Friday 8 February 2019

Gerrymandering


. . . လွှတ်တော်ထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးခေါင်းစဉ်တပ် လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အခြေခံဥပဒေရေးရာကျွမ်းကျင်သူ ဒေါက်တာအင်ဒရူးငွန်ကျုံးလျံကို ဗီအိုအေက တွေ့ဆုံမေးမြန်းခန်းမှာ ပြင်လို့လည်းလွယ်နိုင်တဲ့ အမြန်ဆုံးပြင်သင့်တဲ့ အချက်သုံးချက်ကို ပြောသွားတယ်။ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်အမတ်တွေက ခန့်အပ်ခွင့်ရှိရေး၊ ရွေးကောက်ပွဲကော်မရှင်ပြုပြင်ပြောင်းလဲရေး နဲ့ အခြေခံဥပဒေခုံရုံးပြုပြင်ပြောင်းလဲရေး သုံးချက်ကို အကြံပြုပြောသွားပါတယ်။ ပြောကြားချက်တွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်
https://www.facebook.com/VoA.Burmese.News/videos/236081783983399/
.
. . . ဒေါက်တာ အင်ဒရူးပြောသွားတဲ့အထဲက ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့အချက်ကတော့ ရွေးကောက်ပွဲကော်မရှင်သည် သမ္မတသက်တမ်းနဲ့ အတူဖြစ်နေတဲ့အခါ အစိုးရပြောင်းတိုင်း ကော်မရှင်လိုက်ပြောင်းနေမယ်ဆိုရင် သမာသမတ်ကျတဲ့ ကော်မရှင်တစ်ခုဖြစ်ဖို့ ခဲယဉ်းမယ်ဆိုတဲ့ သဘောပါ။ သမ္မတတစ်ယောက်တက်လာလိုက် ကော်မရှင်ကို စိတ်ကြိုက်ခန့်လိုက် အဲသည်ကော်မရှင်က အာဏာရပါတီကို အားသာစေတဲ့ ရွေးကောက်ပွဲတွေ ဦးစီးကျင်းပလိုက်ဖြစ်နေမယ့် သဘောကို ဆိုလိုဟန်ရှိပါတယ်။
.
. . . ဒါနဲ့ပတ်သက်ပြီး ကိုယ်လည်း အရင်တုန်းက လေ့လာပြီး ရေးထားဖူးတဲ့ကိစ္စမို့ ပြောချင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ သမ္မတက ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေထဲမှာ သက်တမ်းကန့်သတ်ချက်ပေးမထားတာ (မထားတာ)ဆိုလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုပဲ ရှိပါတယ်။ အခြားအဖွဲ့အစည်းဝင်တွေအတွက် သက်တမ်းကန့်သတ်ချက်ပေးထားပေမယ့် အနည်းဆုံးအသက်ငါးဆယ်ပြည့်ပြီးဖြစ်ရမည်ဆိုတာကလွဲရင် ဘယ်အသက်အရွယ်ထိ တာဝန်ထမ်းဆောင်ရမယ်ဆိုတာရော သက်တမ်းဘယ်လောက်ဆိုတာရော အခြေခံဥပဒေထဲမှာ ထည့်သွင်းပြဌာန်းထားခြင်းမရှိတဲ့ တစ်ခုတည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟာ ရွေးကောက်ပွဲကော်မရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် သဘောတူညီချက်နဲ့ ခန့်အပ်လို့ ရပေမယ့် ပြည်ထောင်စုလွှတ်တော်က စွပ်စွဲပြစ်တင်လုပ်ခွင့်မရှိဘဲ သမ္မတ တစ်ဦးတည်းကသာ စွပ်စွဲပြစ်တင်လုပ်ခွင့်ရှိတာလည်း ရွေးကောက်ပွဲကော်မရှင်တစ်ခုတည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အခြေခံဥပဒေရေးဆွဲရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်အချို့ကို ကိုယ်တိုင်ချဉ်းကပ်မေးမြန်းခဲ့ပေမယ့် ရေရာတိကျတဲ့အဖြေ မရခဲ့ပါဘူး။ (ဥပဒေပညာရှင် ဆရာမကြီးတစ်ယောက်ကဆို ထည့်ရေးဖို့များမေ့သွားတာလား မသိဘူးလို့ပြောလို့ မျက်လုံးပြူးခဲ့ရပါသေးတယ်)
.
