Sunday 5 March 2023

အဖေတို့ရွာ



. . . ရင်းနှီးနေတဲ့ ရနံ့လေးတစ်ခုရလို့ လမ်းဘေးကိုဆင်းပြီးကြည့်တော့ အခင်းထဲမှာ ပဲကြီးတွေ သီးနေကြပါပကော၊ ပဲကြီးနံ့ . . . ပိုပြီးတိတိကျကျ ပြောရရင် ပဲကြီးစိမ်းနံ့၊ အဖေတို့ရွာရဲ့ ရနံ့လေး
.
. . . ငယ်ငယ်တုန်းက စာမေးပွဲတွေပြီးပြီလားဆိုရင် ရေဆင်းအနောက်ဘက်က ကြို့ပင်ဆိပ်လို့ခေါ်တဲ့ အဖေ့တို့ရွာကို မောင်နှမတွေ သွားလည်ကြတယ်။ ရောက်ရင်လည်း တစ်ပတ် ဆယ်ရက် နေကြတာ၊ အဖေ့အစ်မ နှစ်ယောက် နဲ့အဖေ့ညီတစ်ယောက်က ရွာမှာ ဝိုင်းကြီးတိုက်လို့ခေါ်တဲ့ တစ်ဆက်တည်း ဝင်းအရှည်ကြီးထဲမှာ နေကြတော့ တစ်ဝမ်းကွဲ ညီကိုမောင်နှမတွေအပြင် နှစ်ဝမ်းကွဲ ညီကိုမောင်နှမတွေကလည်း အများသားဆိုတော့ ရွာကိုသွားရင် ပျော်စရာတော်တော်ကောင်းခဲ့တာ
.
. . . မနက်ပိုင်းဆို မောင်နှမတွေ အနောက်ဘက်က ဆင်သေချောင်းထဲက သောင်ခုံမှာတူးထားတဲ့ လက်ယက်တွင်းတွေကနေ သောက်ရေသွားခပ်ရတယ်။ အိမ်မှာ ရေမရှိလို့တော့ မဟုတ်ဘူး၊ အိမ်က ရေတွင်းကထွက်တဲ့ရေက ပေါ့လို့ဆိုလား ချောင်းထဲက လက်ယက်တွင်းက ရေက ပိုပြီးချိုတာဆိုလား၊ မောင်နှမတွေ ကိုယ်နိုင်ရာ ပလတ်စတစ်ပုံးလေးတွေ ကိုယ်စီနဲ့ ချောင်းထဲ ရေခပ်၊ အိမ်မှာ စဉ့်အိုးကြီးတွေတည်ပြီး ကြိုသောက်ကြတာ
.
. . . တစ်ခါတစ်လေဆို အစ်ကိုတွေက ချောင်းထဲမှာ ငါးဖမ်းပြီး အိမ်ကိုယူလာ ချက်စားကြသေးတာ၊ နေ့ခင်းပိုင်းဆိုရင်လည်း နွေနေပူပူမို့ ဘယ်မှ မလည်ဘဲ အိမ်မှာ အစ်မတွေ လုပ်ကျွေးတဲ့ မုန့်တွေစား၊ မောင်နှမတွေ တူရာတူရာစုပြီး စကားတွေဝိုင်းဖွဲ့၊ အိပ်ချင်လည်းအိပ်ကြ
.
. . . ညနေဆိုလည်း မပျင်းရဘူး၊ ညနေစောင်းပြီဆိုတာနဲ့ ချောင်းထဲဆင်း နောက်တစ်ခေါက် ရေခပ်ချင်ခပ်၊ ရေမခပ်ဘူးဆိုရင်လည်း သောင်ပြင်မှာ စိုက်ထားတဲ့ ဗူးပင်တွေ၊ ကြက်သွန်ခင်းတွေ ရေလောင်းကြ၊ အစ်ကိုတွေက ညာတာပါတေး ခေါ်ရင်လိုက်သွားပြီး ရေလောင်းကူကြ၊ ပျော်စရာကြီးပဲ
.
. . . စားခဲ့ရတာတွေထဲ အခုထိ သတိရမိနေတာက ပဲကြီးစိမ်းကို အခွံသင်ပြီး ဆီနဲ့ကြော်ထားတဲ့ ပဲကြီးကြော်၊ အခု နှစ်ပြန်ကြော်လို့ ခေါ်နေကြတဲ့ ပဲကြီးအစိမ်းရောင်အစေ့တွေပါတဲ့ အကြော်မျိုးဆိုတာ အပင်က ဆွတ်ပြီးကာစ အစိမ်းကို ဆီပူထဲနှစ်ကြော်ထားတဲ့ ပဲကြီးစိမ်းကြော်၊ လတ်လတ်ဆတ်ဆတ် ကြွပ်ကြွပ်ရွရွ နဲ့ ဘယ်လောက်တောင် စားကောင်းမလဲ မှန်းသာကြည့်ပေရော့
.
. . . နောက်တစ်ခုက ဘူးသီးကြော်၊ မုန့်နှစ်နဲ့ကြော်တဲ့ ဗူးသီးကြော်ရော၊ ဘူးသီးကို စိပ်ပြီး အစိမ်းကြော်တဲ့ ဗူးသီးကြော်ရော အတော်ကို စားကောင်းတာ ခုထိ မှတ်မိနေတယ်
