Saturday 5 December 2020

ဝတ်တော်ရုံဘွဲ့


. . . ဘွဲ့နှင်းသဘင် ခန်းမထဲကို ပါမောက္ခချုပ်ဦးဆောင်တဲ့ ပါမောက္ခတွေ အလယ်လျှောက်လမ်းနှစ်ဘက်က ဝင်လာကြတဲ့အချိန်မှာ ဆိုင်းဝိုင်းကြီးက တီးတဲ့ တီးလုံးကို ဘာလဲ မသိပေမယ့် ပါမောက္ခတွေ စင်မြင့်ထက်ကို အကုန်နေရာယူပြီးတဲ့အချိန်မှာ တီးတဲ့ နိုင်ငံတော်သီချင်းကတော့ နားထဲမှာ တော်တော် စိမ်းတယ်ပြောရမယ်၊ ဘာလို့လဲဆိုတော့ နိုင်ငံတော်သီချင်းကို အနောက်တိုင်းတူရိယာတွေ လေမှုတ်တူရိယာတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စစ်တီးဝိုင်းက တီးတဲ့ သံစဉ်ကို နားရည်ဝနေပြီးသားမို့ မြန်မာ့ဆိုင်းဝိုင်းက နိုင်ငံတော်သီချင်းတီးတဲ့ ဂီတသံဟာ နားထဲမှာ တော်တော်ကို စိမ်းနေတာ
.
. . . စင်မြင့်ထက်မှာ ထိုင်နေတဲ့ ပါမောက္ခဌာနမှူး ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်ကြည်ကိုကြည့်ပြီး ဆရာမကြီးဆီ လျှောက်လွှာသွားတောင်းခဲ့တဲ့ အဖြစ်ကို ပြန်သတိရနေမိတယ်၊ ရန်ကုန်တက္ကသိုလ် ဝေသာလီဆောင်က အိုင်အာဌာနမှာ အိုင်အာဒီပလိုမာ ပထမဆုံးအပတ်စဉ်ဖွင့်မှာမို့ သတင်းစာထဲမှာ လျှောက်လွှာတွေခေါ်တာကို ကိုယ်တွေက ရက်လွန်မှ သိတယ်၊ ဘာပဲပြောပြော ကိုယ်သိတဲ့အချိန်က လျှောက်လွှာတွေ ထုတ်ရောင်းပြီး ပြန်တောင်လက်ခံနေပြီဆိုပေတဲ့ တစ်နှစ်ကြာမယ့်သင်တန်းအတွက် နောက်ထပ် အချိန်လုံလုံလောက်လောက် မကျန်တော့တာမို့ ဒီတစ်သုတ်ကို တက်ရမှ ဖြစ်မယ်ဆိုပြီး ဝေသာလီဆောင်ကို ချက်ချင်း ချီတက်ခဲ့တာ သူငယ်ချင်း သုံးယောက်သား
.
. . . အိုင်အာဌာနက လျှောက်လွှာပြန်လက်ခံတဲ့နေရာမှာ အရင်နေ့က ဝယ်သွားတဲ့သူတွေက လာတောင် ပြန်အပ်နေကြပြီ၊ ကိုယ်တွေက အခုမှ လျှောက်လွှာလာတောင်းဝယ်မလို့၊ အဲသည်မှာ ရှိတဲ့ ဆရာမ ငယ်ငယ်ချောချောလေးတွေက လျှောက်လွှာက ရောင်းတဲ့ရက် လွန်ပြီဖြစ်ကြောင်း အခု ပြန်တောင်လက်ခံနေပြီဖြစ်ကြောင်း ကိုယ်တွေကိုလည်း အခုမှ လာရကောင်းလားဆိုတဲ့ မျက်နာပေးနဲ့ ပြုံးစိစိ ရှင်းပြနေတော့ စိတ်ထဲ တယ်မခံချင်လှဘူး၊ ဒါနဲ့ သူတို့ကိုတော့ သိပ်အောက်ကျို့ခံ တောင်းမနေဘူး၊ နဂိုကတည်းကလည်း မာန်လေးက ခပ်တက်တက်ဆိုတော့ ဘယ်သူ့ကို ပြောရင်ရမလဲ ဆိုတော့ တီချယ်ကြီးတို့ သွားပြောရင်ပြောကြည့်ပေါ့တဲ့၊ အမယ် လေသံက သူတို့ ပါမောက္ခဌာနမှူးတီချယ်ကြီးဆိုပြီး မကြောက်လောက်ဘူးများ မှတ်နေလား မသိဘူး၊ အဲ ကြောက်ပြီးမမေးရဲလောက်ပါဘူး ဆိုတဲ့ လေသံနဲ့ မျက်နာပေးနဲ့
.
