Monday 21 August 2023

သိမ်ငယ်တဲ့ရပ်ဝန်း

 . . စကားတင်းဆိုတဲ့သဘောတော့ သက်ရောက်ကောင်းသက်ရောက်နိုင်ပေမယ့် သိမ်ငယ်တဲ့ရပ်ဝန်းကို ရှောင်ပါတို့ဘာတို့ မိတ်ဆွေများ ရေးတင်ထားတာမြင်မိတိုင်း လူတစ်ယောက်ကို ပြေးပြေးမြင်မိတာကို ရေးပြချင်လို့ပါ။ သူ့အကြောင်းဆိုတာထက် သူနဲ့ပတ်သက်ပြီး တွေးမိတဲ့အတွေးဆိုရင် ပိုပြီးဆီလျော်ပါလိမ့်မယ်
.
. . . သူကျင်လည်တဲ့နယ်ပယ်မှာ ထူးချွန်သူတစ်ယောက်မို့ ကိုထူးချွန်ပဲ ဆိုပါစို့။ ကိုထူးချွန်ဟာ သာမန်အားဖြင့်ဆို သူ့နယ်သူ့ပယ်မှာ သိသိသာသာကို ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ထူးချွန်သူတွေမှာ တွေ့ရလေ့ရှိတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စွာနဲ့ ရည်မွန်ယဉ်ကျေးမှုမျိုးကို သူ့ဆီမှာ သိပ်မတွေ့ရဘူး၊ သူ့ကိုသူယုံကြည်မှု မြင့်မားသူဟာ တခြားသူတွေအပေါ်မှာလည်း ယုံကြည်စိတ်ထားရှိတာမျိုးကိုလည်း သူ့ဆီမှာ မတွေ့ရဘူး။ ဒါဖြင့် ကိုထူးချွန်ဆီမှာ ဘာများတွေ့ရပါလိမ့်
.
. . . ကျနော်တွေ့မိတဲ့ ကိုထူးချွန်ဆီက ထူးခြားတဲ့ ကိုယ်ရောင်ကိုယ်ဝါကတော့ သိမ်ငယ်ခြင်းဆိုတဲ့ ကိုယ်ရောင်ကိုယ်ဝါပါပဲ။ အဲသည် သိမ်ငယ်ခြင်းကို စပြီးသတိထားမိတုန်းက သူ့ကို သနားမိတယ်။ သူ့ဆီမှာ ပျောက်ဆုံးနေတဲ့ ရည်မွန်ယဉ်ကျေးမှုနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအပေါ် ယုံကြည်စိတ်ထားနိုင်စွမ်းတွေဟာ အဲသည် သူ့ရဲ့ သိမ်ငယ်ခြင်းဆိုတဲ့ ကိုယ်ရောင်ကိုယ်ဝါအောက်မှာ မှေးမှိန်ပျောက်ဆုံးခဲ့ရတာပါလားဆိုတာ သိလိုက်ရပြီးတဲ့ခါ ကရုဏာစိတ်လည်း ဖြစ်မိတယ်
.
. . . သိမ်ငယ်စိတ်ဆိုတဲ့ ကိုယ်ရောင်ကိုယ်ဝါအောက်မှာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ အရည်အချင်းအရည်အသွေးနဲ့ အားသာချက်တွေကို အသိအမှတ်ပြုနိုင်စွမ်းတွေ ပျောက်ဆုံးကုန်တဲ့အပြင် သူ့လောက်မှ မထူးချွန်တဲ့သူတွေမှာ ပိုင်ဆိုင်ထားတဲ့ အရည်အချင်းသေးသေးလေးတွေအပေါ်မှာပါ မနာလိုဝန်တိုစိတ် တိုးပွားလာတဲ့အထိကို သူ့ရဲ့သိမ်ငယ်စိတ်က နှိပ်စက်နေတာမျိုးလားလို့လည်း တွေးမိတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင် သူဟာ ပါရဂူဘွဲ့ရထားတဲ့ ပညာတတ်ကြီး ဖြစ်နေပါလျက်ကယ်နဲ့ သူ့ထက်လက်ရေးလှတဲ့ အထက်တန်းကျောင်းသားလေးအပေါ် မနာလိုဝန်တိုဖြစ်နေတာမျိုးပေါ့
