Wednesday 9 December 2020

သရဲကြောက်သူများ မဖတ်ရ

. . . ဒီစာကို ဖတ်မိကြရင် ဒီမောင် သောက်ရမ်းများနေပြီဆိုပြီး စီနီယာတွေ သူငယ်ချင်းတွေက နားပန်ကျင်းချင်ကြလိမ့်မယ်ဆိုတာ သိပေမယ့် . . .
.
. . . ကိုယ်တွေနေတဲ့ အဆောင်က တောင်စောင်းမှာ အလျားလိုက် ဆောက်ထားတာဆိုတော့ လှေခါးထစ်လိုပဲ အနိမ့်အမြင့် အထစ်အထစ်နဲ့ဆိုတော့ စင်္ကြန် ကလည်း လှေခါးလိုပဲပေါ့၊ အပြင်တွေလည်း သွားလို့မရတဲ့ နေရာဖြစ်တာရယ် စည်းကမ်းကလည်း တင်းကျပ်တာရယ်ကြောင့် တစ်စင်္ကြန်တည်း နေကြသူတွေအားလုံး သူငယ်ချင်းတွေနဲ့ စီနီယာတွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဟေးလေးဝါးလား နေကြတယ် . . .
.
. . . တနင်္ဂနွေနေ့ညနေပိုင်း စိတ်အေးလက်အေးရှိကြတဲ့ တစ်ရက် ဖုန်းကို ကလိရင်း သရဲပုံတွေ ထင်အောင်ရိုက်လို့ရတဲ့ အက်ပလီကေးရှင်းတစ်ခုကို သွားတွေ့တော့ ဒေါင်းလုတ်ချပြီး စမ်းကြည့်တယ်၊ နောက်နေ့မှာ အတန်းပြန်တက်ရမှာမို့ အဝတ်အစားပြင်ဆင် ဖိနပ်တွေဘာတွေတိုက် ကော်ရစ်ဒါမှာ စကားစုပြောတဲ့သူကပြော နဲ့ အေးအေးချမ်းချမ်းရှိနေကြချိန်၊ ကျနော့်ဖုန်းထဲက အပလီကေးရှင်းကို သုံးပြီး သူငယ်ချင်းတစ်ယောက် ကော်ရစ်ဒါမှာ တံမျက်စည်းလှည်းနေတဲ့ပုံကို ရိုက်လိုက်တယ်၊ အထဲက သရဲမက ခေါင်မိုးအထက်နားမှာ မထင်မရှားလေးပေါ့ . . .
.
. . . ရိုက်လည်း ရိုက်ပြီးရော ကိုယ့်ဖုန်းကို အံ့ဩဟန်နဲ့ ပြူးပြဲကြည့် သူငယ်ချင်းရဲ့ အထက်ကိုလည်း မော့ကြည့်လုပ်တော့ ဟို တံမျက်စည်းလှည်းနေတဲ့မောင်က စိတ်ထဲ မရိုးမရွဖြစ်ပြီး လာကြည့်ပါလေရော၊ ကြည့်တော့ တွေ့တာပေါ့၊ သူက ရှေ့မှာ ကုန်းပြီး တံမျက်စည်းလှည်းနေတဲ့ နောက်ကျော အပေါ်ဘက်မှာ ဆံပင်ဖျားလျားနဲ့ သရဲမက မှုန်မှုန်ဝါးဝါး အခန့်သား၊ သူလည်း ခေါင်းနားပန်း ကြီးသွားပုံရတယ်၊ သူ့အခန်းရှေ့ကြီးမှာကိုး၊ တစ်ယောက်တစ်ခန်းနေကြတာမို့ သူ့အခန်းရှေ့ရိုက်တဲ့ ပုံထဲ ချောက်ခြားစရာ သရဲပုံထင်နေတာ ဘယ်လိုပဲ မကြောက်တတ်ဘူးဆိုပေတဲ့ သူလည်း ဟင်ကနဲ ဟာကနဲတော့ ဖြစ်သွားပြီး အလန့်တကြားနဲ့ ဟိုဘေးနားမှာ ကော်ရစ်ဒါကို တက်လိုက်ဆင်းလိုက်လုပ်ပြီး စာ တတွတ်တွတ်ရွတ်နေတဲ့ တစ်ယောက်ကို လှမ်းခေါ်တယ်၊ ဟိုမောင်ကလည်း မျက်ကလဲဆန်ပြာ ပြေးလာတဲ့ပြီး ဖုန်းကိုကြည့်ပြီးတော့ ရုတ်တရက် ကြောင်သွားတာပေါ့ အပေါ်တွေဘာတွေ မော့ကြည့်လို့ . . .
