Thursday 14 November 2013

ကြည်နူးရိပ်သို့ တမ်းချင်း

မနက် မိုးလင်းလာပြီဆိုရင် တယ်လီဖုန်းကို နှိုးစက်ပေးထားပေမယ့် တကယ်တမ်းကျတော့ တယ်လီဖုန်း နှိုးစက် မမြည်ခင် အခန်းရှေ့စင်္ကြမှာ ကျီကျီကျာကျာ လာအော်နေတဲ့ ငှက်ကလေးတွေကပဲ ဦးအောင် နှိုးနေကျပါ။ သူတို့အသံလေးတွေကို မနက်တိုင်းနားထောင်ပြီး အိပ်ယာက ထဖြစ်နေပေမယ့် ဘွားဒွေးကြီးဝါးခြမ်းထက် ကြောက်ရတဲ့ တာဝန်တွေကို မတော်မဆ ပေါ့လျော့မိမှာစိုးလို့ ဘယ်လောက်ပဲ အချိန်မှန်နှိုးတတ်တဲ့ ငှက်ကလေးတွေ ရှိရှိ နှိုးစက်ကိုတော့ မနက်တိုင်း ပေးထားရတာ
    ငှက်ကလေးတွေအသံကို ခဏနားထောင် အိပ်ယာက လူးလဲထပြီး အခန်းတံခါးကို ဖွင့်လိုက်တယ်ဆိုရင် ရှမ်းရိုးမတောင်ပေါ်က ခုန်ဆင်းလာတဲ့ မြူးမြူးကြွကြွ လေလေးက အခန်းထဲကို တိုးဝင်လာသလို စောစောက တကျီကျီလုပ်နေတဲ့ ငှက်ကလေးတွေကလည်း ဝေါကနဲထပြန်သွား။ တစ်ယောက်စာ ထမင်းအိုးလေးနဲ့ ဆန်ဆေးပြီး ထမင်းတည်။ အိပ်ယာသိမ်းပြီးရင် တစ်နေ့တာ လုပ်ငန်း စပြီပေါ့။
    ည၀တ်အိပ်တဲ့ တီရှပ်ပေါ်က အားကစား လက်ရှည်ထပ်ဝတ် အားကစားဘောင်းဘီနဲ့ လည်တိုဖိနပ်စီးပြီးတဲ့အခါ မနက် လေ့ကျင့်ခန်း စလုပ်ပါတယ်။ အထွေအထူးတော့ မဟုတ်ပေမယ့် အဆောင်ကို ပတ်လမ်းလျှောက် လက်ဆန့်ခြေဆန့် လက်လှုပ် ခါးလှုပ်။ လမ်းလျှောက်နေရင်း အရှေ့ဘက်က ရှမ်းရိုးမတောင်စောင်းမှာ မေးတင်လာတဲ့ နေမင်းကြီးကိုကြည့် လေတွေကို တစ်ဝကြီးရှူရင်း တစ်နေ့တာအတွက် အားမွေးရပါတယ်။
    အဆောင်ပေါ်ပြန်ရောက်လို့ ရေမိုးချိုးပြီးချိန်ဆို ထမင်းအိုးလည်း ကျက်ပြီ။ အမေကြော်လှော်ပေးတဲ့ အခြောက်အခြမ်း လေးတွေနဲ့ မနက်စာကို အ၀စားပြီး ကျောပိုးအိတ်လွယ် ဆိုင်ကယ်သော့ယူပြီး ဆင်ဝင်အောက်ကို ဆင်းလာပါတယ်။
    အဆောင်ရှေ့က စမ်းချောင်းလေးကို ဖြတ်တဲ့တံတားပေါ်ရောက်ရင် စမ်းချောင်းလေးကို အမြဲတမ်း ငုံ့ကြည့်မိတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီတံတားလေးအောက်နားမှာ ကြာပင်လေးတွေ ပစ်ချထားဖူးတယ်။ ဒီစမ်းချောင်းလေးထဲမှာ ကြာပင်လေးတွေ ကြာပွင့်လေးတွေနဲ့ဆို ဘယ်လောက်တောင် လှလိမ့်မလဲဆိုတဲ့ စိတ်ကူးနဲ့။ သိပ်မကြာဘူး မိုးများတဲ့ တစ်နေ့မှာ ရေစီးနဲ့ အကုန်ပါကုန်တာ နောက်ထပ်လည်း မစိုက်ဖြစ်တော့။
