီးမှပါ။ ဆယ့်တစ်နာရီမှာ ဈေးစဖွင့်တယ်ဆိုပေမယ့် ဆယ်နာရီ လေးဆယ့်ငါးလောက်မှာ ခင်းကျင်းပြီး အသင့်ဖြစ်နေပါတယ်။ ၀ယ်မယ့်သူတွေလည်း သူ့ထက်ငါ ကြိတ်ကြိတ်တိုးနေပါပြီ။ ဒါပေမယ့် ဆယ့်တစ်နာရီ မထိုးမချင်း ဈေးစမရောင်းပါဘူး ခင်ဗျာ။ အချိန်တိကျတယ်ဆိုတာ အဲသလိုကို တိကျကြတာပါ။ စောစောခင်းပြီးလို့ စောစော စရောင်း မြန်မြန်ကုန် နားအေးတာပဲဆိုတဲ့ သဘောမျိုး ရှိပုံမရပါဘူး။ ရှေ့မှာ ကြိတ်ကြိတ်တိုးနေတဲ့ ဈေးဝယ်မယ့်သူတွေကိုလည်း အားနာပုံမရပါဘူး။ ဒါကတော့ ကျွန်တော် သတိထားမိလိုက်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲဒီဈေးမှာ ခင်းထားပြီး မရောင်းတာကတော့ အင်္ကျီချိတ်တွေပါ။ ပစ္စည်းဝယ်တဲ့သူတွေကို တစ်ခုစီ လက်ဆောင်ပေးတာပါ။
    အခန်းထဲက ကျွန်တော့်အတွက် မရှိမဖြစ်သဘောမျိုး လိုအပ်တဲ့ ပစ္စည်းတွေကို ရလိုက်တာကတော့ မနှစ်က ကျောင်းသားဟောင်းတွေဆီက ပစ္စည်းတွေကို ကျောင်းသားအဖွဲ့တစ်ဖွဲ့က ကောက်ပြီး ဈေးချိုချိုနဲ့ ပြန်ရောင်းပေးတဲ့ ကျွန်တော်တို့က ဖရီးမတ်ကက်လို့ခေါ်တဲ့ Flea Market ဖြစ်ပါတယ်။ တကယ့်ကို ကျောင်းသား ဈေးပွဲတော်ကြီးပါပဲ။ ကျောင်းပြီးလို့ ပြန်သွားကြတဲ့ ကျောင်းသားတွေ ထားရစ်ခဲ့တဲ့ ပစ္စည်းတွေ ဖြစ်တာမို့ အဆောင်နေ ကျောင်းသားတွေအတွက် တကယ်အသုံးဝင်တဲ့ ပစ္စည်းတွေချည်းပါပဲ။ ဈေးပွဲတော် လုပ်မယ့်ရက်ကို ကြိုတင်ကြေညာထားပါတယ်။ အရင်ဦးသူ အရင်ယူစနစ်လို့လည်း ကြေညာထားပါတယ်။ ကျောင်းအားကစားရုံထဲမှာ ခင်းကျင်းထားတာမို့ မတိုင်ခင် တစ်ရက်ညနေခင်းမှာ အားကစားခန်းမသွားရင် ခင်းကျင်းထားတဲ့ ပစ္စည်းတွေကိုကြည့်ပြီး ရွေးထားမိပါတယ်။ တကယ့်နေ့ မနက်ခင်းမှာ အိပ်ယာက အစောကြီး နိုးပေမယ့် လူတွေမတွေ့သေးဘူးလေဆိုပြီး အချိန်ကပ်မှ သွားမိတာ တကယ်ကို နောင်တရမိပါတယ်။ ရှစ်နာရီ မတ်တင်းလောက်ရောက်တော့ ကျွန်တော်က တန်းစီထားတာ နံပါတ် ၉၅ ဖြစ်နေပြီ။ ဒါပေမယ့် ဈေးစဖွင့်တဲ့ ရှစ်နာရီမှာ ချက်ချင်း ၀င်သွားနိုင်တာမို့ လိုချင်တာ အားလုံးနီးပါး ရလာခဲ့ပါတယ်။ ရောင်းချတဲ့ ပစ္စည်းတွေကတော့ ရေခဲသေတ္တာ၊ စာအုပ်စင်၊ စောင်၊ အနွေးထည်၊ နှင်းစီးဖိနပ်၊ ရှူးဖိနပ်၊ အ၀တ်စင်၊ မီးဖိုခြင်း*၊ ပက်လက်ကုလားထိုင်၊ တံမျက်စည်း၊ ကြမ်းတိုက်တံ၊ စာကြည့်မီး၊ မီးပူ၊ ရေနွေးကြိုအိုး၊ ထမင်းပေါင်းအိုး၊ ကော်ဇော **ကလေးအသုံးဆောင်လေးတွေပါ။ *မီးဖိုခြင်းဆိုတာက အဆောင်မှာ မီးဖိုချောင်က တစ်ခုတည်းရှိပြီး ကျောင်းသားတွေ မျှဝေ သုံးကြရပါတယ်။ ထမင်းချက်ဖို့ မီးဖိုကိုသွားရင် ပန်းကန်ခွက်ယောက် ဇွန်းခက်ရင်း ဟင်းချက်စရာ ဓားကတ်ကြေး စသည်ဖြင့် ခြင်းတစ်ခုထဲမှာ အားလုံးထည့်ပြီး သွားကြလေ့ရှိပါတယ်။ ဈေးပွဲတော်က မီးဖိုခြင်းထဲမှာ အိုးခွက်ပန်းကန် ဇွန်းခက်ရင်းအပြင် အင်္ကျီချိတ်လေးတွေပါ ထည့်ထားပေးပါတယ်။ **ကျွန်တော်တို့ကျောင်းဟာ ဘွဲ့လွန်တက္ကသိုလ်ကျောင်းမို့ မိသားစုအဆောင်တစ်ဆောင် သတ်သတ်ထားထားပေးပြီး မိသားစုပါ လိုက်နေလို့ရတဲ့ ကျောင်းဖြစ်လို့ ကလေးတွေလည်း ပါလာတာရှိပါတယ်။ ဈေးပွဲတော်မှာ ဈေးဝယ်ပြီးတဲ့အချိန်မှာ ပစ္စည်းတွေကို အခန်းကိုပို့ဖို့ အချိန်မရတော့ပါဘူး။ နာဂါအူကာကိုသွားမယ့် ဈေးကားက ကိုးနာရီမှာ ထွက်မှာမို့ ညီမလေးတစ်ယောက်ကို အကူအညီတောင်းပြီး ပစ္စည်းတွေ အပ်ထားခဲ့ရပါတယ်။ ပစ္စည်းတွေ လက်ခံထားပေးတဲ့ ညီမလေးက စိတ်သဘောထား ကောင်းကောင်း စေတနာ ပါပါနဲ့ ပစ္စည်းတွေကို အခန်းထဲထိ အရောက် ပို့ပေးထားပါတယ်။ ညီမလေး အေးအေးမြတ် ကို ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်လိုက်ပါတယ်။ ပြီးတော့ ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ၀ယ်လို့ ရအောင် စီစဉ်ပေးတဲ့ လာအိုနိုင်ငံက ဈေးပွဲတော် ကျောင်းသားအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။
     ဂျပန်လို စကားမတတ် နားမလည်တဲ့ ဗိုလ်ကောင်းတစ်ယောက် အင်္ဂလိပ်လိုမတတ် နားမလည်တဲ့ ဂျပန်ဆိုင်တွေမှာ ဘယ်လို ဈေးဝယ်ရသလဲဆိုတာ နောက်တော့ ရေးပြပါ့မယ်။ ရွှင်လန်းချမ်းမြေ့ပါစေဗျ ###

Thursday, 6 November 2014

တစ်နာရီခွဲ

    ကျောင်းသားက ပညာရပ်ဆိုင်ရာ တင်ဆက်မှုတစ်ခုကို လုပ်တာ တစ်နာခွဲတောင် အချိန်ပေးတယ်ဆိုတော့ မများလွန်းဘူးလား ဆရာရယ်။ အဖွဲ့လိုက်လုပ်တယ် ဆိုအုံးတော့ မိနစ်နှစ်ဆယ်ဆို လုံလောက်ပါပြီ။ ဘာသာရပ် တင်ဆက်မှုတွေ အများကြီး လုပ်ခဲ့ဖူးပေမယ့် တစ်နာခွဲကြာအောင်တော့ တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူးဆရာရယ်။ ဒီတစ်ခါကတော့ တစ်ကယ့်ကို စံချိန်သစ် တင်လိုက်ရပါပြီ။ မေးခွန်းတွေအားလုံးကို ဖြေအပြီး ကျေးဇူးတင်စကားပြောအပြီး ပြန်ထိုင်တဲ့ အချိန်ကျမှ ဘယ်လောက်တောင် စကားတွေ အများကြီး ပြောဖြစ်ခဲ့သလဲ ဆိုတာ ကိုယ့်ဘာသာ သတိရမိတော့တယ်။ မောလိုက်တာ ရေငတ်လိုက်တာဗျာ။
    လူ့အခွင့်အရေး သင်ခန်းစာအတွက် တင်ဆက်မှု လုပ်ရမယ် ဆိုတော့ မြန်မာပြည်ထဲမှာ ရှိခဲ့တဲ့ ချင်းပြည်နယ်က ဖြစ်ရပ်လေး နှစ်ခုကို တင်ဆက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ချင်းပြည်နယ်က ဖြစ်ရပ်ကို ရွေးချယ်ဖြစ်တဲ့ အဓိက အကြောင်းရင်းက ချင်းပြည်နယ်က တောတောင်ရေမြေ နဲ့ ချင်းတိုင်းရင်းသားတွေရဲ့ ရိုးရာအလှအပလေးတွေကို တင်ဆက်ချင်တာကြောင့် ဒီခေါင်းစဉ်ကို ရွေးလိုက်ရတာပါ။ အကြောင်းအရာကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း အထုပ္ပတ္တိ မမြော်လင့်သောခရီးရှည် စာအုပ်မှာ ရေးထားတဲ့ ချင်းပြည်နယ်က ရိုးရာဓလေ့လေး နှစ်ခုအကြောင်းပါ။ အ၀တ်အစားမယ်မယ်ရရ ၀တ်တာမျိုးမရှိခဲ့တဲ့ နာဂတိုင်းရင်းသားတွေကို ကမ္ဘာစိုးဘောင်းဘီဝတ်အောင် စည်းရုံးဝတ်ဆင်စေခဲ့တာရယ် ပန်အိမ်လို့ခေါ်တဲ့ အပျိုလူပျိုတွေ့ကြတဲ့ ရိုးရာဓလေ့အိမ်လေးတွေကို ဖျက်သိမ်းစေခဲ့တာရယ် ဆိုတဲ့ ကိစ္စလေး နှစ်ခုကို မြန်မာပြည်က လူ့အခွင့်အရေးသမားတစ်ချို့က ဝေဖန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၇ မှာလည်း လူတိုင်းဟာ လူမှုအဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဘ၀မှာ လွတ်လပ်စွာပါဝင်ခွင့်ရှိတယ်လို့ ဆိုထားတော့ အထက်မှာ ပြောခဲ့တဲ့ ဖြစ်ရပ်နှစ်ခုကို လူ့အခွင့်အရေး ရှုထောင့်ကနေကြည့်ပြီး ပြောကြမယ့် ကမ္ဘာ့အရပ်ရပ်က ကျောင်းသားကျောင်းသူတွေရဲ့ အမြင်ကို သိချင်လို့ ရွေးချယ်လိုက်တာလည်း ပါပါတယ်။
    ဒီခေါင်းစဉ်နဲ့ ကျွဲကူးရေပါ ဆိုသလို ချင်းပြည်နယ်ရဲ့ သဘာဝ အလှလေးတစ်ချို့ကိုလည်း တင်ပြခွင့်ရခဲ့ပါတယ်။ ကျောင်းသားအများစုကတော့ ဒီကိစ္စနှစ်ခုဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ မရောက်ဘူး ဆိုတဲ့ ထင်မြင်ချက်ကို ပေးခဲ့ပါတယ်။ သိပ်ပြီး မမျှော်လင့်ထားတဲ့ စစ်မျက်နှာက ၀င်လာတဲ့ တိုက်စစ်တွေကတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပြင်ပကမ္ဘာမှာ ကြားထားသိထားတာတွေကို မေးခွန်းထုတ်ကြတာပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေကိုလည်း မေးတဲ့သူတွေ စိတ်ကျေနပ်အောင် ဖြေနိုင်ခဲ့ပါတယ်။ မေးခွန်းနဲ့ အဖြေတစ်ချို့ကို တင်ပြလိုပါတယ်။ မေးခွန်းတွေ မေးမြန်းဆွေးနွေးနိုင်ပါပြီလို့ ဖိတ်ခေါ်လိုက်တော့ ဘယ်သူမှ မမေးခင် ပါမောက္ခက အရင်မေးပါတယ်။ မင်းတို့ ထင်မြင်ယူဆတာတွေကို လွတ်လွတ်လပ်လပ် ပြောလို့ ဖြစ်ရဲ့လားတဲ့။ ကျွန်တော်လည်း ပြန်ဖြေလိုက်ပါတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကဆိုရင်တော့ ဖြစ်ကောင်းမှ ဖြစ်ပေမယ့်လို့ အခုဆိုရင် ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးနေပြီမို့လို့ ဘယ်သူ့ကိုမှလည်း မထိခိုက်ဘဲ နိုင်ငံအတွက်လည်း အကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့ ထင်မြင်ချက် ယုံကြည်ချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်ဆရာ ဆိုတော့မှ အိုကေ တဲ့။
