Monday, 27 March 2023
အစ်ကိုကြီး
. . . ဦးစီးအရာရှိ အသစ်ကျပ်ချွတ်လေးအဖြစ်နဲ့ ရန်ကုန် ကုန်းမြင့်သာက စစ်ရုံးကို သတင်းပို့တော့ ပထမဆုံး ဆုံခဲ့ရတဲ့ အုပ်ချုပ်ရေးဌာနက အစ်ကိုကြီးဟာ ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ ပေးသွားခဲ့တယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာ ဆိုလို့ ဗိုလ်ကောင်းတစ်ယောက်တော့ ဘယ်လိုတောင် အဘေခံခဲ့ရလဲ တွေးမိကြမှာပဲ၊ မဟုတ်ပါဘူး၊ ဦးစီးအရာရှိတစ်ယောက်ဟာ ကိုယ့်ဆီရောက်လာတဲ့ စစ်သည်အသစ်တစ်ယောက် အရာရှိအသစ်တစ်ယောက်ကို ဘယ်လို ကြိုဆိုရမလဲ ဆိုတာကို ဘဝမှာ အကောင်းဆုံးကြုံဖူးတဲ့ အတွေ့အကြုံမို့ ပြန်ပြီး ပြောပြချင်ပါတယ်။
.
. . . ကိုယ်က စစ်ရုံးကိုရောက်တော့ သန္ဓေစစ်သည်အဖြစ် ရောက်တာမဟုတ်ဘဲ ကြေးနန်းနဲ့ ခေါ်တွဲတဲ့ တွဲဘက်ယောင်လေးမို့ စစ်ရုံးကို နေ့စဉ် အဝင်အထွက်လုပ်ခွင့်ရှိတဲ့ အထောက်အထား စာရွက်စာတမ်း ကိုယ့်မှာ မရှိပါဘူး၊ ဒါကြောင့် မို့လို့ ကိုယ်စစ သတင်းပို့ပို့ချင်းမှာ ကိုယ့်အတွက် အထောက်အထားပြုနိုင်မယ့် ကိုယ့်ဓာတ်ပုံကပ်ထားတဲ့ အထောက်အထား စာလေးတစ်စောင် ချက်ချင်းရိုက်ပေးပါတယ်။
.
. . . ပြီးတာနဲ့ နေရေးစားရေးအတွက် စီစဉ်ပါတယ်။ ရန်ကုန်မှာဆိုတော့ တစ်ချို့တွေက မြို့ထဲမှာ မိဘဆွေမျိုးတွေ ရှိကြတဲ့အခါ သူတို့အိမ်တွေကပဲ မနက်သွား ညပြန် ရုံးတက်ကြတာမို့ မြို့ထဲမှာ နေစရာအိမ်ရှိလား မေးပါတယ်။ မရှိပါဘူး ဆိုတာနဲ့ ရိပ်သာမှာ နေခွင့်ရအောင်ရယ် ရိပ်သာမှာ စားခွင့်ရအောင်ရယ် သက်ဆိုင်ရာ တာဝန်ရှိသူဆီကို ချက်ချင်း ဖုန်းဆက်ပေးပါတယ်။
.
. . . ပြီးတော့ လူကြီးကို သတင်းပို့ဖို့လိုအပ်တဲ့ ကိုယ်ရေးမှတ်တမ်းကို ပြင်ဆင်နေတဲ့အချိန်မှာ အစိုးရဝန်ထမ်းဘဝမှာ လိုက်နာဖို့ အရေးအကြီးဆုံးဖြစ်တဲ့ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ကို ဖတ်ခိုင်းပါတယ်။ သေချာဖတ်၊ နားလည်အောင်ဖတ် ပြီးရင် ဖတ်ပြီးကြောင်း လိုက်နာရမယ့်ကိစ္စတွေကို သိရှိကြောင်း လက်မှတ်ထိုးဖို့ လိုတယ်လို့ပါပြောပြီး ချက်ချင်း လက်မှတ်ထိုးခိုင်းပါတယ်။
.
. . . ကိုယ်က ရန်ကုန်တက္ကသိုလ်က ဆင်းလာကာစ ဗိုလ်ကြီးဘဝ တစ်ဝါတောင် မဆိုရသေးတဲ့သူမို့ တပ်ခွဲမှူးသင်တန်းတွေဘာတွေလည်း မတက်ရသေးတော့ အခုတက်လိုမတက်လို ကိုယ့်သဘောထားကို အရင်မေးပါတယ်။ လူကြီးကို တင်ပြတဲ့အခါ တစ်ပါတည်း တင်ပြလို့ရအောင် မေးတာပါ။
.