    အမိုးဆိုင်ရှေ့ကဖြတ်တော့ ကုန်ခဲ့တဲ့ နှစ်တွေတုန်းက သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး စားကြသောက်ကြ ရင်ဖွင့်ကြ တိုင်ပင်ကြတဲ့အချိန်တွေကို သတိရမိတယ်။ အဲသည်တုန်းက အမိုးကလည်း သိပ်စေတနာကောင်းတာ။ ဟင်းချက်ကလည်းကောင်း ဈေးကလည်းသင့်တော့ ဘယ်ကိုမှ ဝေးဝေးလံလံ သွားစရာ မလိုဘဲ အမိုးဆိုင်မှာတင် လောကကြီးက ပြည့်စုံခဲ့တယ်။ တို့တွေ ဘယ်နေ့ ဘယ်မှာ ဘာအလှူလုပ်ကြမယ် ဘယ်နေ့ဘယ်မှာ ဘောလုံးကန်ကြမယ် ဘယ်နေ့ ဘယ်မှာ ကဲကြမယ် ဆိုတာတွေကို ဒီနေရာမှာပဲ တိုင်ပင်ဆုံးဖြတ်ခဲ့ကြတာ။ အခုတော့ အမိုးလည်း အသက်ကြီးပြီ အရင်လိုလည်း စိတ်ရှည်လက်ရှည် မရှိတော့ဘူး ဟင်းလည်း ကောင်းကောင်း မချက်တော့ဘူး။ ပြီးတော့ သူငယ်ချင်းတွေလည်း ဒီမှာ မရှိကြတော့ဘူး။ ကျန်တာတွေ အကုန်ပြည့်စုံတယ် ဆိုရင်တောင် သူငယ်ချင်းတွေ ပြန်မဆုံနိုင်ကြတော့ဘူး။ ပြန်ဆုံဖြစ်ကြတယ် ထားအုံးတော့ အရင်ကလို ငယ်ရွယ်နုပျို လွတ်လပ်တဲ့ ဘ၀တွေက ဟိုးအဝေးမှာ ကျန်ခဲ့ပြီ။ တက်ကြွမှု ရွှင်လန်းမှု စိတ်သွားတိုင်း ကိုယ်ပါမှုတွေဟာ သက္ကရာဇ်တွေတိုက်စားသွားလို့ ခမ်းခြောက်သွားပြီ။ လောကကြီးကို အရှိအတိုင်း ကြည့်ပြီး မြင်တဲ့အတိုင်း ပြောဖို့ဆိုတာကလည်း ရာထူးတွေ အသက်တွေ မိသားစုတွေ ပိုင်ဆိုင်မှုတွေ ကာဆီးထားလို့ မှုန်ဝါးသွားခဲ့ပြီ။
    လမ်းမကြီးပေါ် ချိုးကွေ့အပြီးမှာ စိမ်းစိုတဲ့ လမ်းဘေးသစ်ပင်တွေကြားက နေရောင်တန်းလေးတွေ ဖြာကျနေတာ သိပ်လှတာပဲ။ အခုတော့ လှနိုင်ပြီလေ။ ကွန်ကရစ်လမ်းကြီးကလည်း ဖြူးလို့။ လမ်းဘေးမှာလည်း မီးတားလမ်းရှင်းထားတော့ သပ်သပ်ရပ်ရပ်။ ဒီနေရာကို စရောက်ခါစ အချိန်တွေနဲ့တော့ ကွာချင်တိုင်း ကွာသွားပြီပေါ့။ ကုန်ခဲ့တဲ့ ၂၀၀၆ ရောက်ခါစကများဆိုရင် ကျင်းတွေ ချိုင့်တွေ နဲ့ ပြည့်နေတဲ့လမ်း။ ကားနဲ့တောင် ဘယ်သူကမှ ပို့မပေးချင်တဲ့လမ်း။ နွေရာသီမှာ ဖုန်တထောင်းထောင်းထပြီး မိုးရွာတဲ့အခါ ဗွက်ထူတဲ့လမ်း။ နေ့ဘက်ဆို ဖြတ်သွားဖြတ်လာ ဆောက်လုပ်ရေးကားတွေကို ရှောင်ပြီး ခြုံပုတ်ထဲ တိုးသွားရသလို ညဘက်ကျပြန်တော့ ဘယ်ကထွက်လာမယ်မှန်းမသိတဲ့ ခွေးအနဲ့ မြွေရန်ကို တထိတ်ထိတ်စိုးရိမ်စိတ်တွေနဲ့ သွားခဲ့ရတဲ့လမ်း။