    ပထမမေးခွန်းက မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာကို ဘယ်လိုသဘောထားသလဲ ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော့်အဖြေက နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာပြည်မှာ မရှိပါဘူးလို့ လက်ရှိအစိုးရ တက်လာကာစ အချိန်ထိအောင် အစိုးရက အစဉ်တစိုက် ပြောကြားနေခဲ့တာပါ။ လွှတ်တော်တွေ စတင်ကျင်းပတဲ့အချိန် မကြာခင်မှာပဲ လွှတ်တော်အမတ်တစ်ယောက်က ဒီလို အကျဉ်းသားတွေကို လွှတ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်ပြီး မကြာခင်မှာပဲ နိုင်ငံရေးအကျဉ်းသားဆိုသူတစ်ချို့ လွတ်မြောက်လာခဲ့ပါတယ်။ သိပ်မကြာခင်ကပဲ လက်ရှိ အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကိစ္စကို လက်ခံလာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဆိုတာမျိုးကို ဖွဲ့စည်းပြီးတော့ စိစစ်စေခဲ့တဲ့အတွက် အစိုးရက တရားဝင် အသိအမှတ်ပြုလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော့်ကိုယ်ပိုင်အမြင်ကို ပြောပြရရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေပါတယ်ဆိုတဲ့ လက်ရှိအာဏာလက်ရှိ သူတွေနဲ့ သဘောထား ကွဲလွဲလို့ အကျဉ်းချ ခံထားရတဲ့ ဘယ်သူ့ကိုမဆို အကျဉ်းထောင်တွေထဲမှာ ဆက်ပြီး မရှိစေချင်တာ အမှန်ပါပဲ။ လူတိုင်းမှာလည်း ကျွန်တော့်လို အမြင်မျိုး ရှိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘယ်သူက နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး ဘယ်သူက ရာဇ၀တ်အကျဉ်းသားလဲ ဆိုတာကတော့ သီးခြား ခေါင်းစဉ်တစ်ခုပါ။ အဲဒါကို ဘယ်လို သတ်မှတ်သလဲ ဆိုတာကတော့ ကျွန်တော့်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်လို့ ဒီနေရာမှာ ထည့်သွင်း မဆွေးနွေးလိုပါဘူး လို့ ဖြေကြားခဲ့ပါတယ်။
    ဒုတိယ မေးခွန်းကတော့ တိုင်းရင်းသားတွေအပေါ်မှာ အစိုးရက ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိပါသလဲ ဆိုတဲ့ မေးခွန်းပါ။ ကျွန်တော့်ရဲ့ အဖြေက ဒီလိုစွပ်စွဲမှုမျိုးတွေ ပြင်ပကမ္ဘာမှာ ရှိနေတယ်ဆိုတာ ကျွန်တော်လည်း ကြားမိပါတယ်။ တိုင်းရင်းသားတွေအပေါ်မှာ အစိုးရက ဒီလို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာကတော့ ခပ်ရှင်းရှင်းပြောရရင် လုံးဝ မရှိပါဘူး။ မေးသူအနေနဲ့လည်း အချက်အလက်အပြည့်အစုံနဲ့ မေးတာမဟုတ်ဘဲ ကြားမိတာကို မေးတာဖြစ်တဲ့အတွက် ကျွန်တော်ဖြေတာကို အားရမှု ရှိချင်မှ ရှိပါလိမ့်မယ်။ ဒီကိစ္စကို ရှင်းပြရရင် ခိုင်မာတိကျတဲ့ အချက်အလက်တွေ အများကြီးနဲ့ ပြောပြရမှာ ဖြစ်တဲ့အတွက် မြန်မာပြည်မှာ ဒီလိုကိစ္စမျိုးတွေ မရှိဘူးလို့ပဲ မှတ်ထားပေးပါလို့ ဖြေကြားခဲ့ပါတယ်။
