. . . နေပြည်တော်ထဲက အလွန့်အလွန်ဆုံး နေပြည်တော်နဲ့ အနီးတစ်ဝိုက်က ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေ၊ အဖွဲ့အစည်းတွေ နဲ့ တစ်ချို့အသိုက်အဝန်းတွေလောက်ပဲ လူစုပြီးလာကြတာမျိုးရှိမယ်လို့ ထင်ခဲ့ပေမယ့် တကယ်ရောက်သွားတဲ့အခါကျတော့ အနယ်နယ်အရပ်အရပ်က လာကြတဲ့ ပရိတ်သတ်ဆိုတာ မြင်ရုံနဲ့ သိသာပါတယ်။ စကားလိုက်ပြောကြည့်လိုက်တော့ ပိုပြီးသေချာသိခဲ့ရတယ်၊ အဝေးကနေ ဘုရားဖူးလာကြတာတွေ အများကြီးပဲ
.
. . . ကားမရပ်ရမှန်းသိပေမယ့် ခဏထိုးရပ်လိုက်တဲ့အချိန်မှာ တာဝန်ကျတဲ့ ယာဉ်ထိန်းရဲက ချက်ချင်းရောက်လာပြီး ဒီနေရာမှာ ယဉ်ရပ်နားဖို့မဟုတ်ဘဲ သတ်မှတ်ထားတဲ့နေရာမှာ သွားရပ်ပေးဖို့ ယဉ်ယဉ်ကျေးကျေး လာပြောပါတယ်။ ဒီနေရာမှာ ရပ်ဖို့မဟုတ်ကြောင်း ကားပေါ်မှာ လမ်းမလျှောက်နိုင်တဲ့သူ ပါတဲ့အတွက် အထဲကို ဝင်ဖို့ ဘယ်လိုလုပ်လို့ရမလဲ မေးမလို့ ရပ်တာဖြစ်ကြောင်းပြောပြတော့ မုတ်ဦးကြီးနားအထိ ကားကို ရွှေ့လာဖို့နဲ့ ဘီးတပ်ကုလားထိုင်တွေ စီစဉ်ပေးနိုင်ကြောင်း ပြောတာကြောင့် သူပြတဲ့ ညွှန်ကြားချက်အတိုင်း အဝင်မုတ်ဦးကြီးနား ကားကိုကပ်မောင်းလာပြီး ကားပေါ်က လမ်းမလျှောက်နိုင်တဲ့သူကို သူတို့စီစဉ်ပေးတဲ့ ဘီးတပ်ကုလားထိုင်ပေါ်တင်ပါတယ်။ အနားက ယူနီဖောင်းတွေဝတ်ထားကြတဲ့ တာဝန်ကျသူတွေကလည်း ချိုချိုသာသာနဲ့ ဝိုင်းဝန်းကူညီပေးကြတာ တကယ်ကို စိတ်ချမ်းသာစရာကောင်းပါတယ်။
.
. . . မှတ်ပုံတင်တစ်ခုပေးပြီး ကျားဘယ်နယောက် မ ဘယ်နယောက် စာရင်းပေး၊ ဧည့်ကတ်တွေ ထုတ်ပြီးတဲ့နောက်မှာ စစ်ဆေးတဲ့စက်အောက်ကဖြတ်ပါတယ်။ အထဲကို မယူဖို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေပါမပါ အိတ်ကိုလည်း ဓာတ်မှန်စက်နဲ့ စစ်ဆေးပြီးတဲ့အခါ အထဲကို ရောက်ပါပြီ
.
. . . အဲသည်မှာ ဘာဂီကားတစ်စီးကလည်း အခန့်သင့်ရှိနေတာမို့ လမ်းမလျှောက်နိုင်တဲ့သူကို ကားပေါ်တင်ဖို့ ကူညီပေးကြပါတယ်။ အသက်ကြီးပိုင်းနဲ့ သံဃာတော်တွေ သီလရှင်တွေ ဦးစားပေးဆိုပေမယ့် လူတွေက ဘာဂီယာဉ်ကို စီးဖို့ သိပ်ပြီး စိတ်အားထက်သန်ကြတာ မတွေ့ရဘဲ အထဲကို လမ်းလျှောက်သွားဖို့ပဲ အားသန်ကြတာ သတိပြုမိပါတယ်။ ဘာဂီမောင်းတဲ့သူက အနားက တခြားတာဝန်ကျတစ်ယောက်ကို ဘာဂီယာဉ်က အခမဲ့ဖြစ်ကြောင်း လူတွေသိအောင်ပြောပြီး စီးဖို့ခေါ်ပါလို့ ပြောနေတာကြားလိုက်ပါတယ်။ အထဲက ဘုရားကြီးခြေတော်ရင်းမှာလည်း ဘီးတပ်ကုလားထိုင်တွေ စီစဉ်ထားပေမယ့် ပိုပြီးသေချာအောင် အခုပါလာတဲ့ ဟာကိုပဲ ဘာဂီပေါ်တင်သွားဖို့ အကြံပေးတာကြောင့် ကားပေါ်တင်ပြီး တက်စီးလိုက်လာခဲ့ပါတယ်။
.
