Wednesday 16 August 2023

လော်

. . . လော် အကြောင်းရေးမယ်ဆိုတော့ ပထမဆုံးစဉ်းစားမိတာက ပုံပါ တွဲတင်သင့်မသင့်ပေါ့လေ၊ အမျိုးမျိုး စဉ်းစားပြီးတဲ့နောက်မှာတော့ ပုံကို ပိုစ့်နဲ့တွဲမတင်တော့ဘဲ စိတ်ဝင်စားလို့ မေးလာတဲ့သူရှိရင်တော့ မက်ဆေ့ဘောက်ကဖြစ်ဖြစ် ပြလိုက်မယ်လို့ပဲ စိတ်ကူးပြီး စာနဲ့ပဲ ပေါ်လွင်အောင်ရေးဖို့ ပိုင်းဖြတ်လိုက်ပါတယ်
.
. . . အရင်ဆုံးကတော့ လော်ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုကြမယ်ထင်ပါတယ်။ လော်ဆိုတာ အားလုံးနားလည်ထားကြတဲ့အတိုင်း လော် ကို ပြောတာဖြစ်ပါတယ်။ ဒီလိုဆိုလိုက်ရင် ကယ်လ်ဆမ်ကွေကာကို ကိုယ့်အတွေးနဲ့ကိုယ် သောက်ကြသလို ကိုယ်သန်ရာသန်ရာ တွေးမိကြမယ်ဆိုတာ သိပါတယ်။ အဲသည် တွေးမိတဲ့အတိုင်းလည်း အမှန်ပါပဲလို့ အရင်ပြောထားချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော် ဘာရေးရေး ကိုယ်တွေးချင်သလိုပဲ တွေးနေကြတဲ့ လောကကြီးမှာ စာဖတ်တဲ့သူတွေရဲ့ အတွေးကိုယ်စီက မှန်ပါတယ်လို့ မပြောလည်း ကျနော်ပြောတာကို လက်ခံကြမှာမှ မဟုတ်ဘဲ
.
. . . လော် ဆိုတဲ့စကားလုံးကို စပြီး ရင်းနှီးခဲ့တာတော့ ငယ်ငယ်တုန်းက ရွာမှာပဲ ပြောရမှာပါပဲ။ ပုံစံက မှိုပွင့်ပုံခေါ်မလား၊ ကန်တော့ပုံခေါ်မလား၊ ယင်းဂလိပ်လို Loud Speaker လို့ခေါ်တဲ့ အော်လံကြီးကို တို့ရွာသားတွေ အားလုံးက လော်လို့ပဲ ခေါ်ကြတာကိုး၊ ရွာမှာ သာရေးနာရေး ဘာသာရေး ကိစ္စအားလုံးမှာ လော်က မပါမပြီးဖြစ်တဲ့အပြင် ဦးလေးတွေ ဘကြီးတွေ ငယ်ငယ်ကလည်း လော်နဲ့ပဲ လုပ်စားလာခဲ့ကြတာမို့ ကိုယ်က လော်နဲ့ ရင်းနှီးနေပြီးသား
.
. . . ဒုတိယပြောချင်တဲ့ လော် ဆိုတာက ယင်းဂလိပ်လို Lobbying ဆိုတာကနေ လာတဲ့ စကားလုံး။ မူရင်းအဓိပ္ပာယ်က ဘယ်လိုပဲရှိရှိ၊ ရွှေပြည်ကြီးရဲ့ နိုင်ငံရေး အနီအစိမ်းခေတ်မှာတော့ လော် ဆိုတာ ကိုယ်အားပေးတဲ့ဘက်၊ ကိုယ်ရပ်တည်တဲ့ဘက်က လုပ်သမျှကို ကောင်းပါတယ် မှန်ပါတယ် ဆိုပြီး လူသိရှင်ကြား တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး တဲ့တဲ့တစ်မျိုး သွယ်ဝိုက်၍တဖုံ ဝါဒဖြန့်ပေးတာမျိုးကို လော် တယ်လို့ခေါ်ကြတာမျိုးပါ၊ ဒီ လော် ကတော့ ကိုယ်အမှတ်မမှားဘူးဆိုရင် ဦးသိန်းစိန်အစိုးရခေတ်နောက်ပိုင်းမှ တဖြည်းဖြည်းခေတ်စားလာတာလို့ ထင်တယ်
.
