Wednesday 13 June 2018

ပန်းပွင့်လေး လှဖို့ဆိုရင်


ကျောင်းစာကို အင်္ဂလိပ်လိုသင်သင့်သလား မြန်မာလိုသင်သင့်သလားဆိုတဲ့ မေးခွန်းက လွှတ်တော်ထဲက ဆွေးနွေးမှုကနေ စတင်ပြီး လူတွေကြားမှာ စိတ်ဝင်တစား ပြောကြဆိုကြတဲ့ အကြောင်းအရာတစ်ရပ် ဖြစ်လာပါတယ်။ ဘာသာစကားနဲ့ပတ်သက်တဲ့ ပညာရေးမူဝါဒ ဘယ်လိုချရင် ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာတော့ မသိပေမယ့် မူလတန်းကျောင်းသားတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနေတဲ့ အဖေတစ်ယောက်အနေနဲ့တော့ ကလေးမိဘတွေကို ဒါလေးတွေ ပြောပြချင်တယ်
.
၁။ ကလေးကို အင်္ဂလိပ်စာ တတ်အောင်သင်ပေးပါ၊ တတ်အောင်သင်တယ်ဆိုတာ အတန်းထဲမှာ အမြဲတမ်း အဆင့်ကောင်းကောင်းရတာနဲ့ တိုက်ရိုက်အချိုးမကျဘူးဆိုတာ မိဘတွေ နားလည်ပြီးဖြစ်မယ်လို့ ထင်ပါတယ်။ မြန်မာလို လေ့လာစရာ စာအုပ်စာတမ်းနဲ့ အင်တာနက်မှာရှိနေတဲ့ အရင်းအမြစ် အကန့်အသတ်တွေရှိနေတဲ့ အခုလိုအချိန်မှာ ကလေးက အင်္ဂလိပ်လိုတတ်မှ ပိုပြီးကျယ်ကျယ်ပျံ့ပျံ့ လေ့လာနိုင်ခွင့်ပိုရပါလိမ့်မယ်။ ကလေးကို တတ်အောင်သင်ဖို့အတွက် ကလေးကို အင်္ဂလိပ်စကား များများပြောဖြစ်မယ့် ရပ်ဝန်းတစ်ခုလည်း လိုအပ်ပါတယ်။ မိဘတွေကိုယ်တိုင် အင်္ဂလိပ်စာကို (အနည်းဆုံး ကိုယ့်ကလေး တတ်သလောက်အဆင့်လေးဖြစ်ဖြစ်) တတ်အောင်လုပ်ပြီး အိမ်မှာ အင်္ဂလိပ်စကားပြောဖြစ်မယ့် အခြေအနေလေး ဖန်တီးပေးနိုင်ရင်တော့ အကောင်းဆုံး အခြေအနေဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြော ကျောင်းမှာထားတဲ့ ကလေးချင်းတူရင်တောင် အိမ်မှာပါ မိသားစုက အင်္ဂလိပ်လို ပြောနိုင်ဆိုနိုင်တယ်ဆိုရင် ကလေးရဲ့ အင်္ဂလိပ်စကားစွမ်းရည်က ပိုတက်တတ်ပါတယ်။
.
၂။ ကလေးရဲ့ ကျောင်းစာကို စိတ်ဝင်စားပါ။ ကလေးကို စာတွေနင်းကန်ကျက်ခိုင်းပြီး စာပြန်ခိုင်း မရရင် ဆူငေါက် ရိုက် လုပ်ဖို့ပြောတာ မဟုတ်ပါဘူး။ ကလေးရဲ့ ကျောင်းစာကို စိတ်ဝင်တစား ကလေးနဲ့ ဆွေးနွေး၊ စာကျက်ပြီး စာပြန်ခိုင်းတာမျိုး မဟုတ်ဘဲ သူ့စာထဲက အကြောင်းအရာတွေ သူဘယ်လောက် နားလည်ထားသလဲဆိုတာ ကလေးနဲ့ စကားပြောကြည့်ရင် ကလေးကလည်း စာထဲက အကြောင်းအရာတွေကို တကယ် စိတ်ဝင်တစား ပြောပြပါလိမ့်မယ်။ ကလေးနဲ့ စကားပြောရင်း ကျောင်းစာအုပ်ထဲမှာ ရေးထားတာထက်ပိုပြီး ဘာတွေ ဆက်တွေးမလဲဆိုတာ ကလေးရဲ့ တွေးတတ်ခေါ်တတ်တာတွေကို တူးဖွဖော်ထုတ်ဖို့ ကြိုးစားသင့်ပါတယ်။
.