    ကြည်နူးရိပ်
    အင်မတန် ကဗျာဆန်တဲ့နာမည်လေးနဲ့ ကဖီးဆိုင်လေးတစ်ဆိုင် ဒီနေရာမှာ ရှိခဲ့ဖူးတယ်။ အဲသည်ဆိုင်လေး ဘယ်တုန်းက ဘယ်လိုပျောက်ကွယ်သွားလဲ မသိပေမယ့် အခုချိန်ထိ ဒီနေရာလေးကို ကြည်နူးရိပ်လို့ ခေါ်ကြတုန်း။ တစ်ချို့ကတော့ စိတ်ပေါက်ပေါက်နဲ့ ကြေကွဲရိပ်လို့လည်း ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ အတွင်းထဲက အဆောင်တွေ သွားဖို့ လိုက်ပို့တဲ့ကားတွေက ဒီနေရာမှာတင် လမ်းဆုံးသွားကြတော့ နွေရာသီဆို နေပူပူထဲ ဆက်လျှောက်ရတဲ့နေရာ။ မိုးရာသီဆို မိုးစိုစိုနဲ့ ဆက်လျှောက်ရတဲ့နေရာ။ ဟောဆောင်းတွင်းဆိုလည်း ကြည်နူးရိပ်ရောက်ရင် စိမ့်ကနဲ့ အေးသွားတဲ့နေရာ။
    အခုတော့ ကြည်နူးရိပ်မှာ ဆိုင်လေးတွေ ရှိနေပါပြီ။ စားချင်သလား  သောက်ချင်သလား သင့်တင့်လျောက်ပတ်တော့ အလုပ်ဖြစ်တဲ့ ဆိုင်ကလေးတွေပဲ။ တယ်လီဖုန်းတွေ ပေါတဲ့ ဒီခေတ်ကြီးမှာ ဆိုင်ကယ်ဘီးပေါက်ရင်တောင် ဖုံးနဲ့ လှမ်းခေါ်လို့ရအောင် ၀န်ဆောင်မှုပေးနိုင်တဲ့ ကြည်နူးရိပ် ဖြစ်နေပါပေါ့။
    ကြည်နုးရိပ်ကွေ့ကနေ လူပျိုရိပ်သာဘက် ၀င်သွားရင် တကယ့် တောတောင်အလှကို မပျက်မစီး ခံစားနိုင်သေးတယ်။ ရေတွေ ကြည်နေတဲ့ စမ်းချောင်းလေးကလည်း လမ်းကို ကန့်လန့်ဖြတ်စီးလို့။ မိုးများတဲ့အခါတွေကလွဲရင် ဒီစမ်းချောင်းလေးက ဒီလိုပဲ ရေတွေ ကြည်ကြည်လင်လင်နဲ့ ငြိမ်ြ့ငိမ့်လေး စီးနေတာ။ မိုးများရင်တော့ မဖြတ်နဲ့ပေါ့လေ။ ဇွတ်ဖြတ်ကူးမိလို့ ဆိုင်ကယ်ရေနောက်ပါသွားတဲ့ ဇာတ်လမ်းတွေ။ ရေတားတုံးလေးတွေပေါ်က ချော်ကျလို့ လက်ကျိုးရတဲ့ ဇာတ်လမ်းတွေ ဆိုတာကလည်း မကြားချင်မှတဆုံးမဟုတ်လား။
    စမ်းချောင်းလေးကို ဖြတ်ပြီး ဘယ်ဘက်ကို ယောင်ယောင်လေးကွေ့သွားတဲ့ ဘက်မှာ ဘောလုံးကွင်း ကုန်းလေးတစ်ခု ရှိတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေခဲ့ရစဉ်ကတော့ အားလပ်ရက်တွေမှာ ဘောလုံးကန်ခဲ့ကြတဲ့ နေရာပေါ့။ ဘောလုံးကန်ဖို့ကို သူ့ထက်ငါ ကွင်းဦးရအောင် စောစောလာ သွေးပူလုပ် ဘောလုံးကန်ပြီး ဘယ်သူပဲနိုင်နိုင် ဆိုင်မှာ အအေးသွားသောက်ကြတဲ့ဘ၀လေးကို ပြန်တမ်းတမိပါတယ်။