    တတိယမေးခွန်းက တော်တော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီမေးခွန်းကို အရင်ကြုံခဲ့တဲ့ ပါမောက္ခတိုင်းကလည်း မေးခဲ့တာတွေ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ အရင်တပ်မတော်အစိုးရက အခုဒီမိုကရေစီအပြောင်းအလဲကို ဘာကြောင့် လုပ်ပေးခဲ့တာလဲ ဘယ်လို လုပ်ပေးခဲ့တာလဲ ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းရဲ့ ပထမပိုင်းကို ဖြေရရင် ပါရဂူစာတမ်းတစ်စောင်စာလောက် ရှင်းပြမှ လိပ်ပတ်လည်မယ်ထင်ပါတယ်။ ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော်လည်း ဘက်ပေါင်းစုံက ခြုံငုံမိအောင် ဖြေနိုင်မယ် မထင်ပါဘူး။ ဒါကြောင့် ဒီအပိုင်းကို မဖြေကြားလိုပါဘူး။ မေးခွန်း ဒုတိယပိုင်းဖြစ်တဲ့ ဘယ်လိုပြောင်းလဲခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၈၈ ခုနှစ် တပ်မတော်က တာဝန်ယူတာကနေ ၂၀၁၁ ခုနှစ်မှာ လက်ရှိအစိုးရကို အာဏာလွှဲတာ၊ လက်ရှိအစိုးရကိုလည်း အစပိုင်းမှာ အမေရိကန်စတဲ့ နိုင်ငံကြီးတွေက ဟက်ဟက်ပက်ပက် မရှိ၊ ယုံကြည်မှု မရှိ ဖြစ်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ရှိလာတာ။ လူရာသွင်း ဆက်ဆံလာတာ။ နိုင်ငံတကာမှာ မျက်နှာပွင့်လန်းလာတာတွေ၊ လက်ရှိစိန်ခေါ်မှုတွေ ရှိတဲ့ကြားကပဲ လမ်းကြောင်းမှန်ပေါ်တက်ပြီး ဒီမိုကရေစီရှေ့ခရီးကို ဆက်လက် ချီတက်နေတာတွေ ရှင်းပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဖြေကြားချက်တွေထဲမှာ သဘောမတူတာတစ်ချို့ ရှိပေမယ့်လည်း အခု ဖြေကြားခဲ့တဲ့အပေါ် ကျေနပ်အားရတယ်လို့ မေးခွန်းရှင်က ပြောပါတယ်။
    နောက်ဆုံးပိတ်အနေနဲ့ ပါမောက္ခပြောပြတာလေးတွေကိုလည်း ပြန်လည်မျှဝေချင်ပါသေးတယ်။ မင်းတို့ဟာ နိုင်ငံရဲ့တကယ်အရေးကြီးတဲ့ အခြေအနေမှာ ဒီက ကျောင်းပြီးလို့ ပြန်ရင် နိုင်ငံတည်ဆောက်ရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်ခွင့်ရကြမယ့် အင်မတန် ကံထူးတဲ့သူတွေ ဖြစ်တယ်။ မင်းတို့အခုကြုံနေရတဲ့ နိုင်ငံရေး အခြေအနေမျိုးကို မင်းတို့ တစ်သက် ဘယ်တော့မှ ပြန်မရနိုင်ဘူး။ အခု ပြောဆိုဖြေကြားသွားခဲ့တာတွေကို ကြည့်ရင် ကိုယ့်နိုင်ငံအရေးကို တကယ်စိတ်ဝင်တစားနဲ့ နိုင်ငံတည်ဆောက်ရေးကို အားကြိုးမာန်တက် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မင်းတို့ မိခင်နိုင်ငံရဲ့ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ အားပေးတိုက်တွန်းပါတယ် လို့ ပါမောက္ခက အကြံပြု မှတ်ချက်ပေးပါတယ်။ ဒီမှတ်ချက်နဲ့ အကြံပြု အားပေးစကားပြောတဲ့ လူ့အခွင့်အရေးဘာသာရပ် ပါမောက္ခ ဆရာဆာဂျေးကို အများကြီး ကျေးဇူးတင်မိပါတယ်။