. . . ဆရာမလေးတွေ ညွှန်ပြတဲ့အတိုင်း ပါမောက္ခရုံးခန်းကို တန်းတန်းမတ်မတ် ချီတက်ပြီး ဝင်ခွင့်တောင်း အထဲဝင်တော့ အထဲမှာ ဆရာမကြီးနှစ်ယောက်၊ ပါမောက္ခဌာနမှူး ဆရာမကြီး ဒေါက်တာဒေါ်မြင့်ကြည်နဲ့ ဆရာမကြီးဒေါ်ကယ်ရိုးအင်ချစ်သာ၊ သားတို့ ဘာများရှိလို့လဲတဲ့၊ အို လေသံလေးကချိုပြီး မျက်နာလေးက ကြည်လိုက်တာ ချစ်ဖို့ကောင်းလိုက်တဲ့ ဆရာမကြီးတွေ တို့စီနီယာတွေနဲ့များ ကွာပ ဆိုပြီး အားတက်သွားပြီး အခုဖွင့်မယ့် ဒီပလိုမာတန်းအတွက် လျှောက်လွှာလိုချင်လို့ပါဆိုပြီး ပြောချပစ်လိုက်တယ်
.
. . . ဆရာမကြီးနှစ်ယောက်က လျှောက်လွှာရောင်းပေးလို့ မရတော့ကြောင်း အခုရောင်းလိုက်တာတောင် လက်ခံနိုင်တာထက် အများကြီးပိုနေပြီမို့ အကုန်တက်ခွင့်ပေးနိုင်ဖို့ မသေချာကြောင်း၊ ပညာကိုလိုလားတဲ့အတွက် တက်ချင်သူတိုင်းကို သင်ပေးချင်ပေမယ့် နေရာနဲ့ ဆရာအကန့်အသတ်ကြောင့် စိန်ခေါ်မှုတွေရှိနေကြောင်း စသည်ဖြင့် ရှည်ရှည်ဝေးဝေး စိတ်ရှည်လက်ရှည် ချိုချိုသာသာ ရှင်းပြကြလေတယ်
.
. . . အိုဗျာ . ဒီလို ချော့ပြောရုံနဲ့ နောက်ဆုတ်သွားမယ့် အမျိုးလားလို့ ၊ ဆရာမကြီးတို့ လေသံနဲ့ အပြောအဆိုထက် တစ်ဆခွဲလောက်ပိုတဲ့ ချိုသာပြေပြစ် ယဉ်ကျေးရည်မွန်တဲ့ စကားတွေနဲ့ ဆရာမကြီးရယ် သားတို့မှာလည်း ဒီအပတ်စဉ်မှ မတက်လိုက်ရရင် နောက်နှစ်ဆိုကျောင်းကလည်း ပြီးပြီမို့ တပ်ကိုပြန်ရတော့မှာဖြစ်ကြောင်း၊ တောထဲတောင်ထဲ ပြန်ပြီး တာဝန်ထမ်းဆောင်ရတော့မယ့် အရေးကြောင့် ဒီအခွင့်အရေးကို နောက်ထပ် ထပ်ရဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ မရှိတော့ကြောင်း ဒါကြောင့် အခုနေမှ လျှောက်လွှာထုတ်မပေးဘူးဆိုရင် ဒီဝေသာလီဆောင်ပေါ်ကတောင် ခုန်ချပစ်လိုက်ချင်ကြောင်း သံပန်းတွေတပ်ထားလို့သာ ခုန်ချမရလို့ဖြစ်ကြောင်း စသည်ဖြင့် လျှာအရိုးမရှိတိုင်း ပလီရတာပေါ့လေ
.
. . . ဆရာမကြီးတွေကလည်း ဒီလို ပလီပလာကျောင်းသားတွေအထာကို ဘယ်လောက်များ နောကျေနေပြီလဲ မသိဘူး၊ ကိုယ်တွေ ချိုသာတာထက် သုံးဆလောက်ချိုသာပြေပြစ်တဲ့ စကားနဲ့ လျှောက်လွှာရောင်းပေးလို့ မရတော့ကြောင်းပြောပြီး အစည်းအဝေးရှိလို့ သွားလိုက်ပါအုံးမယ်ဆို အခန်းထဲက ထွက်သွားတော့ ကိုယ်တွေလည်း အခန်းအပြင် ပြန်ထွက်ရတော့တာပေါ့
.