    ဘောလုံးကွင်းကို ကျော်လာရင်တော့ တကယ့် တောထဲကို ရောက်သွားတာပါပဲ။ မိုးရာသီဆို စိမ်းစိမ်းလန်းလန်း နွေရာသီစုံ သစ်ရွက်တွေ ၀ါနီရွှေ ရောင်စုံမြူးတဲ့ တော။ လိပ်ပြာလေးတွေလဲရှိ။ ဂျီလို တောင်ကောင်တွေလည်းရှိ။ တစ်ခါမှ မမြင်ဖူးတဲ့ ရောင်စုံငှက်ကလေးတွေလဲ ဟိုကထွက်လာ ဒီအပင်ကိုကူး ဒီကထွက်လာ ဟိုအပင်မှာနား။ ပစ်မယ့်သူလည်းမရှိ ထောင်မယ့်သူလည်းမရှိ တကယ့်ကို သဘာဝရဲ့ ရှုခင်းသက်သက်ကို ဒီနေရာမျိုးမှာပဲ မြင်ခွင့်ရနိုင်မယ် ထင်ပါတယ်။
    နည်းနည်း ရှေ့ဆက်တိုးလိုက်ရင် ကျောက်တုံးဥယျာဉ်လို့ ခေါ်ရလောက်တဲ့ သစ်ပင်တွေနဲ့ ကျောက်တုံးတွေ ဒွေးရောယှက်တင် ရှိနေတဲ့နေရာ။ မြို့ကြီးပြကြီးတွေမှာဆိုရင် ဒီလိုကျောက်တုံးတွေကို တကူးတက နေရာချပြီး အလှဆင်ကြသတဲ့။ ဒီနေရာမှာတော့ သဘာဝက ဖန်ဆင်းထားတဲ့ ကျောက်တုံးဥယျာဉ်။
    သစ်ပင်တွေနည်းနည်း ပါးတဲ့ နေရာရောက်ရင် တောမြက်ရိုင်းပင်လေးတွေ နေရောင်အောက်မှာ ယိမ်းထိုးကပြနေတာကို မြင်ရသေးတာ။ ငွေရောင်တောမြက်ရိုင်းလေးတွေက လေထဲမှာ လူးလူးလွန့်လွန့်။ ဟိုးအဝေးမှာ မြင်နေရတဲ့ တောင်အောက်က ရှုခင်းတွေကို အနားသတ်ပေးထားသလို လန်းလွန့်လူးနေတဲ့ မြက်ရိုင်းပင်လေးတွေ။
    လုပ်ငန်းခွင်ကလည်း ခုန တောတောင်အလှတွေနဲ့ တစ်သားတည်းကျနေတဲ့နေရာမှာ ကံကောင်းထောက်မစွာ နေခွင့်ရတယ်။ ခန်းဆီးကို လှပ်လိုက်တာနဲ့ ရှုမျှော်မဆုံးတဲ့ တပြန့်တပြော သစ်တောစိမ်းစိမ်းတွေ နိမ့်မြင့်ကောက်ကြောင်းအထပ်ထပ်နဲ့ လှချင်တိုင်းလှနေတဲ့ စိမ်းပြာပြာ ရှမ်းရိုးမတောင်တန်းတွေ လွတ်လွတ်လပ်လပ် ဟိုသည်ပျံဝဲနေတဲ့ ငှက်ကလေးတွေကို အပြာရောင် ကောင်းကင်ကြီးနဲ့အတူတူ မြင်နေရတော့ အခန်းထဲမှာ ထိုင်နေရတဲ့ မွန်းကြပ်မှုဆိုတာ မရှိတော့ဘဲ သိပ်လှပခမ်းနား စိမ်းလန်းတဲ့ လောကကြီးနဲ့ တစ်သားတည်း နေရတဲ့အရသာကို ခံစားရပါတယ်။
    အခုတော့ အဲသည် အလှအပတွေကို အဝေးကပဲ လွမ်းနေရတော့မှာပါပဲလေ။


No comments:

Post a Comment