    ဒီတင်ဆက်မှုကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ ဥာဏ်ဝေဖြိုး၊ အောင်မျိုးလွင် နဲ့ ရဲဘုန်းကျော်။ တင်ဆက်မှုမှာ အားနည်းချက်အချို့ ရှိခဲ့တယ်ဆိုပေမယ့် သေသေချာချာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တဲ့အတွက် အများကြီး ၀မ်းသာဂုဏ်ယူပြီး ကျေးဇူးတင်တဲ့အကြောင်း ဒီနေရာကနေ မှတ်တမ်းပြုလိုက်ပါတယ်။

Saturday, 1 November 2014

စီးပွားရေးဆရာများ

    ခေါင်းစဉ်ကို ဖတ်ပြီး ဗိုလ်ကောင်းတစ်ယောက်တော့ စီးပွားရေး သောင်းကျန်းတဲ့ ကျောင်းဆရာတွေကို ဝေဖန်တော့မလား၊ ကျူရှင်ပညာရေးခေတ်ကြီးကို သရော်တော့မလား မတွေးကြပါနဲ့ဗျာ။ ဗိုလ်ကောင်းကို စီးပွားရေးပညာရပ်တွေ စာတွေ့ သင်ပေးခဲ့တဲ့ ဆရာတွေအကြောင်း ပြောပြချင်လို့ပါ။
ပထမဆုံး စီးပွားရေး ဆရာက သာဝတ္ထိ အထက်တန်းကျောင်းမှာ ကိုးတန်း ဆယ်တန်း သင်ခဲ့ရတဲ့ ဆရာကြီး ဦးခင်ဇော်ပါ။ ဆရာကြီးက ဘာသာတရားလည်း အလွန်ကို ကိုင်းရှိုင်းပါတယ်။ ဆယ်တန်းကိုတောင်မှ ဘုရား တရား သံဃာ ရတနာသုံးပါးကို ဦးထိပ်ထားပြီး သုံးနှစ်ဖြေခဲ့ရတယ်လို့ ဆိုပါတယ်။ တော်သေးတာပေါ့ တို့ဆရာကြီး အနန္တောအနန္တငါးပါးကို ဦးထိပ်မထားလို့ ဆိုပြီး ဆရာကြီး ကွယ်ရာမှာ ကျွန်တော်တို့က ရယ်ပွဲဖွဲ့ကြပါတယ်။ ကျွန်တော်ဆယ်တန်းအောင်တဲ့ ၁၉၉၆ ခုနှစ်တုန်းက သိပ္ပံ ၀ိဇ္ဇာရယ်လို့ မဟုတ်ဘဲ ဘာသာရပ်ကိုးခုကို ငါးပိုင်းခွဲ ဖြေရတဲ့ စနစ်ဖြစ်ပါတယ်။ အဲသည်တော့ ဇီဝ ဓာတု ရူပ သင်ရသလို သမိုင်း ပထ၀ီ ဘောဂလည်း သင်ခဲ့ရပါတယ်။ ဆရာကြီး ဦးခင်ဇော်က ဘောဂဗေဒ သင်တာပါ။ ဆရာကြီး အသင်အပြ ကောင်းပုံကတော့ အခုထိကို ဆရာကြီး သင်ပေးခဲ့တဲ့ ၀ယ်လိုအားတို့ ရောင်းလိုအားတို့ မျှခြေဈေးနှုန်းတို့ သွင်းအားစုတို့ ဆိုတဲ့ စကားလုံးတွေ သဘောတရားတွေကို အကြောင်းတိုက်ဆိုင်တိုင်း မှတ်မိနေတုန်း။ အကြောင်းက ဘာလို့ တိုက်ဆိုင်သလဲ ဆိုတော့ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ပညာရပ်ကို အခုထိ စာတွေ လေ့လာနေရတုန်းမို့လို့ပါ။
    ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့ ဘောဂဗေဒကို ဖြည့်စွက်ဘာသာရပ်အဖြစ်နဲ့ ယူရတယ်။ အဲသည်မှာ သင်ပေးတဲ့ဆရာက ဗိုလ်ကြီးသာမိုးအောင်။ ဒါပေမယ့် အဲသည်တုန်းက ဘာတွေ သင်ခဲ့ရသလဲ ဆိုတာ အခုတော့ မေ့နေပြီ။ ထားပါတော့။