. . . ဒီရက်ပိုင်း နေပြည်တော်က မာရဝိဇယဘုရားကြီး အနေကဇာတင်ပြီးတဲ့နောက်ပိုင်း ဘုရားဖူးမယ်ဆိုတာက တစ်ဖွဲ့၊ ဘုရားမဖူးဘူးဆိုတာက တစ်ဖွဲ့၊ ဘုရားမဖူးဘူးလို့ ကြွေးကြော်ထားပြီးခါမှ သူများတွေသွားတာကို အားကျပြီး တိတ်တိတ်လေး ခိုးသွားကြတာက တစ်ဖွဲ့၊ ဝင်ကြေးကောက်ဖို့ ထောက်ခံတာက တစ်ဖွဲ့၊ ဝင်ကြွေးမကောက်ဖို့ သဘောထားပေးတာက တစ်ဖွဲ့၊ ဝင်ကြွေးကောက်တာ မကောက်တာနဲ့ ပတ်သက်ပြီး ဘုရားဒကာကို ဆော်ရနှက်ရပြီးရော ကလောင်စွမ်းနဲ့ မထိတထိရေးတာက တစ်ဖွဲ့၊ အာ့တာကို ရှယ်ကြတာက တစ်ဖွဲ့၊ ဝင်ကြေးကောက်တာကို ထောက်ခံသလိုလိုနဲ့ သရော်တော်တော်လုပ်ကြတာက တစ်ဖွဲ့နဲ့ နှစ်ယောက်ရှိရင်တောင် သုံးဖွဲ့ကွဲကြတဲ့ ရွှေပြည်ကြီးမှာ အဖွဲ့တွေအမျိုးမျိုးနဲ့ စည်ကားနေတဲ့ ကာလကြီးထဲပေါ့လေ
.
. . . မောင်ဗိုလ်ကောင်းခမျာမှာလည်း ဘုရားကြီးတည်တော်မူတဲ့အထဲ ချွေးနဲစာလေးထဲက မဖြစ်စလောက် လှူထားမိတာရယ်၊ ကိုယ့်အပတ်စဉ်တူချင်း မိသားစုတွေ စုပေါင်းလှူထားတဲ့ ကျောက်စာရုံစေတီတော်ကို ထီးတော်ကိုယ်တိုင်တင်နိုင်ဖို့အရေး အားထုတ်ခဲ့တာရယ်၊ နေပြည်တော်မှာ ကြွားစရာတစ်ခုတော့ရပြီမှတ်ပြီး ကြွားဖို့ သိအောင်လုပ်ချင်နေရတာရယ်၊ ဘုရားကြီးဖြစ်မြောက်ဖို့အရေး တကယ့်ကို ခက်ခက်ခဲခဲ လုပ်ခဲ့ရတာတွေကို သိခဲ့ရပြီးတဲ့နောက် ဒီဘုရားကြီးတည်နိုင်တာ ဂုဏ်ယူစရာပဲလို့ အောက်မေ့မိတာရယ်၊ အခြားအခြားသော အကြောင်းတွေရယ်ကြောင့် ဘုရားကြီးဆီကို အခေါက်ခေါက်အခါခါ ရောက်မိခဲ့ရပါလေရောလား
.
