Wednesday 28 February 2024

စိတ်ကျေနပ်သဘောကျ

. . . အောင်ငြိမ်းချမ်းရေးတဲ့ မျက်မှောက်ရေးရာဆောင်းပါးပေါင်းချုပ် (၂၀၂၃) ထွက်လာတော့ တော်တော်လေးကို ကျေနပ်မိတယ်၊ မနှစ်က ပထမဆုံးထုတ်တဲ့ (၂၀၂၂) စာအုပ်တုန်းကဆို တော်တော်လေးကို မချင့်မရဲဖြစ်စရာတွေ များခဲ့တော့ ဒီနှစ်စာအုပ်ကို ဆောင်းပါးတွေ စရေးတာ၊ စာစီတာ၊ ပုံတွေထည့်တာ၊ အောက်ခြေမှတ်စုတွေ၊ ရည်ညွှန်းကိုးကားတွေကို အတော်ကြီး စိတ်တိုင်းကျအောင် လုပ်နိုင်ခဲ့ပြီး လုပ်ခဲ့တဲ့အတိုင်းလည်း စာအုပ်မှာ အရာထင်တာမို့ ကျေနပ်မိတယ်လို့ ပြောတာပါ။ ဒါတောင်မှ သက်ဆိုင်သူတွေ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးတဲ့ ကြားထဲက၊ ကိုယ်တိုင် စက်ပေါ်တင်တဲ့အဆင့်အထိ စာအုပ်အပြင်အဆင်၊ ပုံတွေသုံးတာ၊ နေရာချတာ အဆုံး စိတ်တိုင်းကျ လုပ်ခွင့်ရတယ်ဆိုတာတောင် ပြင်မယ်ဆို ပြင်စရာက တွေ့နေသေးတာတော့ ထားလိုက်ပါတော့လေ
.
. . . အမှန်တော့ ဒီစာအုပ်က ဆောင်းပါးတွေက အပတ်စဉ်ထုတ်တဲ့ The Trend News Journal မှာ အပတ်စဉ် အခန်းဆက်ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေ ဖြစ်ပြီး စုစုပေါင်း ၁၅ ပုဒ် ပါဝင်ပါတယ်။ ဆောင်းပါးတွေ စပြီး ခေါင်းစဉ်စဉ်းစားကတည်းကိုက ၂၀၂၃ ခုနှစ်ရဲ့ နှစ်ချုပ်မှတ်တမ်းသဖွယ်လည်းဖြစ်ရအောင်၊ နိုင်ငံတကာလေ့လာရေးနယ်ပယ်မှာ တာစားလာတဲ့ သဘောတရားတွေကိုလည်း တင်ပြပြီးသားဖြစ်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာမို့ အဲသည် ရည်ရွယ်ချက်တွေလည်း ရာခိုင်နှုန်း အတော်များများ ပေါက်မြောက်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
.
. . . ဒီဆောင်းပါးတွေကို ရေးစဉ်က နောက်ထပ်ရှိခဲ့တဲ့ ရည်ရွယ်ချက်တစ်ခုက ဒီဆောင်းပါးတွေဟာ ကိုယ်တိုင်လိုအပ်လို့ ပြန်ရည်ညွှန်းမယ်ဆိုရင်တောင် ယုံယုံကြည်ကြည် ရည်ညွှန်းကိုးကားနိုင်တာမျိုး ဖြစ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဘယ်သူမှ ဖတ်ဖတ်၊ မဖတ်ဖတ်၊ စိတ်ဝင်စားစား မစားစား၊ ငါရေးရင် ငါ့အတွက် မှတ်စုကောင်းကောင်းရတာပေါ့ ဆိုတဲ့ ဖေ့ဘုတ်မှာ စာရေးရင်တောင် ထားနေကျဖြစ်တဲ့ ခံယူချက်မျိုးနဲ့ ရေးခဲ့တာမို့လို့ ကိုယ့်အစွမ်းရှိသမျှတော့ တကယ့်ကို ယုံကြည်ကိုးကားထိုက်တဲ့ စာတွေပဲ ဆိုတာ အာမခံနိုင်ပါတယ်။
.
. . . စာမျက်နာ ၄၀၀ ကျော်မှာ စုစုပေါင်း ဆောင်းပါး ၁၅ ပုဒ်ထဲ ဆိုတော့ တစ်ပုဒ်ချင်းအတွက် ဘယ်လောက်နေရာပေးထားလဲ ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ပါတဲ့ အကြောင်းအရာတွေက တရုတ်ကွန်မြူနစ်ပါတီညီလာခံနဲ့ ရှေ့ခရီးအကြောင်း၊ ဒေါ်လာရဲ့ အရေးပါမှုကို တိုက်စားလာတဲ့အကြောင်း၊ အမေရိကန်နဲ့ တရုတ်တို့ရဲ့ သုစီဒီးဒိစ်ထောက်ချောက်၊ တောင်ကမ္ဘာခြမ်းနိုင်ငံတွေရဲ့ ကမ္ဘာ့အရေးမှာ ဝင်ဆန့်လာမှု၊ အိန္ဒိယ နဲ့ အာဖရိကတို့ အရေးပါလာပုံအကြောင်း နဲ့ လက်ရှိဖြစ်နေတဲ့ အာရပ်-အစ္စရေးစစ်ပွဲအကြောင်းအထိ ပါတဲ့အတွက် ၂၀၂၃ ရဲ့ ကမ္ဘာ့သမိုင်း အကျဉ်းချုပ်လို့လည်း ဆိုနိုင်ပါတယ်။
