Sunday 26 February 2023

REAIM 2023



. . . ဉာဏ်ရည်တုနည်းပညာကို စစ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေမှာ တာဝန်သိသိသုံးကြဖို့ (Responsible Use of IA in Military Domain – REAIM 2023) ဖိုရမ်ကို ပထမဆုံးအကြိမ်အဖြစ် နယ်သာလန်နိုင်ငံ the Hague မြို့မှာ ဖေဖော်ဝါရီလ ၁၅-၁၆ နှစ်ရက် ကျင်းပခဲ့ရာမှာ တရုတ်နဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း တစ်ရာကျော်က အစိုးရအဖွဲ့ဝင်အကြီးအကဲ အယောက် ၈၀ အပါအဝင် အဖွဲ့အစည်းအသီးသီးက တက်ရောက်သူပေါင်း နှစ်ထောင်ကျော် ရှိခဲ့ပါတယ်။ ရုရှားကိုတော့ မဖိတ်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲသည်ထဲမှာ ဉာဏ်ရည်တုနည်းပညာကို တာဝန်သိသိ သုံးကြရေး တိုက်တွန်းချက် Call to Actionကို နိုင်ငံပေါင်း ၆၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြပြီး အစ္စရေးကတော့ မထိုးခဲ့ဘူးလို့ ဆိုပါတယ်။ #Link1
.
. . . Call to Action မှာ အချက် ၂၅ ချက်ပါဝင်ပြီး အနှစ်ချုပ်ကတော့ နိုင်ငံအားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြဖို့ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ #Link2
.
. . . တစ်ဆက်တည်း ဆိုသလိုပဲ အမေရိကန်နိုင်ငံကလည်း ဒါနဲ့ပတ်သက်ပြီး သူတို့နိုင်ငံရဲ့ သဘောထား ရပ်တည်ချက်ကို အချက် ၁၂ ချက် ပါဝင်တဲ့ နိုင်ငံရေးကြေငြာစာတမ်း (Political Declaration on Responsible Military Use of Artificial Intelligenc and Autonomy) အဖြစ် ထုတ်ပြန်လိုက်တာကို တွေ့ရပါတယ်။ စာတမ်းအနှစ်ချုပ်ကတော့ ဉာဏ်ရည်တုနည်းပညာကို အားသွန်ခွန်စိုက် လုပ်လာကြရာမှာ နိုင်ငံတကာလုံခြုံရေးအပေါ်မှာ ဂယက်ရိုက်လာတာ၊ ဉာဏ်ရည်တုကို စစ်ရေးမှာ သုံးမယ်ဆိုရင် နိုင်ငံတကာဥပဒေတွေ၊ အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေကို လိုက်နာဖို့ လိုတဲ့အပြင်၊ ဉာဏ်ရည်တုကို အသုံးပြုရာမှာ လူထိန်းချုပ်မှုစနစ်ကို မလွဲမသွေထားဖို့ လိုတယ်ဆိုတာ၊ ဒီကြေညာစာတမ်းက အမေရိကန်အစိုးရရဲ့ သဘောထားသာဖြစ်ပြီး နိုင်ငံတွေအနေနဲ့ မဖြစ်မနေလိုက်နာဖို့တော့ မလိုပါဘူး ဆိုတာကို ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။ #Link3
.
. . . အထက်မှာပြောခဲ့တဲ့ Call to Action နဲ့ အမေရိကန်အစိုးရကြေညာစာတမ်း တို့က မဖြစ်မနေ လိုက်နာစရာ မလိုတဲ့အပေါ်မှာ ဒါဟာ လျော့ရဲလွန်းတယ်ဆိုပြီး ဝေဖန်နေကြတာတွေ ရှိပေမယ့် နောက်ပိုင်းမှာတော့ မဖြစ်မနေ လိုက်နာရမယ့် နိုင်ငံတကာဥပဒေဆန်တဲ့ ကန့်သတ်ချက်တွေ စည်းမျဉ်းတွေ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဉာဏ်ရည်တုဆိုင်ရာကမ္ဘာလုံးဆိုင်ရာကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းကြဖို့ ပြောနေကြတော့ ဒါကပဲ ဆက်ပြီး ထိန်းသိမ်းကြပ်မတ်သွားမယ် ထင်ပါတယ် #Link4
.
. . . REAIM 2023 ဟာ နယ်သာလန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဖိုရမ်ဖြစ်ပြီးတော့ လာမယ့်နှစ်မှာလည်း အလားတူ နှစ်နိုင်ငံပေါင်းပြီး တောင်ကိုရီးယားမှာ ကျင်းပမယ်လို့ ဆိုပါတယ်။
.
. . . ChatGPT လောက်နဲ့ ရပ်မနေဘဲ နိုင်ငံရေး၊ စစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး နဲ့ ကမ္ဘာ့စီးပွားရေးတွေအပေါ်မှာ ဉာဏ်ရည်တုနည်းပညာ ဘယ်လိုတွေ သက်ရောက်မလဲ ဆိုတာကို သတိကြီးကြီးထား စောင့်ကြည့်နေရဖို့
.
ဗိုလ်ကောင်း
၂၆ ဖေဖော်ဝါရီ ၂၀၂၃

No comments:

Post a Comment