.
. . . သူ့ရဲ့ သိမ်ငယ်စိတ်က သူ့ကို စိတ်မလုံခြုံအောင်၊ ကြောက်ရွံ့နေအောင်လည်း ခြောက်လှန့်နေတယ်ထင်ပါရဲ့။ ခုနင်က ပြောခဲ့တဲ့ လက်ရေးလှတဲ့ အထက်တန်းကျောင်းသားလေးက သူ့ထက်လက်ရေးလှတာကို အကြောင်းပြုပြီး သူ့ကိုများ မခန့်လေးစားလုပ်မလားဆိုတာကို ကြောက်ပြီး အဲသည် လက်ရေးလှတဲ့ အထက်တန်းကျောင်းသားလေးကို လက်ရေးလှတာ သူ့ရှေ့ပြခွင့်မကြုံအောင် လိုက်ပြီး ပိတ်ပင်တားဆီးနေတာမျိုး၊ လက်ရေးလှတယ်ဆိုတာ ဘာမှ မဟုတ်ပါဘူးတို့၊ လက်ရေးလှတာလေးလောက်နဲ့ တက်မလာနဲ့တို့ ဆိုတာမျိုးတွေနဲ့ အဲသည်ကျောင်းသားလေးကို ဘလိုင်းကြီး နှိပ်ကွပ်ချင်နေတဲ့ သဘောတွေကိုလည်း တော်တော်ကြီးကို တွေ့မြင်နေရတာ
.
. . . နောက်ထပ် သူ့ရဲ့ စိတ်မလုံခြုံမှု တစ်မျိုးက ဘာလဲဆိုရင် တခြားသူတွေအားလုံးက စုပေါင်းပြီး သူ့ကို ဝိုင်းဆန့်ကျင်တော်လှန်နေတယ်ဆိုတဲ့ ခံစားချက်ကို သူ့ဘာသာ မလုံမလဲဖြစ်ပြီး ဗြောင်ကို ထုတ်ပြောစိန်ခေါ်တာမျိုးပါ။ တကယ်ပါ။ ကျန်တဲ့သူတေွ ဘယ်လောက်ပဲ သူနဲ့အမြင်မတူလို့ တစ်စည်းတစ်လုံးတည်း ဖြစ်နေပါစေ၊ သူ့ဘက်မှာ သူတစ်ယောက်ပဲ ရှိနေသည့်တိုင် ဂရုမစိုက်ဘူးဆိုတဲ့ စိန်ခေါ်မှုမျိုးကို ထုတ်ဖော်ပြောဆိုတဲ့အထိ သူ့ရဲ့ စိတ်မလုံခြုံမှုက ဆိုးပါတယ်။
.
. . . ဒီစာအစပိုင်းမှာ ပြောခဲ့သလိုပဲ၊ ဒီစာက ကဲ့ရဲ့စကားတင်းပုံစံမျိုး ပေါက်ကောင်းပေါက်နေမှာ ဖြစ်ပေမယ့် တကယ်ပြောချင်တဲ့ စကားကတော့ ကိုယ့်မိသားစုမှာ ၊ အထူးသဖြင့် ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေအပေါ်မှာ အဲသည်သိမ်ငယ်စိတ်မျိုး၊ တစ်လောကလုံးကို အယုံအကြည်မဲ့သွားစေနိုင်လောက်တဲ့ စိတ်ဒဏ်ရာမျိုး မပေးမိကြဖို့ သတိပေးလိုရင်းသာဖြစ်ပါတယ်၊ ဒီလိုလူမျိုးတွေ ဆုံခဲ့ရသည်ရှိသော်လည်း တတ်နိုင်သမျှ မေတ္တာအရင်းခံစိတ်နဲ့ ကြင်နာပေးကြဖို့ ဖြစ်ပါတယ်။ ခက်တော့ခက်ပါလိမ့်မယ်၊ တတ်နိုင်သမျှ ကြင်နာပေးလိုက်ကြပါ
.
အေးမြတဲ့ မေတ္တာတရားဟာ သိမ်ငယ်စိတ်တွေကို အရည်ဖျော်ပစ်နိုင်စွမ်းရှိပါတယ်
.
ဗိုလ်ကောင်း
၂၁ ဩဂုတ် ၂၀၂၃
.
စာဖတ်ပြီး သူဘယ်သူလဲလို့ သို့လောသို့လော တွေးနေမှာစိုးလို့ တစ်ခါတည်းပြောပြလိုက်ပါမယ်၊ ကျနော်တို့ပတ်ဝန်းကျင်က မဟုတ်ပါဘူး

No comments:

Post a Comment