Saturday 17 February 2024

အရှေ့တောင်ထောင့်မြို့ရိုး

. . . အနီရောင်အောက်ခံမှာ အဖြူရောင်စာလုံးနဲ့ ရေးထားတဲ့ ဒီဆိုင်းဘုတ်လေးနားကဖြတ်တိုင်း မဆုံးနိုင်တဲ့ မေးခွန်းစဉ်တွေ တသီတတန်း ပေါ်လာရမြဲပါပဲ၊ လက်လှမ်းမီသလောက် လိုက်မေးကြည့်တော့လည်း ဒီဆိုင်းဘုတ် အဓိပ္ပာယ်ကို သိဖို့ နေနေသာသာ ကိုယ့်လိုတောင် ဆိုင်းဘုတ်ကို မမြင်ခဲ့ကြ သတိမမူမိခဲ့ကြ၊ ကိုယ်ကသာ မျက်စိမျောက်ရှုံးပြီး ဆိုင်းဘုတ်ကို တွေ့ခဲ့ရသလိုလို
.
. . . လွန်ခဲ့တဲ့ နှစ်ပေါင်း (**) ဆိုတော့ ခုခေတ်လို အလွယ်တကူဓာတ်ပုံရိုက်လို့ရတဲ့ ဖုန်းတွေလည်း မရှိသေးတဲ့အချိန်ဆိုတော့ ဒါကို ဘယ်လိုရိုက်ထားရမှန်း မသိခဲ့ဘူး။ ကိုယ်လည်းမသိ၊ ကိုယ်ဖြတ်နေကျလမ်းမှာလည်း တွေ့နေကျဆိုတော့ တော်တော်ကို မျက်စိထဲ ကိုးလိုးကန့်လန့်နိုင်လှတဲ့ ဆိုင်းဘုတ်ပေပဲ။ လက်လှမ်းမီသလောက် လိုက်မေးကြည့်တော့လည်း ဘယ်သူမှ မသိ၊
.
. . . ညနေတုန်းက မသိတဲ့ ဖုန်းတစ်လုံး ဝင်လာလို့ ကိုင်လိုက်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီရှိရင် ပေးပါမယ်ဆိုတဲ့ အကြောင်း ပြောလာတယ်။ ငါက ဘာလို့ လိုရမှာတုန်း ငါ့အလုပ်လည်း မဟုတ်ဘူး။ အူကြောင်ကြားလာလုပ်မနေနဲ့လို့ ပြန်ကောပေးလိုက်တယ်။ တကယ်သဘောရိုးနဲ့ ကူညီပေးမယ်ဆိုတာကတော့ အတွေ့အကြုံအရ ဘယ်လိုမှ ယုံနိုင်စရာမရှိ၊ ကူညီမယ်ဆိုလည်း ကိုယ်က ဒါတွေလုပ်နေတဲ့သူမဟုတ်တော့ မလိုပါဘူး၊ လိုတဲ့သူတွေ လုပ်ကြပါလိမ့်မယ်
.
. . . စကားပြန်ဆက်ရရင် ကိုယ်သိချင်နေတဲ့ အကြောင်းကို လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်လောက်က သဲလွန်စ ရခဲ့တယ်။ မှန်လေမမှန်လေ၊ ခိုင်လုံလေ မခိုင်လုံလေ မသိပေမယ့် အဲသည် ဆိုင်းဘုတ်အကြောင်းက ဒီလိုပါတဲ့
.
. . . အနော်ရထာမင်းလက်ထက်၊ အေဒီ ၁၁ ရာစု၊ ကောဇာသက္ကရာဇ် ၃၉၅၊ တပေါင်းလဆန်း ၁၂ ရက်၊ သောက်ြာနေ့မှာ အနော်ရထာမင်းကြီးက ကင်းတပ် ၄၃ မြို့ တစ်ပြိုင်နက်တည်း ထူထောင်ရာမှာ ပါခဲ့တဲ့ မြို့တဲ့၊ အဲသည်မြို့နားက ကိုယ်တို့ရောက်တုန်းက ရွာလေးတစ်ရွာတောင် ရှိခဲ့သေး၊ မြို့ရိုးက တခြားမြို့ရိုးတွေလို မဟုတ်ဘဲ ကျောက်စရစ်တုံးတွေနဲ့ တည်ထားတာတဲ့
.
. . . ရွာအမည် မြို့အမည်တွေက ကာလရွေ့လျောလို့ ပြောင်းသွားနိုင်တယ် ဆိုပေမယ့် မူလ အမည်တွေကို‌ ပြန်ခန့်မှန်းရာမှာ အထောက်အကူတော့ ဖြစ်နိုင်တယ်မို့လား၊ ဥပမာ တို့ငယ်တုန်းက ကျောင်းစာမှာ နန်းမြို့ရိုးတွေအကြောင်း သင်ရတဲ့အခါ သူရဲပြေး၊ သူရဲခို စသည်တို့ ရှိတယ်မို့လား၊ အဲသည်ရွာလေးနာမည်က သူရဲခို တဲ့ ဗျ
.
. . . ဓာတ်ပုံတော့ ရှိတယ်၊ သိချင်ရင် လေးလေးစားစား လာမေးပါ၊ ယီးတီးယားတားနဲ့ ကူညီချင်သလိုလို၊ အကုန်လုံးသိနေသလိုလိုတော့ လာပြီး အာမချောင်နဲ့ ၊ ဒီကိစ္စ ငါက စိတ်လည်း မဝင်စားဘူး၊ ဒီထက်ပိုသိချင်တာလည်း မရှိဘူး၊ ငါ့ကို အချက်အလက် ထောက်ပံ့ပေးမလိုလိုနဲ့ လာတော့ မစားလေနဲ့ ၊ ညနေက ဖုန်းဆက်တဲ့သူကို အားနာလို့ နည်းနည်းပဲ ကောလွှတ်တာ ၊ ဒီတစ်ခါ အူကြောင်ကျားလာလုပ်ရင် ဆဲလွှတ်မှာ ၊ ဒီထက်ပိုသိချင်ရင် ရှေးသုသွားမေး
.
ဗိုလ်ကောင်း

၁၇ ဖေဖော်ဝါရီ ၂၀၂၄

No comments:

Post a Comment