.
. . . ကဲ ကိုယ်လိုချင်တဲ့ အနေအထားတော့ ရောက်ပြီဆိုပြီး ပုံကို ချက်ချင်း ဖျက်လိုက်တယ်၊ ဖုန်းထဲ ထည့်ထားတဲ့ သရဲအပလီကေးရှင်းကိုလည်း ရှင်းထုတ်လိုက်တယ်၊ အာ့အချိန်မှာ သတင်းက ကော်ရစ်ဒါတစ်လျှောက် ပြန့်နေပြီး ဗိုလ်ကောင်းဖုန်းထဲ သရဲပုံပေါ်လို့တဲ့၊ ကိုယ့်ဆီလာကြည့်တဲ့အခါ ကိုယ်က ဖျက်ပြီးနေပြီ သဲလွန်စက မပေါ်တော့ဘူး၊ ဗိုလ်ကောင်းဆိုးလေးနော်
.
. . . ဟာ မင်းနောက်နေတာမို့လားတဲ့ သရဲပုံပေါ်တဲ့ အပလီကေးရှင်းနဲ့ လုပ်ရင် ရတာကိုလည်း၊ ကိုယ်လည်း မင်သေသေနဲ့ ဟာ အာ့တာရှိတာ သိတာပေါ့ ဟိုနေ့ကတောင် စမ်းကြည့်သေးတယ် မကြိုက်လို့ ပြန်တောင်ဖြုတ်လိုက်ပြီ အခုက အာ့အပလီကေးရှင်းကလို မဟုတ်ဘူးဗျ တစ်ကယ့်ပုံကြီး ဒီကောင်တွေ မေးကြည့်ပါလားပေါ့၊ ဟိုမောင်နှစ်ယောက်ကလည်း အပြေးအလွှား ထောက်ခံတယ်၊ အာ့မှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သရဲဇာတ်လမ်းက တကယ်ကြီးဖြစ်ပြီး အခန်းအပြင်ကို ဆောင်းဘောက်ကြီးထုတ် ပရိတ်ဖွင့်တဲ့သူနဲ့၊ သူငယ်ချင်းအခန်းမှာ ညနက်ပြီး အိပ်ချင်နေတဲ့အထိ စာသွားကျက်တဲ့သူနဲ့ . . .
.
. . . အဲ သူတို့ပြသနာက ကိစ္စမရှိပေမယ့် ကိုယ့်ပြဿနာက ကိစ္စရှိလာတယ်၊ ကိုယ်တိုင် လံကြုပ်ဇာတ်လမ်းထွင်ပြီး ပိပိရိရိ လုပ်ထားတာပေမယ့် အာ့တာကို တကယ်ထင်ပြီး ကိုယ်တိုင် ဝင်ရောကြောက်နေတာ၊ အားလုံးက ကြောက်နေကြတော့ သူတို့ကိုကြည့်ပြီး ကိုယ်ပါရောကြောက်နေတာ အဲသည်ညက မရွတ်စဖူး ပရိတ်တွေရွတ်လိုရွတ်၊ မနက်ကျတော့လည်း ကြံ့ခိုင်ရေး တန်းစီချိန်မတိုင်ခင် အစောကြီး နိုးနေလို့ မနက်ချမ်းချမ်းစီးစီးကို ဂုဏ်တော်ကွန်ချာတွေအကျယ်ကြီးဖွင့်ပြီး ငုတ်တုတ်ထထိုင်နေရတယ် . . .
.
ကိုယ့်ဟာကို ဇာတ်လမ်းထွင်ပြီး ကိုယ့်ဟာကိုယ်ပြန်ယုံတတ်တဲ့အဖြစ်တွေ လောကကြီးမှာ တကယ်ကိုရှိတယ်
. လူကိုများ မကြောက်တတ်ဘူးများ မှတ်နေလာ့
.
ဗိုလ်ကောင်း
၂၀၁၂ ဇူလိုင်လခန့်
ကရင်ပြည်နယ်အစွန်က
တောင်ခိုးတွေဝေတဲ့
မြို့သေးသေးလေးမှာ

No comments:

Post a Comment