. . . မှတ်သားဖူးတဲ့ ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုခြင်းဆိုင်ရာ ဥပဒေသတစ်ခုရှိပါတယ်။ Ubi lex voluit, dicit {dixit}; ubi noluit, tacit လို့ဆိုပါတယ်။ ဆိုလိုတာက ဥပဒေတစ်ခုက ရေးထားရင် ရေးထားတဲ့အတိုင်း ဆိုလိုတာဖြစ်ပြီး မရေးထားတဲ့ကိစ္စကို အဓိပ္ပာယ်မကောက်ယူရဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ “if the law means something, it says it; if it does not mean something, it does not say it” ဖြစ်ပါတယ်။
.
. . . အထက်က ဥပဒေသအတိုင်းဆိုရင် အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားထားခြင်းမရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သက်တမ်းကို ဥပဒေတစ်ခုနဲ့ ကန့်သတ်တာဟာ အခြေခံဥပဒေနဲ့ ညီညွှတ်တယ်လို့ မဆိုနိုင်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းကို သမ္မတသက်တမ်းနဲ့အညီ သတ်မှတ်လိုက်တာဟာ အခြေခံဥပဒေကို ဖောက်ဖျက်ရာကျတယ်လို့ ယူဆပါတယ်။
.
https://www.facebook.com/bo.kaung.94402343/posts/197506044541391
.
. . . ဒေါက်တာအင်ဒရူးပြောသလိုဆိုရင် ရွေးကောက်ပွဲကော်မရှင်ကို အစိုးရပြောင်းတိုင်း ပြောင်းစရာမလိုဖို့အတွက်ဆို အခြေခံဥပဒေအထိတောင် လိုက်ပြင်စရာ မလိုပါဘူး။ လက်ရှိပြဌာန်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေကို နယက အစိုးရပြဌာန်းခဲ့တဲ့အတိုင်း ပြန်ထားလိုက်မယ်ဆိုရင်တောင် အခြေခံဥပဒေထဲမှာ ပါတဲ့အတိုင်း ရွေးကောက်ပွဲကော်မရှင်ဟာ သမ္မတပြောင်းတိုင်း သက်တမ်းမကုန်ဘဲ ဘယ်ပါတီတက်တက် သူ့အလုပ်သူ ပုံမှန်လုပ်နေနိုင်တဲ့ အာဏာရပါတီရဲ့ အလွှမ်းမိုးမခံရတဲ့ လွတ်လပ်တဲ့ကော်မရှင်တစ်ခုအဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။
.
. . . ၂၀၁၆ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် The Voice Daily သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျွန်တော့်ရဲ့ ဆောင်းပါးကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သက်တမ်း ဘယ်လောက်လဲ
.
. . . ဒီဆောင်းပါးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းသတ်မှတ်ချက်ဆိုင်ရာ ဒွိဟဖြစ်စရာ မေးခွန်းတစ်ချို့ကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေများထဲက စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တစ်ချို့ကို ကိုးကားတင်ပြသွားပါမယ်။
.
၂၀၀၈ အခြေခံဥပဒေ
.
. . . ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာ့ဒီမိုကရေစီရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လမ်းပွင့်လာခဲ့တာဖြစ်ပြီး ဒီကနေ့လို အတိုက်အခံပါတီက လွှတ်တော်ကို အလုံးအရင်းနဲ့ သိမ်းပိုက်နိုင်လောက်အောင် အခွင့်အရေးရခဲ့လည်း ဒီအခြေခံဥပဒေကြောင့်သာ ဖြစ်ပါတယ်။ အခြေခံဥပဒေ အခန်း ၉ ရွေးကောက်တင်မြှောက်ခြင်း အခန်း ပုဒ်မ ၃၉၈ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း နဲ့ ပတ်သက်ပြီး ပြဌာန်းထားတာ ရှိပါတယ်။ နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ခန့်အပ်ရတဲ့ အခြားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေနဲ့ ပတ်သက်ပြီး သက်တမ်းကန့်သတ်ချက်ကို အတိအလင်း ပြဌာန်းထားပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းကိုတော့ အခြေခံဥပဒေမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဥပမာအားဖြင့် သမ္မတနဲ့ဒုသမ္မတများသက်တမ်းကို ငါးနှစ် သတ်မှတ်ထားတာ (ပုဒ်မ ၆၁)၊ လွှတ်တော်တွေရဲ့သက်တမ်းကို ငါးနှစ်သတ်မှတ်ထားတာ (ပုဒ်မ ၁၁၉၊ ၁၅၁၊ ၁၆၈)၊ သမ္မတသက်တမ်းထက်ကျော်လွန် တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်နဲ့ တရားသူကြီးများ သက်တမ်းအဖြစ် အသက် ၇၀ ထိ တာဝန်ထမ်းဆောင်ခွင့်ပေးထားတာ (ပုဒ်မ ၃၀၃) စသည်ဖြင့် အတိအကျ ပြဌာန်းထားပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့အဖွဲ့ဝင်များရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ပုဒ်မ ၃၉၈ (ခ)(၁) မှာ အသက် ၅၀ နှစ်ပြည့်ပြီးသူဖြစ်ရမည် ဆိုတဲ့ တစ်ချက်ကလွဲပြီး ဖော်ပြထားတာ မတွေ့ရပါဘူး။
.
. . . အခြေခံဥပဒေကို ရေးဆွဲကြစဉ်အခါတုန်းက ရေးဆွဲခဲ့တဲ့သူတွေဟာ ကော်မရှင်သက်တမ်းနဲ့ ပတ်သက်ပြီး မဖော်ပြမိဘဲ ကျန်ခဲ့သလား။ ဒါမှမဟုတ် သက်တမ်းကို တမင်တကာ မဖော်ပြဘဲ ထားခဲ့သလား ဆိုတာ စဉ်းစားစရာ ကောင်းပါတယ်။ အချိန်ယူရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမှာ ကျန်ခဲ့တယ်ဆိုတာတော့ ဖြစ်နိုင်ချေ မရှိသလောက် နည်းပါတယ်။ တကယ်လို့ တမင်တကာ မဖော်ပြဘဲ ထားခဲ့တာဆိုရင်တော့ ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေဟာ သက်တမ်းအကန့်အသတ်မရှိ တာဝန်ထမ်းဆောင်ခွင့်ရှိတဲ့ သဘော သက်ရောက်နေသလား ဆိုတာလည်း စေ့ငုကြည့်မိပါတယ်။ ဒါလည်း မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်မှာဆိုရင် ဖယ်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့်ပေးထားတာ ရှိနေပါတယ်။
.
. . . ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ သက်တမ်းကို အခြေခံဥပဒေထဲမှာ ဖော်ပြခြင်း မပြုတာဟာ ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့် ပြုထားတာများလား ဆိုတဲ့ ယူဆချက်ကို ပိုမိုခိုင်မာစေတဲ့ အချက်တစ်ခုကို ဆက်လက်တင်ပြပါ့မယ်။
.
ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ
.
. . . နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ အသစ်ပေါ်ပေါက်လာမယ့် လွှတ်တော် အစိုးရနဲ့ တရားစီရင်ရေးကဏ္ဍတို့အတွက် ဥပဒေတွေ အဆင်သင့် ပြဌာန်းပေးသွားခဲ့တာရှိပါတယ်။ အဲဒီထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေဆိုတာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေဟာ နယကအစိုးရရဲ့ ဥပဒေ အမှတ် ၁၅/၂၀၁၀ ဖြစ်ပြီး ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်း အသစ်ရေးဆွဲခြင်း မရှိဘဲ ဆိုခဲ့ပါ ဥပဒေကိုသာ ကျင့်သုံးခဲ့တာကို တွေ့ရပါတယ်။ ဆိုခဲ့ပါ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇၈ မှာ "ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း" ဆိုင်ရာ ပြဌာန်းချက်များကို ဖော်ပြထားပါတယ်။ ပုဒ်မ ၇၈ အရ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဦး လစ်လပ်သွားလို့ သမ္မတက အစားထိုးပြန်ခန့်ရတယ်ဆိုရင် နောက်ထပ်ခန့်အပ်ခံရသူရဲ့ ရာထူးသက်တမ်းက သမ္မတရဲ့ ကျန်ရှိတဲ့သက်တမ်းအတွက်သာ ဖြစ်စေရမည် ဆိုပေမယ့် ချွင်းချက်အနေနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့တရားသူကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်များ မပါဘူးလို့ ဆိုထားပါတယ်။
.