. . . ဒါပေမယ့် ဒီလောက်နဲ့ အလျှော့ပေးရိုးလား၊ ဒီတက္ကသိုလ်မှာပဲ တက်သွားခဲ့တဲ့ ကိုယ့်ရဲ့စီနီယာကြီးတွေဖြစ်တဲ့ ကိုအောင်ဆန်းတို့ ကိုအောင်ကျော်တို့သာ ချော့တိုင်းပျော့ခဲ့မယ်ဆို မြန်မာပြည်တောင် လွတ်လပ်ရေးရမှာမဟုတ်ဘူး၊ တို့လဲ တို့နောင်တော်ကြီးတွေ အစဉ်အလာကို ဆက်ခံပြီး လျှောက်လွှာမရမချင်း မပြန်ဘူးကွာဆိုပြီး ဆရာမကြီးတွေ အခန်းရှေ့မှာ ရပ်စောင့်နေတယ်၊ ဟိုဆရာမလေးတွေက ဖြတ်သွားဖြတ်လာ ပြုံးစိစိလုပ်တာကို ရှက်ပေမယ့် ကိုယ်မင်နဲ့ကိုယ်တော့ နေရတာပေါ့
.
. . . တော်တော်ကြာတော့ ဆရာမကြီးတွေ နှစ်ယောက် ပြန်ရောက်လာတဲ့အခါ သူ့အခန်းရှေ့မှာ ကျောက်ချရပ်နေတဲ့ ကိုယ်တွေကို တွေ့သွားပြီး ခုနက ရှင်းပြခဲ့တာတွေကို တစ်ခါထပ်ပြီး ရှင်းပြပြန်လေတယ်၊ ဒီတစ်ခါတော့ ကိုယ်တွေက ဘာမှ စကားတွေ ပြန်ပြောမနေတော့ဘဲ အခန်းအပြင်မှာဘဲ ဆက်ပြီး ရပ်စောင့်နေလိုက်တယ်၊ လျှောက်လွှာမရသရွေ့ ဒီရှေ့က မခွာဘူးကွာဆိုတဲ့ မာတင်္ဂထုံး နှလုံးမူတာပဲ အောင်မြင်သွားတာလား၊ ဆရာမကြီးတွေပဲ မျက်စိနောက်လာလို့လားတော့ မသိဘူး၊ ခဏနေတော့ ဆရာမကြီးအခန်းထဲက ထွက်လာတဲ့ ဆရာမလေးတစ်ယောက်က နောက်နေ့အကြောင်းပြန်ပေးပါမယ်၊ အခုတော့ ပြန်ပါတော့ဆိုလို့ တကယ်နော်ဆိုပြီး ကိုယ်တွေပုံမှန်တက်နေတဲ့ တောင်ငူဆောင်ကို လက်ညှိုးထိုးပြပြီး ပြန်ခဲ့တယ်၊ တောင်ငူဆောင်နဲ့ ဝေသာလီဆောင်က ဘေးချင်းကပ်လျက်၊ နောက်နေ့ကျတော့ လျှောက်လွှာလာယူပါဆိုလို့ ရခဲ့ပြီး အိုင်အာဒီပလိုမာ ပထမဆုံး အပတ်စဉ်ကို တက်ခွင့်ရခဲ့တယ်၊
.
. . . ကိုယ်တွေ ပထမအကြိမ် ဘွဲ့ယူခဲ့တုန်းက ယောက်ျားလေးတွေချည်း တက်တဲ့ တက္ကသိုလ်ဆိုတော့ ပကာသနတွေ မများပေါင်၊ များတာက တစ်နေ့တည်းမှာ မနက်ပိုင်းကျောင်းဆင်းပွဲ စစ်ရေးပြလျှောက်၊ စစ်ရေးပြကွင်းက ပြန်အထွက်မှ လက်နက်တိုက်မှာ ဓားသွားအပ်ပြီး ပြန်တမ်းဝင်ခန့်တဲ့အခမ်းအနားဆက်တက်၊ ပြီးတာနဲ့ အဆောင်ကို တက်သုတ်ရိုက်ပြန် ဘွဲ့ဝတ်စုံလဲ၊ ထမင်းတောင် အပြေးအလွှား ပလုပ်ပလောင်းစားပြီး ဘွဲ့နှင်းသဘင်ခန်းမဝင် ဘွဲ့ယူ၊ ပြီးတာနဲ့ ဆွေမျိုးသားချင်းတွေနဲ့ အပြေးအလွှား ဓာတ်ပုံရိုက်ပြီး အဆောင်ပြန်၊ ရေအပြေးချိုး၊ အခမ်းအနားဝတ်စုံလဲပြီး ညစာစားပွဲတက်။ ကိုယ်နဲ့လာတွေ့ပြီး အိမ်ပြန်တော့မယ့် မိဘဆွေမျိုးတွေရယ်၊ အပြီးခွဲခွာသွားရတော့မယ့် ကျောင်းတော်ကြီးရယ်၊ ကျန်ခဲ့တော့မယ့် မိသားစုဝင်ညီငယ်တွေရယ်ကိုလည်း ရှည်ရှည်ဝေးဝေး အလွမ်းသယ်မနေအားတော့ဘဲ တက်သုတ်ရိုက်နှုတ်ဆက်၊ နောက်နေ့မနက် တာဝန်ကျတဲ့နေရာကို ခရီးဆက်ဖို့ ညကတည်းက အသင့်ပြင်ဆင်ထားရတာကိုး။ အခု ရန်ကုန်တက္ကသိုလ်ကြီးမှာတော့ ဒီပလိုမာဘွဲ့လေးယူတာကအစ ဂုဏ်တွေ ပကာသနတွေ များလိုက်ချက်များ
.
