Sunday 31 August 2014

ကံ့ကော်မြေသို့ နောက်ထပ်ခေါက်

    ရန်ကုန်မြေကို ခွဲခွာရတော့မယ်ဆိုတော့ ရန်ကုန်မှာ ဘာတွေများ လွမ်းစရာကျန်ရစ်ခဲ့မှာပါလိမ့်လို့ ပြန်တွေးမိတယ်။ တစ်ခါမှ အတူတူ ဒီလောက်အကြာကြီး မနေဖူးတဲ့ ချစ်သမီး ပန်းပွင့်လေးရယ် ပန်းပွင့်လေးရဲ့ မေမေရယ်နဲ့ မိသားစုဘ၀လေးကို တစ်နှစ်တာ ပိုင်ဆိုင်ခဲ့ရတာကတော့ အဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ပါးပါပဲ။ ရန်ကုန်မှာ နေရတဲ့အချိန်လေးမှာ ပျော်စရာကောင်းရဲ့လား ဆိုရင်တော့ ပျော်စရာလည်းရှိ ကြည်နူးစရာလည်းရှိ စိတ်ပျက်စရာလည်းရှိ အားတက်စရာ စိတ်ဓာတ်ကျစရာတွေလည်းရှိ ပြီးတော့ စိတ်ဖိစီးရတဲ့ နေ့တွေလည်း ရှိခဲ့တာပေါ့။
    မြန်မာစင်္ကာပူ သင်တန်းကျောင်းမှာဖွင့်တဲ့ အင်္ဂလိပ်စာ သင်တန်းကို တစ်လတာ တက်ရောက်ဖို့ ရန်ကုန်ရောက်နေတဲ့အချိန်မှာ နောက်ပိုင်းက သဘောထားတစ်ခု လှမ်းမေးပါတယ်။ ရန်ကုန်တက္ကသိုလ် အိုင်စီအိုအီးက ဖွင့်မယ့် ဆယ်လကြာ အိုင်အာသင်တန်းကို တက်မလားတဲ့။ အိုင်စီအိုအီးဆိုတာလည်း ဘာမှန်းမသိလို့ စုံစမ်းပါရစေ နက်ဖြန်မှ အကြောင်းပြန်ပါရစေ ဆိုတာတောင် နက်ဖြန်ထိ မစောင့်နိုင်လို့ ခုချက်ချင်း အဖြေပေးရမယ်ဆိုလို့ ရန်ကုန်မှာ ကျောင်းတက်တော့ ပန်းပွင့်လေးတို့နဲ့ နေရတာပေါ့ ဆိုတဲ့ အားသာချက်တစ်ခုတည်းနဲ့တင် တက်သင့်ပါတယ်လေလို့ ဆုံးဖြတ်ပြီး တက်ပါမယ်လို့ ကတိပြုလိုက်တယ်။ အဲဒါဆိုရင်တဲ့ ဒီအီးမေးကို ဆက်သွယ်ပြီး ကျောင်းတက်ဖို့ကိစ္စ ဆက်လုပ်ပါ ဆိုပြီး အီးမေး တစ်ခုပေးပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ဖို့ အီးမေးတစ်ခုက စခဲ့တယ်လို့ ဆိုရမှာပါ။ ဂျီတော့ဆိုတာတောင် ကောင်းကောင်း မသိသေးတဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ၂၀၀၃ ခုနှစ်လောက်ကတည်းက သုံးလာခဲ့တဲ့အီးမေး။ ရံဖန်ရံခါ လိုအပ်မှသာ သုံးဖြစ်တဲ့ အီးမေးဟာ ဒီသင်တန်း တက်ပါပြီ ဆိုကတည်းက ပြန်လည် နိုးကြား အသက်ဝင် အသုံးဝင်လာခဲ့ပါတော့တယ်။
    အိုင်စီအိုအီးကို အီးမေးလှမ်းပို့ပြီး အကျိုးအကြောင်း စုံစမ်းတော့ နက်ဖြန် လျှောက်လွှာတင်ရက် နောက်ဆုံးဖြစ်လို့ အမြန်ဆုံး လျှောက်လွှာတင်ဖို့ စာပြန်လာပြီး လျှောက်လွှာပုံစံတစ်စောင်ပါ တွဲပို့ပေးပါတယ်။ ညတွင်းချင်းပဲ လျှောက်လွှာဖြည့် လိုအပ်တဲ့ စာစီစာကုံးတစ်ပုဒ်ရေးပြီး နောက်တစ်နေ့မှာ ကိုယ်တိုင်ပဲ သွားပို့လိုက်ပါတယ်။ ၀င်ခွင့်အတွက် လျှောက်လွှာအက်ဆေး အရေးအသားနဲ့ အင်္ဂလိပ်စာ အရေးအဖတ်အပြောနဲ့ နားထောင်စွမ်းရည်တွေ စစ်ဆေးမယ့်ရက်ကို မှတ်ပြီး တက်လက်စ အင်္ဂလိပ်စာ သင်တန်း ဆက်တက်နေပါတယ်။