. . . ဒီလိုရောက်တိုင်းလည်း စပ်စပ်စုစု လျှောက်ကြည့်ပြီး မြင်တာတွေကို ရင်ထဲမှာ သိမ်းမထားနိုင်လို့ စာလေး တောက်တီးတောက်တဲ့ရေးပြီး လိုင်းပေါ်တင်မိတဲ့အခါ မောင်ဗိုလ်ကောင်းတို့များ “လော်” နေသတဲ့ ဆိုသဟာ ကဲ့ရဲ့ စကားတင်းဆိုစရာ ဖြစ်ရပါလေရောပါပဲ
.
. . . ကိုယ့်ဘာသာလည်း ပြန်စဉ်းစား သုံးသပ်ကြည့်မိတဲ့အခါ ဟုတ်ပေသားပဲ၊ ဘုရားကြီးကို ကိုယ်တိုင်ဖူးရလို့ စိတ်ရွှင်လန်းအားရသလို တခြားသူတွေကိုလည်း ရွှင်လန်းအားရစေလိုတဲ့စိတ်၊ ကိုယ်တိုင်ဂုဏ်ယူသလို တခြားသူတွေကိုလည်း ဂုဏ်ယူစေလိုတဲ့စိတ်၊ အင်မတန်ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို မိုင်ပေါင်းများစွာအကွာကနေ ကုန်းလမ်းရေလမ်းနဲ့ သယ်လာတဲ့ပြီး ခေတ်မီစက်ကြီးတွေနဲ့ အချိုးကျကျ ထုဆစ်နိုင်တဲ့ ပညာရပ်တွေကို ကိုယ်တိုင်အံ့ဩချီးကျူးသလို သူများကိုလည်း အံ့ဩချီးကျူးစေချင်တဲ့စိတ်၊ ဘုရားမှာ အနုစိတ်ခြယ်မှုန်းထားတဲ့ မြန်မာ့ရိုးရာပန်းပညာတွေကို ကိုယ်တိုင်နှစ်သက်ခံစားသလို တခြားသူတွေကိုလည်း နှစ်သက်ခံစားစေလိုတဲ့စိတ်၊ ခေတ်သစ်လက်ရာတွေနဲ့ ထုံမွှမ်းထားတဲ့ ရောင်စုံပန်းချီကားကြီးတွေကို ကိုယ်လည်း သဘောကျသလို သူများကိုလည်း သဘောကျစေလိုတဲ့စိတ်၊ တခြားတခြားသော ကိုယ်နဲ့ထပ်တူထပ်မျှ ခံစားရပါစေတော့ဆိုတဲ့စိတ်နဲ့ ဘုရားကြီးကို မရောက်ဖြစ်သေးတဲ့သူတွေ ရောက်ချင်လာအောင်၊ ရောက်ဖြစ်တဲ့သူတွေ သေချာကြည့်ရှုခံစားဖြစ်အောင်၊ ဘုရားကြီးကို မလာချင်ပါဘူးဆိုတဲ့သူတွေ လာချင်လာအောင်၊ လာပြီးသားသူတွေ ထပ်ထပ်ပြီး လာချင်လာအောင် ကိုယ်တတ်သမျှ မှတ်သမျှ စာလေးတစ်လုံးစ နှစ်လုံးစရေးပြီး “လော်” မိပါလေတယ်ဗျာ
.
. . . ဘယ်လို့ဘယ်လို အမြင်မျိုးနဲ့ ကျွန်တော်မောင်ဗိုလ်ကောင်းလေးကို ဘုရားကြီးနဲ့ပတ်သက်ပြီး “လော်” တယ်ဆိုပါစေအုံး၊ ဟုတ်ပါတယ် မှန်ပါတယ်၊ နိဗ္ဗာန်အကျိုးမျှော်ပြီး နှိုးဆော် “လော်” မိတဲ့ မောင်ဗိုလ်ကောင်းလေးအဖြစ်ကို ကျေကျေနပ်နပ် ခံယူထားပြီးသားမို့
.
ဗိုလ်ကောင်းလော်
၁၆ ဩဂုတ် ၂၀၂၃

No comments:

Post a Comment