. . . ဘာရယ်လို့ မဟုတ်ဘူး ဒီနေ့ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ ပုံလေးတွေ့လို့ သတိရပြီး လျှောက်ရေးနေမိတာ၊ အထက်က ပြောခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ ပါမောက္ခ ဆရာဆရာမကြီးတွေ ခန်းမထဲ ဝင်လာတဲ့အခါ တီးတဲ့ မှန်ညောင်သဉ္ဇာ ဝတ်တော်ရုံဘွဲ့ တီးလုံးကို အခုရက်ပိုင်းကျောင်းဆင်းတဲ့ စစ်တက္ကသိုလ် အမှတ်စဉ် ၆၂ ဘွဲ့နှင်းသဘင်မှာ မှန်စီရွှေချဆိုင်းဝိုင်းနဲ့ တီးတာတွေ့လို့၊ ကိုယ်တွေတုန်းက ဒီလို မတီးခဲ့ပါဘူး၊ စစ်တီးဝိုင်းကပဲ ငြိမ့်ငြိမ့်ငြောင်းငြောင်း တေးသွားတစ်ခုကို တီးပေးပြီး ပါမောက္ခတွေ ဘွဲ့နှင်းခန်းမထဲ ကြွချီခဲ့ကြတာ
.
. . . အခုပုံထဲမှာပါတဲ့ ဆိုင်းဝိုင်းမှာ အမျိုးသမီးဆိုင်းပညာရှင်တွေ ပါဝင်တီးမှုတ်နေတာ တွေ့ရမှာပါ၊ စစ်တက္ကသိုလ်အမှတ်စဉ် (၆၂) ဘွဲ့ယူတဲ့ စစ်တက္ကသိုလ်ရဲ့ အကြိမ် (၆၀) မြောက်ဘွဲ့နှင်းသဘင်မှာ ဖြစ်ပါတယ်၊ ဘယ်ဘွဲ့နှင်းသဘင်ကစပြီး အခုလို ဆိုင်းဝိုင်းကြီးနဲ့ ကျကျနနဆင်ပြီး မှန်ညောင်သဉ္ဇာ ဝတ်တော်ရုံဘွဲ့ကို တီးခဲ့သလဲဆိုတာတော့ မေးကြည့်ရအုံးမယ်၊ ပုံကို သူငယ်ချင်း Nyikita Nyi ဆီက ယူပါတယ်၊ ဝတ်တော်ရုံဘွဲ့တီးလုံးနဲ့ မင်းခမ်းမင်းနားမှာတီးတဲ့ စမုတ်ခံ တီးလုံး မတူတာ ရှင်းပြပေးတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက Ko Tin Latt Yu ကိုလည်း ကျေးဇူးတင်ပါတယ် . . .
.
ဗိုလ်ကောင်း
၅ ဒီဇင်ဘာ ၂၀၂၀
.
တက္ကသိုလ်ဘွဲ့နှင်းသဘင်တွေမှာ ပါမောက္ခတွေ ခန်းမထဲ ဝင်လာတဲ့အခါ တီးတဲ့ ဝတ်တော်ရုံဘွဲ့သမိုင်းကြောင်းသိချင်ရင် ဒီလင့်မှာ ဖတ်ကြည့်ကြပါ
https://www.moi.gov.mm/article/8410...
.
ဘွဲနှင်းသဘင်မှာတီးတဲ့ ဝတ်တော်ရုံဘွဲ့တီးလုံးကို ဒီမှာ နားထောင်နိုင်ပါတယ်
https://www.youtube.com/watch?v=EawUKuVZsPQ
.
မှန်ညောင်သဉ္ဇာ ဝတ်တော်ရုံဘွဲ့သီချင်းကို ဒီမှာ နားဆင်နိုင်ပါတယ်
https://www.youtube.com/watch?v=MisKgfJnoLw
.
ရှေးရှေးတုန်းက ဘွဲ့နှင်းသဘင်အကြောင်း ဒီမှာ ဖတ်နိုင်ပါတယ်
http://burmese.dvb.no/archives/355572

No comments:

Post a Comment