    အင်္ဂလိပ်စာ အရေးအဖတ် နဲ့ နားထောင်စွမ်းရည် စစ်ဆေးမယ့်နေ့မှာ ကျောင်းကို အစောကြီး ရောက်နေတာ။ သစ်ပုတ်ပင်ကြီးဘေးက အုတ်ခုံလေးတစ်ခုမှာ ထိုင်ပြီး တယ်လီဖုန်းကို ဟိုပွတ်ဒီပွတ် ပွတ်နေတုန်း ဖုန်းသံထမြည်တော့ ရုံးကဖြစ်နေပါတယ်။ ဦးစီးအရာရှိလေးတစ်ယောက် ဖုံးဆက်တာပါ။ ဘာများပါလိမ့်ဆိုပြီး မေးကြည့်တော့ အစ်ကိုကြီးတဲ့ အခု အစ်ကိုကြီး တက်မယ်ဆိုတဲ့ သင်တန်းကို အန်ဒီစီက အရာရှိကြီးတစ်ယောက်ကို ထည့်ဖို့ ဒုချုပ်က မှတ်ချက်ပေးပါသတဲ့။ အဲဒါ လှမ်းအကြောင်းကြားတာပါတဲ့။ စာမေးပွဲ ဖြေခါနီး လူက ဆောက်တည်ရာ ရှာနေရတဲ့အချိန်မှာ အဲသည်လို သတင်းစကားမျိုးကြားရတာ ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်လိမ့်မလဲ စဉ်းစားသာကြည့်တော့။ ဒါနဲ့ပဲ အကြောင်းပြန်လိုက်တယ်။ အေး ဘယ်သူ့ကိုပဲ တက်ခိုင်းခိုင်း အခု နောက်ထပ် နာရီဝက်နေရင် ၀င်ခွင့်စာမေးပွဲ စတော့မယ်။ ခုမှတော့ ဘယ်သူမှ ထပ်လာလို့လည်း မမီနိုင်တော့ဘူး။ အဲသည်တော့ ငါ ဒီစာမေးပွဲကို ၀င်ဖြေလိုက်မယ်။ ၀င်ခွင့်အောင်တယ်ဆိုရင် သတင်းပို့မယ်။ လျှောက်လွှာပိတ်ရက်က ကျော်သွားပြီမို့ ၀င်ခွင့်ကို ၀င်ဖြေပြီးပါပြီလို့သာ သတင်းပို့လိုက်တော့လို့ ပြောလိုက်ပါတယ်။ ဖုန်းဆက်တဲ့ ဦးစီးအရာရှိလေးက ဟုတ်ကဲ့ပါ အစ်ကိုကြီး ဆိုပြီး ဖုန်းချသွားပါတယ်။
    အရေးအဖတ်ကတော့ အထွေအထူး မရှိပါဘူး။ နားထောင်စွမ်းရည် စစ်ဆေးတာတော့ နည်းနည်း ဆန်းတယ်ပြောရမယ်ထင်တယ်။ ခါတိုင်း နားထောင်စွမ်းရည် စစ်ဆေးရင် အသံသွင်းထားတာကို ပြန်ဖွင့်ပြတတ်တာ ဖြစ်ပေမယ့် ဒီနေ့ကတော့ တာဝန်ကျဆရာက ဖတ်ပြတာကို နားထောင်ပြီး မေးခွန်းတွေ ဖြေရမှာတဲ့။ အခန်းနှစ်ခန်း ရှိတဲ့အထဲမယ် တစ်ဘက်ခန်းက ဂျွန်ဆိုတဲ့ ဗြိတိသျှဆရာတစ်ယောက် တာဝန်ကျပြီး ကျွန်တော်တို့အခန်းမှာတော့ ပီတာဆိုတဲ့ အမေရိကန်ဆရာတစ်ယောက် တာဝန်ကျပါတယ်။ အမေရိကန်သံကို နားမယဉ်သေးတဲ့ အတွက် တော်တော် ခက်တယ်လို့ ဆိုရမှာပါ။ ဟိုဘက်ခန်းက ဆရာကတော့ မြန်မာတွေ နားလည်လောက်တဲ့ လေသံမျိုးနဲ့ ကောင်းကောင်းလေး ဖတ်ပြလို့ ဖြေနိုင်ကြတယ်ဆိုတာ နောက်တော့ သိရပါတယ်။