. . . အထက်ဖော်ပြပါ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၇၈ အရ ဆိုရင် ပြည်ထောင်စုတရားသူကြီးချုပ်နဲ့တရားသူကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်များရဲ့ ရာထူးသက်တမ်းဟာ နိုင်ငံတော်သမ္မတ ရာထူးသက်တမ်းထက်ကျော်လွန်ခွင့်ရှိနေတာကို တွေ့ရမှာပါ။ အခြေခံဥပဒေ ပုဒ်မ ၃၀၃ အရ တရားသူကြီးချုပ်နဲ့တရားသူကြီးများကို အသက် ၇၀ အထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း အတိအလင်း ပြဌာန်းထားတာမို့လို့ အငြင်းပွားဖွယ် မရှိပေမယ့် အသက်ဘယ်ရွေ့ဘယ်မျှအထိ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း ဖော်ပြထားခြင်း မရှိတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ ရာထူးသက်တမ်းကို အကန့်အသတ်မရှိ ခွင့်ပြုထားသလားဆိုတဲ့ယူဆချက်ကို အထက်ပါ ပုဒ်မ ၇၈ ပြဌာန်းချက်က အားဖြည့်ပေးထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွေမှာ ဘယ်လို ပြဌာန်းထားသလဲ ဆက်လေ့လာကြည့်ပါတယ်။
.
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများ
.
. . . ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် အစိုးရအတွက် ပထမဆုံး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို နယက အစိုးရက ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့မှာ ဥပဒေအမှတ် ၁/၂၀၁၀ အဖြစ် ပြဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေဟာ အခြေခံဥပဒေထဲက ကော်မရှင်ဆိုင်ရာ ပြဌာန်းချက်တွေကို ထပ်တူနီးပါး ပြန်ကူးရေးထားတဲ့ သဘောလောက်သာ ရှိတာမို့ အခြေခံဥပဒေမှာ မပါခဲ့တဲ့ ကော်မရှင်သက်တမ်းနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပါဘူး။ ပြည်ထောင်စုလွှတ်တော် ပေါ်ပေါက်လာတဲ့အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအမှတ် ၆/၂၀၁၁ ကို ၂၀၁၁ အောက်တိုဘာလ ၅ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ ပြင်ဆင်ချက်ဥပဒေမှာတော့ ကော်မရှင်သက်တမ်းနဲ့ ပတ်သက်ပြီး စာတစ်ပိုဒ် ပါဝင်လာတာ တွေ့ရပါတယ်။ ဥပဒေအမှတ် ၆/၂၀၁၁၊ ပုဒ်မ ၆ အစားထိုးအပိုဒ်မှာ လစ်လပ်လို့ ခန့်အပ်ခံရသူတွေရဲ့သက်တမ်းဟာ ကော်မရှင်ရဲ့ ကျန်ရှိတဲ့သက်တမ်းအတွက်သာ ဖြစ်သည် လို့ ရေးသားပြဌာန်းခဲ့ပါတယ်။ မူလ အခြေခံဥပဒေမှာ မပါခဲ့တဲ့ "သက်တမ်း"
ဆိုတဲ့ စကားရပ်ကို စတင်ဖော်ပြခဲ့ပေမယ့် အဓိပ္ပာယ် သွေဖည်သွားတဲ့သဘောကို မတွေ့ရသေးပါဘူး။
.
. . . ဒါပေမယ့် ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်မှာတော့ နယက အစိုးရက ပြဌာန်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃/၂၀၁၂ နဲ့ ပယ်ဖျက် အစားထိုးခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အသစ်ပြဌာန်းလိုက်တဲ့ ကော်မရှင်ဥပဒေ အခန်း ၃ ပုဒ်မ ၆ မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းဟာ သမ္မတရာထူးသက်တမ်းနဲ့ အညီဖြစ်သည်ဆိုပြီး အတိအလင်း ထည့်သွင်းဖော်ပြလာခဲ့ပါတယ်။ ထပ်မံပြီးတော့လည်း ပြင်ဆင်ချက် ဥပဒေ ၄၀/၂၀၁၅ မှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ရာထူးသက်တမ်းဆိုပြီး အခန်း ၇ ပုဒ်မ ၂၀ အဖြစ် ဖြည့်စွက်ပြဌာန်းခဲ့ပြန်ပါတယ်။
.
