Thursday 14 November 2013

အာရှသူရဲကောင်း


" သမီးတို့ရဲ့ အစ်ကိုစစ်သားတစ်ယောက်နေပြီးတော့ သီချင်းလေးတစ်ပုဒ် တောင်းဆိုထားပါတယ်။ အဲသည်အစ်ကိုအတွက် အာရှသူရဲကောင်း ဆိုတဲ့ သီချင်းလေး သီဆိုပေးပါရစေရှင် "
. မရောက်တာကြာတဲ့ရွာကို အကြောင်းတိုက်ဆိုင်လို့ ရောက်ဖြစ်သွားပါတယ်။ ရွာမှာ ကထိန်ပွဲနဲ့ တည့်တည့်တိုးတော့ မကြည့်ရတာ ကြာပြီဖြစ်တဲ့ ဇာတ်ပွဲကို ပွဲခင်းထဲမှာ ဖျာခင်းပြီး ဆွေမျိုးတစ်တွေကြားမှာ အစအဆုံး ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ ဆွေမျိုးတွေ ကြားမှာ ဆိုပေမယ့် ယောက်ျားသားများ မပါကြပါ။ ယောက်ျားသားများက ပွဲကို အဲသည်လို ထိုင်ကြည့်လေ့ မရှိကြသလိုပါပဲ။ ယောက်ျားလေးဆိုလို့ အထိန်းမလွတ်သေးတဲ့ ကလေးတွေပဲ ပွဲခင်းထဲထိုင်ကြည့်ကြတာပါ။ အထိန်းလွတ်တဲ့အရွယ်တွေ ကာလသားတွေ အားလုံးကတော့ အပြင်မှာ မတ်တတ်ကြည့်တာလည်းရှိ လျှောက်သွားရင်း ကြည့်တာလည်းရှိ ဇာတ်ခုံဘေးမှာ ကနေကြတာလည်းရှိ။ ဗိုလ်ကောင်းဆိုတဲ့ ကျွန်တော်ကတော့ ပွဲခင်းထဲက ရှေ့နားကျကျ အလည်ခေါင်နေရာလောက်မှာ နှမတွေ ကြီးတော်တွေ ဒွေးလေးတွေ ခြံရံပြီး ပွဲကြည့်ခဲ့ရပါတယ်။
. ဇာတ်ခုံပေါ်က တေးသံရှင်လေးက အဲသလို ကြေညာလိုက်တဲ့အခါ မဆီမဆိုင် စိတ်ပူမိပါတယ်။ ပထမတစ်ခုက အာရှသူရဲကောင်းဆိုတာ ဘာသီချင်းလဲဆိုတာ ဆိုမယ့်တေးသံရှင်လေး သိရောသိပါ့မလား ဆိုတာရယ် ဒုတိယတစ်ခုက သီချင်းကို သိတယ်ဆိုရင်တောင် ဌာန်ကရိုဏ်းကျကျ အစအဆုံးမှ ဆိုတတ်ပါ့မလားဆိုတာရယ်။ တေးသံရှင် မိန်းကလေးကို အထင်သေးတာ မဟုတ်ပေမယ့် ပူမိတာတော့ အမှန်။ ဘာလို့လဲဆိုတော့ ဒီလို သီချင်းမျိုးက ဒီလို ဇာတ်ခုံပေါ်မှာ ဆိုလေ့ဆိုထ မရှိတဲ့ သီချင်းလို့ပဲ သိထားတာကိုး။
. ခြေဆင်းတီးလုံးကို မြိုင်မြိုင်ဆိုင်ဆိုင် တီးပြီး အတောလေး တောလိုက်တဲ့အခါမှာ တေးသံရှင် နှမက ချောချောမောမော ဆိုသွားလိုက်တာတွေ့ရမှပဲ စိတ်အေးပါတော့တယ်။ စင်ပေါ်က တေးသံရှင် မိန်းကလေးနဲ့အတူ ဗိုလ်ကောင်းဘေးက ကြီးဒေါ်တွေ ဒွေးလေးတွေလည်း သီချင်းကို လိုက်ဆိုကြလို့။
. "ရာဇ၀င် အထုပ္ပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ်" ဆိုတဲ့ သံပြိုင်အပိုဒ်လည်းရောက်ရော ပွဲခင်းထဲက ကြီးဒေါ်တွေသာမက ဇာတ်ခုံဘေးမှာ စောစောက ကနေကြတဲ့ ကာလသားတွေကပါ အော်ကြီးဟစ်ကျယ် ၀ိုင်းဆိုကြတာ အသံတွေ တော်တော့်ကို မြိုင်သွားပါတယ်။
. ဒီလိုပွဲခင်းထဲမှာ ဒီလိုသီချင်းကို ဒီလို ဆိုကြလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိဖူးတာကြောင့် သီချင်းကို နားထောင်ရတဲ့အခါမှာရယ် အခု ပြန်တွေးမိတဲ့အခါမှာရယ် ကြက်သီးတွေ ထလောက်အောင်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း

No comments:

Post a Comment