. . . အထဲကို ဘာဂီယာဉ်မောင်းဝင်သွားပြီး ဘုရားကြီးခြေတော်ရင်းက စက်လှေခါးနားအထိ ပို့ပေးပါတယ်။ ဟိုရောက်တော့လည်း လမ်းမလျှောက်နိုင်တဲ့သူ ကားပေါ်ကဆင်းဖို့နဲ့ ဘီးတပ်ကုလားထိုင်ပေါ်တင်ပေးဖို့ ဝိုင်းကူညီပေးကြပါတယ်။ ဘီးတပ်ကုလားထိုင်နဲ့ စက်လှေခါးစီးတဲ့အခါကျတော့ ဈေးဝယ်စင်တာတွေမှာလို ဘီးက စက်လှေခါးကြမ်းပြင်နဲ့ ချိတ်ပြီး မြဲနေတာမျိုးမဟုတ်လို့ အတက်မှာ နောက်က တွန်းပေးတဲ့သူက ဘီးနောက်ပြန်လန်မကျအောင် တောင့်ထားပေးရပါတယ်။ ဒီလိုနဲ့ အပေါ်ကို ရောက်သွားပါတယ်။
.
. . . နေ့ခင်းပိုင်းဖြစ်ပေမယ့် တိမ်တွေနဲ့ အုံ့ဆိုင်းနေတာမို့ အရိပ်မရှိတဲ့ ဘုရားကြီး ရင်ပြင်တော်ပေါ်မှာ သာတောင့်သာယာရှိနေပါတယ်။ ရင်ပြင်ဘေးပတ်လည်မှာ ဝိုင်းထားတဲ့ အာရုံခံတန်ဆောင်းတွေကို အဆင်းမှာတော့ ဘီးတပ်ကုလားထိုင်အတွက် လမ်းမရှိဘဲ သုံးလက်မလောက် အနိမ့်အမြင့်ဖြစ်နေတာကို ဒီအတိုင်းပဲ ဆင်းသွားရပါတယ်။ အထက်နဲ့အောက်ကို ဘီးတပ်နဲ့ ဆင်းလို့ရအောင် လျှောစောက်လေး လုပ်ပေးထားရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။
.
. . . ကနုတ်ပန်းအလှတွေ တစ်ခုနဲ့တစ်ခု မတူအောင် ဆင်ယင်ထားတဲ့ အာရုံခံတန်ဆောင်း ၂၄ ဆောင်ကိုတော့ ကြမ်းတစ်ပြေးတည်း လုပ်ထားတာမို့ ဘီးတပ်ကုလားထိုင်နဲ့အဆင်ပြေပြေပဲ သွားနိုင်ခဲ့ပါတယ်။ အထဲမှာ ဆင်ယင်ထားတဲ့ စကျင်ကျောက်နံရံကပ်ပန်းတော့လက်ရာတွေ၊ ရောင်စုံပန်းချီကားတွေကို ကြည့်ရှုခံစားရင်း ဘုရားကြီးတစ်ပတ်စာ တန်ဆောင်းတေွကို အဆင်ပြေပြေပဲ ပတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရားကြီးရင်ပြင်တော်ပေါ် ပြန်တက်တဲ့အခါကျတော့ လှေခါးသုံးဆင့်လောက် တက်ရတာမို့ ဘီးတပ်ကုလားထိုင်သမားအတွက် နည်းနည်းတော့ ကသီပါတယ်
.
. . . ဘုရားကြီးရင်ပြင်မှာ လှည့်ပတ်ကြည့်ရှု၊ ဘုရားကြီးထုဆစ်ထားတာကို သေချာလေ့လာခံစား၊ ဘုရားဂုဏ်တော်တွေကြည်ညိုပွားပြီးတဲ့အခါ ရေပန်းရင်ပြင်ကို ဆင်းပြီး ကျောက်စာရုံစေတီတော်တွေဘက်ကို ဆက်သွားပါတယ်။ ရင်ပြင်မှာ အနိမ့်အမြင့် နည်းနည်းအဆင့်လေးတေွ ရှိပေမယ့် ဘီးတပ်ကုလားထိုင်တွေအတွက် လျှောစောက်လမ်းတွေ လုပ်ပေးထားတာမို့ သွားရတာ အဆင်ပြေပါတယ်။
.