    နောက် ဘွဲ့ရပြီးတော့ ရန်ကုန်တက္ကသိုလ်မှာ မဟာဆက်တက်ရင်း အိုင်အာဒီပလိုမာတန်း ပထမဆုံး အပတ်စဉ်ဖွင့်တော့ တက်ဖြစ်တယ်။ ဒီသင်တန်းမှာတုန်းကလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စီးပွားရေး သဘောတရားတစ်ချို့ သင်ခဲ့ရပေမယ့် ခုတော့လည်း မမှတ်မိတော့သလောက်ပါပဲ။ အဲသည်တုန်းက သင်ခဲ့တဲ့ ပါမောက္ခတွေက ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်ကြည် နဲ့ ဒေါ်ကယ်ရယ်အင်ချစ်သာ။ ဆရာမကြီး ဒေါ်မြင့်ကြည်ကတော့ အခု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဖြစ်နေပါတယ်။
၂၀၀၄ ခုနှစ်မှာ အိုင်အာ ဒီပလိုမာရပြီး နောက် ဆယ်နှစ်နီးပါးလောက်ရှိတော့ ရန်ကုန်တက္ကသိုလ်မှာပဲ စီးပွားရေးပညာရပ်တွေ ထပ်ပြီး သင်ခွင့်ကြုံပြန်ရော။ ပထမဆုံး တွေ့တဲ့ဆရာက ဟားဗတ်တက္ကသိုလ်ကျောင်းထွက် ဒေါက်တာ ဂျက်ဖရီရေ့စ်။ သင်တဲ့ ဘာသာရပ်နာမည်က ဘောဂဗေဒ အခြေခံသဘောတရားများ ဆိုပေမယ့် သင်တဲ့စာတွေက မကြားဖူးတာတွေ အများကြီး။ ကောလိပ်ဂျင်နေ၀င်းလို့ ကျွန်တော်တို့က ချစ်စနိုးနာမည်ပေးထားတဲ့ ဆရာကြီးက ကျောင်းသားတွေကို သိပ်သိစေ တတ်စေချင်၊ ဖတ်စရာစာတွေ အသားကုန်ပေး။ ကျောင်းသားတွေကလည်း စာကလွဲရင် အကုန်စိတ်ဝင်စား ဆိုတာမျိုးနဲ့ တွေ့တော့ ဆရာကြီးလည်း စိတ်ညစ်ရှာလိမ့်မယ်၊ ကျွန်တော်တို့လည်း စိတ်ညစ်မိတယ်။ အစကတော့ ဒီပါမောက္ခ ငါတို့ မြန်မာကို နှိမ်လှချည်ရဲ့ အထင်သေးလှချည်ရဲ့ လို့ ထင်မိပြီး စိတ်ညိုငြင်မိတယ်။ ပရိုဂရမ်ဒါရိုက်တာ ဒေါက်တာကားဂျက်ဆင်ကိုတောင် စာရေးမိတယ်။ ကျွန်တော်တို့ဆီကို နောက်တစ်ခါကျရင် ဒီလို အထင်အမြင်သေးတတ် နှိမ်တတ်တဲ့ ဆရာမျိုး မခေါ်ပေးပါနဲ့ ဆိုပြီး။ နောက်တစ်ခုက ဆရာကြီးရဲ့ သင်ကြားတဲ့ ပုံစံ။ ဆရာကြီးက လက်ချာမှတ်စုလည်း မပေး၊ ကားချပ်လည်း မသုံး၊ ပါဝါပွိုင့်လည်း မသုံး ပြောသမျှ လိုက်မှတ်နေရတာမျိုးဆိုတော့ ကိုယ်တွေမှာလည်း တော်တော် ယက်ထွက်နေအောင် လက်ချာလိုက်ရတာ။ (ရှေးတုန်းတော့လည်း ဒီလိုပဲ လက်ချာလိုက်ခဲ့ကြရတာပါပဲ ကိုယ်တွေခေတ်ရောက်တော့မှသာ ပါဝါတွေဘာတွေ ပွိုင့်နိုင်တာကိုး) ကိုယ်သင်ဖူးတဲ့ ဘောဂဗေဒ သဘောတရားတွေနဲ့ သူရဲ့ သင်ကြားမှုနဲ့က တော်တော့်ကို လိုက်နေမှ တန်ကာကျတဲ့ အခြေအနေမျိုး။ ဒါပေမယ့် နောက်ဆုံး အောင်စာရင်းထွက်တော့ High Pass နဲ့ အောင်တယ်ဗျား။ တစ်ချို့ကျောင်းသားတွေဆို Fail တောင် ရကြသတဲ့။ ကိုယ့်ကို အမှတ်ကောင်းကောင်းနဲ့ အအောင်ပေးတော့မှပဲ ဆရာကြီး ဂျက်ဖရီရေ့စ်ကို စိတ်ထဲမှာ မကျေလည်သမျှ သင်ပုန်းချေလိုက်နိုင်သလိုပဲ။ ကန်တော့ပါတယ် ဆရာကြီးခင်ဗျား။ လွန်တာရှိရင် ၀န္ဒာမိပါ။
    နောက်တစ်ယောက်ကတော့ စီးပွားရေး ပညာရှင်တစ်ယောက်လို စဉ်းစားနည်း ဆိုတဲ့ ဘာသာရပ်ကို သင်တဲ့ စတန်းဖို့ ယူနီဗာစီတီကျောင်းထွက် ပါမောက္ခ ဒေါက်တာပီတာဝါး။ ဆရာကြီးက စီးပွားရေးပညာကို ဗုဒ္ဓဘာသာရှုထောင့်နဲ့လည်း သုံးသပ်ပြလေ့ရှိတယ်။ ဆရာကြီး ပီတာဝါးကတော့ စောစောကပြေခဲ့တဲ့ ကောလိပ်ဂျင်နေ၀င်းနဲ့ တစ်ခြားစီပဲ။ စာကို သေသေချာချာကို နားလည်ရေရာအောင် သင်ပေးပြီးတော့ သဘောလည်း အင်မတန်ကောင်းတယ်။