. . . နောက်ထပ် တင်ပြလိုတဲ့ထူးခြားချက် တစ်ချက်ကတော့ အခြေခံဥပဒေ ပုဒ်မ ၄၀၀ အရ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတ တစ်ဦးတည်းကသာ စွပ်စွဲပြစ်တင်ခွင့် ပြုထားတာဖြစ်ပါတယ်။ တရားရေးမဏ္ဍိုင်ရဲ့ အခေါင်အချုပ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကိုတောင် လွှတ်တော်က စွပ်စွဲပြစ်တင်နိုင်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ခွင့်ကို သမ္မတတစ်ဦးတည်းထံမှာသာ အပ်နှင်းထားတာလည်း ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
.
ကွဲလွဲချက်များ
.
. . . အခြေခံဥပဒေမှာ ရေးသားဖော်ပြထားခြင်းမရှိတဲ့ ကော်မရှင်ရဲ့သက်တမ်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ သမ္မတသက်တမ်းထက် ကျော်လွန်ခွင့်ရှိနေတယ်ဆိုတာ ထင်ရှားနေပါတယ်။ တစ်ခါ အခြေခံဥပဒေမှာ ဖော်ပြထားခြင်းမရှိတဲ့ သက်တမ်းကို ပြည်ထောင်စုလွှတ်တော်က ပြုတဲ့ ဥပဒေတစ်ခုက ဖော်ပြကန့်သတ်ပိုင်ခွင့်ရှိမရှိ ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါ့အပြင် အခြေခံဥပဒေတစ်ခုတည်းအောက်က ဥပဒေနှစ်ခုမှာ အနှစ်သာရ ကွဲလွဲချက် ရှိနေတာကလည်း ဖြစ်သင့်မသင့် ဝေဖန်ပိုင်းခြားဖို့ လိုအပ်မယ်ထင်ပါတယ်။ ဒီဆောင်းပါးဟာ ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်သာဖြစ်ပြီး ဥပဒေများကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ကတော့ အခြေခံဥပဒေခုံရုံးမှာသာ အာဏာရှိတယ်ဆိုတာလည်း သတိပြုကြဖို့ ဖြစ်ပါတယ်။
.
. . . ဒီဆောင်းပါးမှာ ရေးသားထားတာတွေဟာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကြိုက်ခြင်း မကြိုက်ခြင်းဆိုတာထက် အခြေခံဥပဒေ နဲ့ ကိုက်ညီခြင်းရှိမရှိဆိုတဲ့ ရှုထောင့်ကနေ ဝေဖန်သုံးသပ်ထားတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာဖို့ရာအတွက် အရေးပါတဲ့ အင်စတီကျူးရှင်းတစ်ခုဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သက်တမ်းနဲ့ ပတ်သက်ပြီး သင့်မသင့် ရာမရာ ကို ဝေဖန်ပိုင်းခြားကြဖို့ နဲ့ ဖနောင့်ကိုဖြတ်မလား ဖိနပ်ကို ချဲ့မလား ဆိုတာကို စဉ်းစားဆုံးဖြတ်ကြဖို့ကတော့ ဥပဒေပြုလွှတ်တော်ထဲက အမတ်မင်းတို့ရဲ့ အမြော်အမြင်ပေါ် လုံးလုံးမူတည်လျက် ရှိနေပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။
.
၂၄ ဖေဖေါ်ဝါရီလ ၂၀၁၆ ရက်နေ့ထုတ် The Voice Daily သတင်းစာ စာမျက်နှာ ၁၄ တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်ပါသည်။
အောက်ပါလင့်တွင် ရယူနိုင်ပါသည်။
https://drive.google.com/…/0B--t85AlezzcYU5mUUV0YmZaW…/view…
.
ဗိုလ်ကောင်း
၈ ဖေဖေါ်ဝါရီ ၂၀၁၉
.
(ခေါင်းစဉ်နှင့် ရေးထားသောအကြောင်းအရာ ပတ်သက်ခြင်းရှိမရှိသည် စာဖတ်သူအတွေးနှင့်သာ ဆိုင်ပါသည်)

No comments:

Post a Comment