. . . ကျောက်စာရုံစေတီတွေဘက်ကို အဝင်မှာလည်း လျှောစောက်ဖြစ်အောင် လုပ်ပေးထားပေမယ့် ယာယီပဲ လုပ်ထားပုံပါပဲ၊ ဘီးတပ်ကုလားထိုင်တွေ အလွယ်တကူတက်လို့ရမယ့် လျှောစောက်ကို အတည်လုပ်ပေးထားမယ်လို့ မျှော်လင့်ရပါတယ်။ အထဲမှာလည်း အဆင်ပြေပြေနဲ့ စိတ်တိုင်းကျ ကြည့်ရှုလေ့လာကြည်ညိုနိုင်ခဲ့ပါတယ်။
.
. . . ကျောက်စာရုံစေတီတွေက အထွက်မှာ ဘယ်ဘက်ခြမ်းက မုစလိန္ဒာရေအိုင်ဘက်ကို အသွားမှာတော့ လူသွားစင်္ကြန်ပေါ်က မသွားနိုင်ပါဘူး၊ လူသွားစင်္ကြန်တွေရဲ့ အစွန်ဘက်တွေမှာ ဘီးတပ်ကုလားထိုင်တွေ အတက်အဆင်းလုပ်ဖို့ လျှောစောက်လုပ်ပေးထားတာမရှိတာကြောင့် စင်္ကြန်ပေါ် မတက်နိုင်ဘဲ ကားလမ်းမကြီးပေါ်ကပဲ ဘီးတပ်ကုလားထိုင်ကို တွန်းသွားရပါတယ်။
.
. . . မုစလိန္ဒာရေအိုင်ရှေ့က စကျင်ကျောက်သားနဲ့ လုပ်ထားတဲ့ အဆောင်ပေါ်ကို တက်ဖို့ကျ လှေခါးကလည်း သုံးဆင့်လား အမြင့်ကြီးဖြစ်နေပြီး ဘီးတပ်ကုလားထိုင်နဲ့ တက်ဖို့က လုံးလုံးကို မဖြစ်နိုင်တာကြောင့် လမ်းမလျှောက်နိုင်တဲ့သူကို ကုလားထိုင်ပေါ်က ခဏချ၊ အပေါ်ကို မ တင်ပြီးမှ ဘီးတပ်ကုလားထိုင်ကို မ တင်၊ အပေါ်ရောက်မှ လူကို ကုလားထိုင်ပေါ် ပြန်တင်ပေး လုပ်ရပါတယ်။ လုံခြုံရေးတာဝန်ကျနေတဲ့သူက လိုလိုလားလား ကူညီပေးပါတယ်။ အဆင်းမှာလည်း အာ့လိုပါပဲ
.
. . . ပြန်အထွက်မှာလည်း ခုနကလိုပဲ လူသွားစင်္ကြန်ပေါ်ကို ဘီးတပ်ကုလားထိုင်တက်ဖို့ လျှောစောက်မရှိတာကြောင့် ပေတရာလမ်းပေါ်ကပဲ တွန်းလာခဲ့ပြီး အဝင်မုတ်ဦးမှာ ပြန်အပ်၊ မှတ်ပုံတင်ပြန်ထုတ်ပြီး ပြန်လာခဲ့ပါတယ်။
.
. . . ဘုရားဖူးခရီးစဉ်က စိတ်ချမ်းသာစရာအတိပါ၊ တာဝန်ကျသူတွေ ကြည်သာရွှင်ပြုံးစွာနဲ့ လိုအပ်တာကို ဝိုင်းကူညီပေးကြတာ တကယ့်ကို သာဓုခေါ်စရာကောင်းလှပါတယ်။ ဘုရားကို ကြည်ညိုတာ ဘုရားဖူးရလို့ စိတ်ချမ်းသာတာတာက ဆိုဖွယ်မရှိပေမယ့် ဒီခေတ်ဒီအခါ ဗိသုကာ ပညာရပ်အနေနဲ့ Disability-friendly ပိုဖြစ်ရင်ကောင်းမယ်လို့ ကိုယ်တွေ့အမြင်ရခဲ့ပါကြောင်း
သာဓု သာဓု သာဓု
.
ဗိုလ်ကောင်း
၁၁ ဩဂုတ် ၂၀၂၃
No comments:
Post a Comment