သြစတေးလျအမျိုးသားတက္ကသိုလ်ကျောင်းထွက် ဒေါက်တာပီတာမက်ကောလေး ကလည်း ဆရာကြီး ပီတာဝါးလိုပဲ သဘောကောင်းတယ်။ စာသင်တာလည်း ခေါင်းထဲကို စွဲနေအောင် သင်ပေးနိုင်တယ်။ ဆရာကြီးသင်တဲ့ မက်ခရိုစီးပွားရေးဆိုတာ ပထမဆုံး သင်ဖူးတာ ဖြစ်ပေမယ့် လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း နားစွဲသွားအောင် သင်နိုင်တဲ့ ပါမောက္ခတစ်ယောက်ပါပဲ။
    မိုက်ခရိုစီးပွားရေးဘာသာရပ်ကို သင်တဲ့ ဆရာကတော့ Tufts University ကျောင်းထွက် ပါမောက္ခ လက်ဇ်ရက်ဖယ်။ ဒီဆရာကျတော့ ကျော်ဟိန်းငယ်ငယ်ကလို စတိုင်များလို့ ကျောင်းသားတွေက ကျော်ဟိန်းလို့ ခေါ်ကြတယ်။ ဆရာကြီးက အိမ်စာပေးတာတော့ ကြမ်းတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး ဒေတာတွေ လိုက်စုပြီး လုပ်ရမယ့် အိမ်စာများ ပေးလို့ကတော့ သွားပြီ။ ဒေတာတွေ စုရတာ အစုံကလည်း မရ။ ရသမျှလေးနဲ့ အိမ်စာလုပ်ပြန်တော့ ဆရာ့ဆီက ပြန်လာတဲ့ မှတ်ချက်တွေကလည်း ဖတ်ရဲစရာတောင် မရှိအောင် ပြတ်သားပွင့်လင်းလွန်းတော့။ အိမ်စာပေးပြီးရင် မှတ်ချက်ပြန်ပြောမှာကို ကြောက်နေရတဲ့ ဆရာမျိုး။ ဒါပေမယ့် ဆရာနဲ့ ဆရာကတော်နဲ့က ဟောပြောပွဲတွေဘာတွေရှိရင် မြန်မာအမျိုးသားဝတ်စုံ ၀တ်ကြတာတော့ တော်တော် ကြည့်ကောင်းသဗျ။
    အပေါ်မှာ ပြောပြခဲ့တာကတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ လာဖွင့်တဲ့ အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်က အိုင်အာသင်တန်းမှာ ကြုံခဲ့ရတဲ့ စီးပွားရေး ဆရာတွေပါ။
အခုလက်ရှိ ဆရာကတော့ ကျွန်တော့်ရဲ့ ယောဂသင်တန်းနည်းပြလည်း ဖြစ် စီးပွားရေးပညာရှင်လည်း ဖြစ်တဲ့ ပါမောက္ခ ကိုရေး။ ဆရာက သီရိလင်္ကာနိုင်ငံသား ဆိုပေမယ့် စကားပြောရင် ကုလားသံ သိပ်မ၀ဲဘဲ နားထဲမှာ ရှင်းနေအောင် ပြောတယ်။ အတန်းထဲမှာ ဆိုရင်လည်း ရွှင်လန်းတက်ကြွပြီး ပျော်စရာစာသင်ချိန်လေးတွေ ဖန်တီးတတ်တယ်။ ထမင်းစားပြီး ပြန်တက်ရတဲ့ အချိန်တွေမှာ ဆိုရင်လည်း အိပ်ငိုက်တဲ့သူကို နောက်မငိုက်ရဲအောင် ပညာပေးတတ်တယ်။
    စီးပွားရေး ဆရာတွေအကြောင်း ပြောပြီးပြီဆိုတော့ ဘောဂဗေဒ ပါမောက္ခတွေရဲ့ တူညီတဲ့ အချက်တစ်ချို့ကို နောက်တစ်ခေါက်ကျ ပြောပြပါ့မယ်။ လောလောဆယ်တော့ နက်ဖြန်တက်ရမယ့် နိုင်ငံခြားရေးမူဝါဒ လေ့လာသုံးသပ်ချက်အတန်းမှာ ပါမောက္ခမျိုးရဲ့ မေးခွန်းတွေ ဖြေနိုင်အောင် စာဖတ်လိုက်ပါအုံးမယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။