Friday, 4 April 2014
ပိတောက်ဦး --- ( ဒဂုန်တာရာ )
-
အို လှလိုက်ထာ
ကိုင်းငိုက်ယိုယီး၊ တွဲလောင်းစီး၍
ရွှေသီးဝါသွေး၊ ပြွတ်သိပ်လေးအောင်
ညွတ်ကွေးရွရွ၊ လှ...လှ...လှ...သည်
ပထမ ပိတောက် ပွင့်စဉ်က။
-
"ဟော ဟော ပွင့်ပြီ"
ကျူးရင့်အော်ကြ၊ တံခါးဝမှ
လှစ်ဟဆိုကာ၊ ပြေးထွက်လာပြီး
ဝင်းဝါပိတောက်၊ သစ်ပင်အောက်ဝယ်
လုကောက် ကြွေသည့် ပွင့်များကို။
-
ငမ်းငမ်းတက်၍
လုယက်ခုန်တက်၊ ဓားလက်နက်ဖြင့်
ချိုးဖျက်ရွက်ကိုင်း၊ ခုတ်ထစ်စိုင်း၍
ပိုင်းပိုင်းဖြတ်ခြွေ၊ ယူကြလေသော်
ရောထွေ ရုန်းရင်း ဆန်ခတ်တည်း။
-
လုဖျက်မှုန်းကြောင့်
ကြေပြုန်းလဲကျ၊ ဒဏ်ရာရနှင့်
ရွက်မြပြာညို၊ သစ်ငုတ်တိုသာ
ဖရိုဖရဲ ကျန်ရစ်၏။
-
ငါ့စိတ်တွင်ကား
မေခင်နှမ၊ ဆံကေမြထက်
လှလှကလေး၊ ကိုယ်တိုင်ရွေး၍
ဆင်ပေး ထုံးချင် လှသောကြောင့်။
-
ကျိုးပဲ့နေသော
ပင်ခြေအောက်တည့်၊ ငါရပ်ကြည့်၍
ကြွင်းသည့်တပွင့်၊ ကောက်မည်လင့်သော်
"အို.....ရှင့်....ကျမ -
ဗုဒ္ဓမြတ်ထံ၊ လှူကပ်ရန်" ဟု
လုပြန်အတင်း၊ ဆိုကာချင်းသော်
လက်ချင်းဆုံ၍ နေသတည်း။ ။
-
ဒဂုန်တာရာ
[တာရာ မဂ္ဂဇင်း၊ ၁၉၄၇]
Subscribe to:
Post Comments (Atom)
No comments:
Post a Comment