. . . အာ့တာတွေ ပြီးတဲ့အခါ စစ်ရုံးထဲမှာ၊ အဆောင်မှာ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ရုံးတက်ရုံးဆင်း နဲ့ ရုံးအကြီးအကဲတွေရဲ့ အလေ့အထကို အကြမ်းဖျင်း ရှင်းပြပြီးတဲ့အခါ လူကြီးထံ ရောက်ရှိကြောင်း သတင်းပို့ပါတယ်။ ပြောရရင် ကိုယ်တွေ ရုံးကို ရောက်ရောက်ချင်းနေ့မှာပဲ ကိုယ့်ရဲ့ နေရေး၊ စားရေး၊ သွားရေး၊ လာရေးတွေကို တစ်ထိုင်တည်းနဲ့ ဖြေရှင်းစီစဉ်ပေးတဲ့ ဦးစီးအရာရှိ စီနီယာတစ်ယောက်နဲ့ တွေ့ခွင့်ရလိုက်တာက ကိုယ့်ဘဝအတွက် တန်ဖိုးရှိမှန်း နောက်ပိုင်းမှာ ပိုပိုပြီး သိသိလာရပါတယ်
.
. . . ဘာလို့လဲ ဆိုတော့ ကိုယ့်နောက်ပိုင်း ရောက်လာတဲ့ အထူးသဖြင့် နေပြည်တော်ကို ပြောင်းပြီးနောက်ပိုင်း ရောက်လာတဲ့ ညီလေးတွေခမျာ ကိုယ်တွေ့ခဲ့တဲ့ စီနီယာလို စေ့စပ်သေချာသူနဲ့ တွေ့ခွင့်မရကြရှာပါဘူး၊ ဒါပေမယ့် ကျန်စစ်သားရိပ်သာမှာ အနေကြာဖြစ်နေတဲ့ ကိုယ့်မှာတော့ တရားဝင် တာဝန်မရှိသော်ငြား သူတို့ကို မျက်နာမလွှဲနိုင်ဘဲ လိုအပ်တဲ့ နေရေး၊ အထူးသဖြင့် ကျန်စစ်သားရိပ်သာမှာ အခန်းရရေး၊ အခန်းမရသေးရင်လည်း ဘယ်လိုအဆင်ပြေအောင် အရင်နေရမလဲ ဆိုတာမျိုးကို စီစဉ်ပေးတဲ့အလုပ်ကို လုပ်သလို အခန်းမှာ သပ်သပ်ရပ်ရပ်နေသလား၊ ညပိုင်း ဝိုင်းကြလို့လူကွဲရင် မြက်ခင်းပေါ်များ သွားမှောက်နေမလား၊ ပိတ်ရက် အပြင်တွေထွက်ကြပြီးရင် ညနေပြန်ရောက်ကြရဲ့လား၊ စသည်ဖြင့် လိုက်ပြီးပူပင်ကျပ်မတ်နေတဲ့ စီနီယာကြီးဘဝကို ရောက်ရတော့တာပါပဲ
.
. . . အလုပ်နဲ့ ပတ်သက်ရင်လည်း အလုပ်တစ်ခုကို လုပ်ကြုံမှ တတ်သွားတယ် ဆိုတာထက် တတ်ဖို့လိုတာတွေကို ကြိုတင်သင်ကြားလေ့ကျင့်ထားရမယ်လို့ ခံယူထားတဲ့အလျောက် အငယ်တွေကို ရုံးရောက်လာခါက ကိုယ့်လက်ထဲ ထည့်တဲ့အခါ အသားကုန် မောင်းပါတယ်။ ရုံးရောက်တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ သူတို့ကို အချိန်တစ်ခုပေးပြီး ကိုယ့်ရုံးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို လက်တွေ့ကျကျ လိုက်ပြ သင်ပေးတယ်။ သက်ဆိုင်ရာ အမှုတွဲကိုင်တဲ့ စာရေးတွေနဲ့ စကားပြောခိုင်းပြီး သူတို့ကို ပုစ္ဆာတွေမေးတယ်၊ သူတို့ မဖြေနိုင်ရင် အဲသည် အမှုတွဲကိုင်ဆီမှာပဲ ထပ်ပြီး အမေးခိုင်းတယ်
.