.
. . . အရင်တုန်းက ဧကမဏ္ဍိုင်-ဒွိမဏ္ဍိုင်-ဗဟုမဏ္ဍိုင် ဆိုရာကနေ နောက်ပိုင်းပေါ်ထွက်လာတဲ့ ကဏ္ဍစုံကမ္ဘာသဘောတရားအကြောင်း (Multiplex World Order)၊ ပါဝါအမာ-ပါဝါအပျော့တို့ နောက်ပိုင်း ပေါ်ထွက်လာတဲ့ ချွန်မြမြပါဝါ (Sharp Power) သဘောတရားအကြောင်း၊ ကမ္ဘာ့သမိုင်းမှာ ခေတ်သစ်နိုင်ငံတော်ဆိုပြီး စတင်ပေါ်ပေါက်လာခဲ့တဲ့ ၁၆၄၈ ခုနှစ်ကနေ အခုအချိန်အထိ အချိန်ကာလ တိုက်စားပြောင်းလဲလာတဲ့ အချုပ်အခြာအာဏာဆိုတဲ့ သဘောတရားတွေ လျော့ရဲလာပုံ၊ စသည် စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်ပါတယ်။
.
. . . ဒါပေမယ့် ဒီစာတွေကို ပညာရှင်များအတွက် ရည်ရွယ်ရေးထားတာ မဟုတ်ဘဲ၊ နိုင်ငံတကာရေးရာကို စိတ်ဝင်စားတဲ့ သူများအတွက်သာ ရေးထားတာဖြစ်လို့ Academic Paper လို ဟိတ်ကြီးဟန်ကြီး ခန့်ထည်လေးနက်နေမှာတော့ မဟုတ်ပါဘူး။ (ရိုးရိုးသားသားပြောရရင် ကိုယ့်ဆရာတွေ ဖတ်မှာကိုတောင် ကြောက်မိပါတယ်)
.
. . . စာအုပ်ထွက်ပြီလို့ ဝမ်းမြောက်ဝမ်းသာ ပိုစ့်တင်တဲ့အခါ စိတ်ဝင်တစားနဲ့ စာအုပ်လိုချင်ကြောင်း ပြောကြတာတွေကိုလည်း ကြည်နူးစွာတွေ့မြင်ရပါတယ်။ ဒါပေမယ့်. . .
.
. . . ဒီစာအုပ်က မရိုက်ခင်ကတည်းက ဘယ်အတွက် ဘယ်လောက်ဆိုပြီး တွက်ချက်ပုံနှိပ်တာဖြစ်တဲ့အတွက် အများကြီး ရောင်းပေးနိုင်ဖို့ သိပ်အလားအလာ မရှိသလို အပြင်ဆိုင်တွေမှာ တင်ပေးနိုင်ဖို့ အလားအလာလည်း မရှိလှပါဘူး၊ သို့သော်လည်း အရန်အဖြစ် တွက်ချက်ထားတဲ့ ပမာဏနည်းနည်းလေးထဲက တစ်ချို့ကို ထုတ်ရောင်းပေးနိုင်မယ်လို့ ယူဆတဲ့အတွက် စာအုပ်လိုချင်တဲ့သူများအတွက် ကျနော် ဖောင်လေးတစ်ခုပို့ပေးပါမယ်။ စာအုပ်တန်ဖိုးက အတိအကျပြောဖို့ခက်တာကြောင့် မယုတ်မလွန် တစ်သောင်းတစ်ထောင်ကျပ်ပဲ ဆိုကြပါစို့၊ အဲဒီလိုလေးဆိုရင် အဆင်ပြေလောက်မှာပဲလို့တွေးပြီး စာအုပ်လိုချင်သူများ အောက်က ဖောင်လေးကို ဝင်ဖြည့်ပေးကြပါ။
.
. . . ဖောင်ဖြည့်ရာမှာလည်း အမည်၊ Viber နံပတ်၊ ပို့ပေးစေလိုတဲ့ လိပ်စာ၊ ဖုန်းနံပတ်၊ ကားဂိတ်ကတင်ပေးရမယ်ဆို ကားလိုင်းအမည်၊ ချပေးရမယ့်ဂိတ်၊ Delivery Service နဲ့ ပို့ပေးရမယ့် လိပ်စာ၊ ကျနော့်ဆီကို ငွေလွှဲပြီးကြောင်း ပြေစာ screenshot ၊ တကယ်လို့များ စာအုပ် မရနိုင်ခဲ့ရင် ပိုက်ဆံပြန်လွှဲပေးရမယ့် Kpay နံပတ် နဲ့ အမည် စတာတွေကို ဖောင်ထဲမှာ ဖြည့်ပေးဖို့ လုပ်ထားပါတယ်။
.
. . . စာအုပ်က ဘယ်နအုပ်ရမယ်ဆိုတာ မသေချာတာကြောင့် အခုဖောင်ဖြည့်တဲ့ အစဉ်လိုက် ဦးစားပေးပြီး ပို့ပေးပါမယ်ခင်ဗျ၊ ဖေ့ဘုတ် ကွန်းမင့်နဲ့ မက်ဆေ့ဘောက်တွေမှာ စာတွေရေးပြီး မှာကြပြုကြတာကို ဝမ်းသာကျေးဇူးတင်ပေမယ့် အများနဲ့ဆိုတဲ့အခါ စီမံရ အဆင်ပြေအောင် ဒီဖောင်လေးကိုပဲ ဖြည့်ပေးကြဖို့ အထူးမေတ္တာရပ်ခံ ပန်ကြားချင်ပါတယ်။
.
ဖြည့်ရမယ့် Google Form က First Comment ထဲမှာပါခင်ဗျာ
.
ရွှင်လန်းချမ်းမြေ့ကြပါစေ

ဗိုလ်ကောင်း

၂၈ ဖေဖော်ဝါရီ ၂၀၂၄

No comments:

Post a Comment