.
. . . လျှပ်စစ်မီးမရှိတဲ့ ရွာမို့ ညပိုင်းဆို ရေနံဆီမီးခွက်နဲ့၊ ရေနံဆီမီးအိမ်နဲ့၊ မောင်နှမတွေ မီးဖိုချောင်အဆောင်ထဲမှာ ထမင်းစုစားကြ၊ ထမင်းစားပြီးရင် နေ့လည်ကလိုပဲ တူရာတူရာ စုပြီးအိပ်ကြ၊ မိန်းမတွေက အပေါ်ထပ် အိမ်ပေါ်မှာအိပ်ကြပြီး ညီကိုတွေက အောက်က အခန်းထဲ အိမ်ကြတာများတယ်၊ လသာတဲ့ ညများဆို သောင်ပြင်ကို ဆင်းသွားပြီး တောင်စဉ်ရေမရ စကားတွေ ပြောကြသေးတာ
.
. . . အဖေ့မောင်နှမ သုံးယောက်ရှိပေမယ့် ကိုယ်တွေက ကြီးမေလေးလို့ခေါ်တဲ့ အဖေ့အစ်မငယ်အိမ်မှာပဲ နေဖြစ်ကြတာ၊ ကြီးမေကြီးနဲ့ ဦးလေးမြင့်အိမ်ကိုတော့ ထမင်းစားလောက်ပဲ သွားဖြစ်ကြတာ
.
. . . အခုတော့ ကိုယ်နေတဲ့နေရာက အဖေတို့ရွာနဲ့ နီးနီးလေးပေမယ့် မရောက်ဖြစ်တော့ပါဘူးလေ၊ မရောက်ဖြစ်ဆို အခုရှိနေတဲ့ရွာက ကိုယ်တွေငယ်ငယ်က ကျင်လည်ခဲ့တဲ့ အဖေတို့ရွာမှ မဟုတ်တော့တာကိုး၊ ငယ်တုန်းကဆို အဖေတို့ရွာကို ရောက်ဖို့ လမ်းလျှောက်သွားခဲ့ရပေမယ့် အခုတော့ ကားနဲ့သွားလို့ ရနေပြီ၊ အရင်ကလို ရေနံဆီမီးခွက်နဲ့ မဟုတ်တော့ဘဲ လျှပ်စစ်မီးနဲ့ တီဗီနဲ့ စလောင်းနဲ့ ဖြစ်နေပြီ
.
. . . ဒါတွေထက် ပိုပြီးပြောင်းသွားတာက အရင်က ကိုယ်တို့သွားတဲ့အခါ တည်းနေကျ ကြီးမေလေးတို့အိမ်က အရင်နေရာမှာ မရှိတော့ဘူး၊ ကြီးမေလေးတို့အိမ်တင်မဟုတ်ဘူး ကိုယ်တွေ ငယ်ငယ်က သောက်ရေဆင်းခပ်တဲ့၊ ကြက်သွန်ခင်းရေလောင်းတဲ့၊ ငါးဖမ်းကြတဲ့၊ ဗူးသီးခူးကြတဲ့၊ ညီကိုတွေ လသာသာ ဆင်းထိုင်ကြတဲ့ သောင်ပြင်တွေရှိတဲ့ ဆင်သေချောင်းကြီးတောင် သူ့နေရာမှာ သူမရှိတော့ဘဲ အရှေ့ဘက်ကို တိုက်စားလာလို့ အရင်ကဆို ချောင်းထဲရောက်အောင် ရွာအနောက်ဘက် တာရိုးကြီးကိုကျော်၊ ယာခင်းတွေဖြတ်ပြီးသွားခဲ့ရတာကနေ တာရိုးကြီးလည်းပျက်၊ ရွာအနောက်ပိုင်းက ကြီးမေလေးတို့အိမ်နေရာလည်း ရေတိုက်စားတဲ့အထဲ ပါသွားလို့ အိမ်ကိုတောင် ရွာအရှေ့ပိုင်းပြောင်းဆောက်လိုက်ရသတဲ့
.
. . . တကယ်တော့ ကိုယ်တွေလွမ်းတယ်ဆိုတာ ငယ်ငယ်တုန်းက ကျင်လည်ခဲ့တဲ့ မောင်နှမတွေ စုစုရုံးရုံးနဲ့ ဘဝကို လွမ်းတာကိုးဆိုတာ တဖြည်းဖြည်း သဘောပေါက်လာတယ်၊ ခုများတော့ မောင်နှမတွေလည်း တစ်နေရာစီရောက်၊ ဆင်သေချောင်းကြီးလည်း နေရာပြောင်း၊ ရွာကိုရောက်တဲ့အခါ အရှေ့ပိုင်းကဝိုင်းမှာ ပြောင်းဆောက်ထားတဲ့ ကြီးမေလေးအိမ်ကြီးကြည့်ပြီး ငယ်ဘဝကို အောက်မေ့ရုံကလွဲလို့
.
မောင်လွမ်းဝေ
၅ မတ် ၂၀၂၃

No comments:

Post a Comment