. . . ကိုယ့်ခံယူချက်က ဦးစီးအရာရှိဆိုတာ ရုံးမှာရှိတဲ့ သုံးခွင့်ရှိတဲ့ ကိရိယာတန်ဆာပလာတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေရမယ်၊ မလိုအပ်လို့ ကိုယ်တိုင် ဝင်မလုပ်ခါမှသာနေ၊ လုပ်နည်းကို သေချာတတ်ကျွမ်းထားရမယ်လို့ ခံယူထားတဲ့အလျောက် ရုံးမှာရှိသမျှ လက်နှိပ်စက်ရိုက်နည်းကလွဲပြီး စာအုပ်ချုပ်တာ၊ ဖလက်ထိုးတာ၊ ပိုက်စာအုပ်ချုပ်တာ၊ မိတ္တူကူးတာ၊ စာကူးစက်သုံးတာ၊ ပလတ်စတစ်လောင်းတာ စတဲ့ အလုပ်တွေအားလုံးကို ကိုယ်တိုင်လည်း တတ်အောင်သင်ထားပြီး သူတို့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြန်သင်ပေးပါတယ်
.
. . . ဒီလိုတွေလုပ်လို့ ဒီမောင်တွေက မပျော်ဘူးခင်ဗျ၊ သူတို့ကို တစ်ခုခု သင်ပေးပြီးရင် အချိုးကျကျ တတ်သလား မတတ်သလားဆိုတာ ပြန်ပြန်စစ်ဆေး လုပ်ပြခိုင်းပြီး ဌာန်ကရိုဏ်းကျကျ မလုပ်ပြလို့ကတော့ ဆယ်ခါ ဆယ့်ငါးခါ လောက် အပိုလုပ်ခိုင်းတတ်တဲ့ သူကြီးကို စီနီယာတော်ထားရတာ ဘယ်ဂျူနီယာက ပျော်ပါ့မလဲခင်ဗျ
.
. . . တစ်ခါတစ်ခါ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟေးလေးဝါးလား ပြောဟယ်ဆိုဟယ် လုပ်နေရင်းက စိတ်တိုင်းမကျတာ တစ်ခုလောက်များ တွေ့လိုက်ရရင် ချက်ချင်း ရာသီဥတုပြောင်းပြီး မျက်နာနဲ့အသံက မာမာတင်းတင်းနဲ့ ဆူတတ်ပူတတ်တဲ့ စီနီယာနဲ့ မလွှဲမရှောင်သာ ထွက်ပြေးလို့လည်း မရတဲ့ တစ်ရုံးခန်းထဲ အတူအလုပ်လုပ်ရတာ သူတို့ခမျာ စိတ်ပိန်ကြရှာပေမပေါ့ဗျာ၊ ညီလေးတွေမှာ သူတို့ကို ညီငယ်တွေလို ဂရုစိုက်ပေးလို့ ချစ်ရမှာလား၊ ဘက်ပေါင်းစုံက လိုက်ကျပ်နေလို့ မုန်းရမှာလား ဝေခွဲရခက်ကြမယ် ထင်ပါရဲ့
.
. . . ကိုယ် ဒီလိုတွေ လုပ်ခဲ့တာမှာ မျှော်လင့်ချက်မဲ့တော့ မဟုတ်ပါဘူး၊ မျှော်လင့်ချက်တစ်ခုကတော့ ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီး အခုထိလည်း အဲသည်မျှော်လင့်ချက်က ထင်းထင်းကြီး ရှိနေပါသေးတယ်၊ ကိုယ့်ပုံစံနဲ့ ဂရုစိုက်ပေးခဲ့တဲ့ ညီလေးတွေ နောင်အခါမှာ တပ်မတော်မှာပဲ ဖြစ်ဖြစ် အခြားနေရာတွေမှာပဲ ဖြစ်ဖြစ် စီနီယာဖြစ်ကြတဲ့အခါ သူတို့အောက်ငယ်တဲ့ ဂျူနီယာတွေကို ကောင်းကောင်းဂရုစိုက်ကြပါစေ၊ ကောင်းကောင်း သင်ပေးပြုပေးနိုင်ကြပါစေ၊ အများကြီး မဟုတ်တောင် ကိုယ့်အမွေကို တစ်ယောက်လောက်ကပဲ ဆက်ခံခဲ့ရင်တောင် ကျနော် မျှော်လင့်ချက်ထားရကျိုး နပ်ပါတယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ပေါ့
.
. . . အခုတော့ ညီလေးတွေလည်း တပ်ရင်းမှူးတွေ ဦးစီးအရာရှိကြီးတွေဖြစ်ကုန်ကြပြီ၊ ကိုယ်လည်း ကိုယ့်ဌာနက ရောက်လာသမျှ အကုန်လုံးကို မသွန်သင်နိုင်ပေမယ့် တတ်နိုင်သမျှတော့ မမောနိုင် မပန်းနိုင် သင်နေဆဲ၊ ညီလေးတွေထဲက ဘယ်နှယောက်တော့ ကိုယ့်နေရာရောက်နေကြပြီမသိ
.
ဗိုလ်ကောင်း
၂၇ မတ် ၂၀၂၃
Subscribe to:
Post Comments (Atom)
No comments:
Post a Comment