    နောက်တစ်ရက်ကျော်မှာ လူတွေ့သဘောမျိုး ဖြေရပါတယ်။ ဒါကတော့ အပြောစွမ်းရည်ကို စစ်ဆေးတဲ့သဘော ထင်ပါရဲ့။ အဲသည်မှာလည်း ပီတာနဲ့ပဲ ကျပါတယ်။ သူနဲ့ စကားပြောရတာ ကောင်းပေမယ့် ကိုယ့်သဘောထားတွေ ပြောပြတဲ့နေရာမှာ ကိုယ့်ရဲ့ နောက်ခံဗဟုသုတ မပြည့်စုံမှုကြောင့် သေသေချာချာ မပြောပြလိုက်နိုင်တာလေးတွေလည်း ရှိခဲ့ပါတယ်။ နောက်ဆုံး မေးခွန်းကတော့ ဘယ်မှာနေတာလဲတဲ့ ကျောင်းတက်မယ်ဆိုရင် ရန်ကုန်မှာနေပြီး တက်နိုင်ပါ့မလားတဲ့။ တက်နိုင်ပါတယ်ပေါ့။
    မကြာခင် ရက်ပိုင်းအတွင်းမှာ ပီတာ့ဆီက အီးမေးတစ်စောင် ၀င်လာပါတယ်။ အိုင်စီအိုအီးမှာ တက်ရောက်ဖို့ လက်ခံလိုက်တဲ့အကြောင်း ၊ တက်ဖြစ်မတက်ဖြစ် အမြန်ဆုံး အကြောင်းပြန်ကြားပေးပါဆိုပြီး ရေးထားပါတယ်။ ၀င်ခွင့်အောင်တယ် ဆိုပေမယ့် တကယ်တော့ အပြည့်အ၀ မပျော်နိုင်သေးပါဘူး။ ၀င်ခွင့်အောင်တဲ့အကြောင်း ရုံးကို အီးမေး ဆက်လွှဲပြီး သတင်းပို့တော့ အထက်ကို ဆက်တင်ပြပေးမယ်လို့ ဆိုပါတယ်။ နောက်ဆုံးကျတော့ ၀င်ခွင့်အောင်တဲ့သူ တက်ရောက်စေ ဆိုတဲ့ အမိန့်ရောက်လာမှ သက်မချရပါတော့တယ်။ ၀င်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ကြောင်း သေသေချာချာ တက်ရောက်မှာဖြစ်တဲ့အကြောင်း အဲဒီအချိန်ကျမှ ပြန်စာ ရေးနိုင်ပါတော့တယ်။   
    ၂၀၁၃ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတဲ့ အင်္ဂလိပ်စာ တစ်လသင်တန်းမှာ ဆရာဆရာမ လေးယောက် သင်ပါတယ်။ ဆရာမ ဒေါ်မေပုလဲသွေး၊ ဆရာမ ကက်သလင်းသိန်း၊ ဆရာဂျွန်ဝင်းဝပ် နဲ့ ဆရာပီတာ တို့ပဲ ဖြစ်ပါတယ်။ ဆရာပီတာက အင်္ဂလိပ်စာ သင်တာထက် Critical Thinking နဲ့ ပတ်သက်ပြီး ဆွေးနွေးတာ များပါတယ်။ အင်္ဂလိပ်စာတန်း တစ်လ ပြီးခါနီးမှာ Presentation လုပ်တော့ မြန်မာ့ဥပဒေပြုရေးမဏ္ဍိုင်အကြောင်း တင်ဆက်ခဲ့ပါတယ်။
    အင်္ဂလိပ်စာသင်တန်း တစ်လအတွင်းမှာ စိမ်းလန်းစိုပြည် ပျော်ပွဲစားသဘောမျိုး တစ်ရက်သွားကြပါတယ်။ နောက်ဆုံးနေ့မှာတော့ ကျောင်းမှာပဲ ဒန်ပေါက်ထမင်းစား အအေးသောက်ပြီး သီချင်းဆိုကြ လက်ဆောင်ပေးကြ အမှတ်တရ ရေးကြပေါ့။ ဆရာမ ပုလဲရဲ့ စိတ်ကူးဖြစ်တဲ့ စာရွက်တစ်ရွက်စီပေါ်မှာ တစ်ယောက်ချင်းစီရဲ့ မှတ်ချက်လေးတွေ အမှတ်တရ စကားလေးတွေ ရေးဖြစ်ကြတာကတော့ အမြဲ သိမ်းထားရမယ့် ရတနာ တစ်ပါးပါပဲ။
    ပုံမှန်အတန်းတွေ ကို ဒီဇင်ဘာလမှာ စပါတယ်။ မြန်မာ့မြေပေါ်က အမေရိကန် ပညာရေးစနစ်အကြောင်း ကျွန်တော်တို့တွေ ဘယ်လို ဒရွတ်ဆွဲ လိုက်ပါခဲ့ရကြောင်းတွေကို နောက်စာတွေမှာ ရေးပေးပါ့မယ်။
    ရွှင်လန်းချမ်းမြေ့ကြပါစေဗျ #

No comments:

Post a Comment