၃။ စာသင်ကျောင်းမှာ သင်ပေးနေတာ စာမေးပွဲအောင်ဖို့တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုတာ အမြဲသတိထားပါ။ ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ ဆရာဆရာမများအပေါ် သဘောထား၊ ကျောင်းသွားကျောင်းပြန် ပတ်ဝန်းကျင်ကို သတိထားမိတဲ့ စိတ်၊ ကျောင်းမှာလုပ်တဲ့ စာမဟုတ်တဲ့ ကိစ္စရပ်တွေထဲမှာ ကိုယ့်ကလေးရဲ့ အခန်းကဏ္ဍ၊ ကလေးရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု စတာတွေကိုပါ မိဘတွေက စိတ်ဝင်တစားရှိသင့်ပါတယ်။ ကလေးနဲ့ စကားအေးအေးဆေးဆေး ပြောနိုင်မယ့် အခြေအနေဖန်တီးပြီး ဒီအကြောင်းတွေ သိအောင်လုပ်ထားသင့်ပါတယ်။ ကိုယ်တွေငယ်ငယ်ကတော့ ထမင်းစားရင်း စကားပြောတာ လူကြီးတွေက မကြိုက်ပါဘူး။ ဒါပေမယ့် ကိုယ်ကတော့ ထမင်းစားတဲ့အချိန်မှာ ကလေးတွေနဲ့ စကားစမြည်ပြောရင်း အေးအေးဆေးဆေး အချိန်ယူသင့်တယ်လို့ ထင်ပါတယ်။
.
၎။ ဆော့တာ ကစားတာဟာ ကလေးတစ်ယောက် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာ ခံယူထားသင့်ပါတယ်။ အိမ်မှာ တစ်ယောက်တည်းဆော့ဆော့၊ အပေါင်းအသင်းနဲ့ဆော့ဆော့၊ ဆော့တယ်ဆိုတာ ကလေးတစ်ယောက်က အာရုံစူးစိုက်သင်ယူနေခြင်းတစ်မျိုးဖြစ်တာမို့ ဆော့တာကို အားပေးသင့်ပါတယ်။ ကိုယ့်ကလေး ကောင်းကောင်းမွန်မွန် အန္တရာယ်ကင်းကင်းနဲ့ စိတ်တိုင်းကျ ဆော့နိုင်အောင် စီမံဖန်တီးပေးထားသင့်ပါတယ်။
.
၅။ ကလေး စာထဲမှာပါတာတွေကို တတ်နိုင်သမျှ အပြင်မှာ ပြပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ နယ်ဘက်ပိုင်းက ကလေးတွေအနေနဲ့ သဘာဝတရားနဲ့ နီးနီးစပ်စပ် နေခွင့်ရတာမို့ ကိစ္စမရှိလှပေမယ့် မြို့ကြီးပြကြီး ကွန်ကရစ်တောကြီးထဲနေရတဲ့ ကလေးတွေအဖို့ စာထဲမှာပါတာတွေကို အပြင်မှာ မြင်ခွင့်ရဖို့က တမင်တကာ ပြမှ သိရတာတွေ ရှိမှာပါ။
.
၆။ အင်တာနက်ကို ကောင်းကောင်းအသုံးချသင့်ပါတယ်။ လက်ထဲက တယ်လီဖုန်း၊ ကွန်ပြူတာနဲ့ အင်တာနက်တို့ဟာ ဖေ့ဘုတ်ကြည့်တာထက် အများကြီး ပိုအသုံးဝင်တယ်ဆိုတာကို မေ့မထားသင့်ပါ။ ယူကျုကနေ ကလေးတစ်ယောက် သိသင့်သိထိုက်တာကို ပြပေးနိုင်စရာတွေ အများကြီးရှိပါတယ်။ မိဘတွေကိုယ်တိုင် အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချနိုင်အောင် လုပ်ထားသင့်ပါတယ်။ ယူကျုမှာ ကလေးတွေအတွက် သီးသန့်လုပ်ပေးထားတဲ့ ကျောင်းစာထဲက ဗဟုသုတတွေ အများကြီးရှိပါတယ်။ လိပ်ပြာလေးတွေ ဘယ်လိုမွေးလာလဲ၊ မီးတောင်ပေါက်ကွဲတာ ဘယ်လိုကြီးလဲ၊ သစ်စေ့ကလေးကနေ အပင်ကြီးဘယ်လိုဖြစ်လာလဲ စသည်ဖြင့် ကလေးကျောင်းမှာ စာနဲ့ ရုပ်ပုံနဲ့ပဲ သင်ရတဲ့ ကိစ္စတွေကို ယူကျုလိုနေရာမှာ ရုပ်ရှင်တွေဘာတွေနဲ့ (အင်္ဂလိပ်လို နားမလည်ဘူး ဆိုတဲ့တိုင်) ပြလို့ရတာတွေကို ကောင်းကောင်း အသုံးချသင့်ပါတယ်။ သတိထားရမှာက ကလေးကိုယ်တိုင် အတိုင်းအဆမရှိ တယ်လီဖုန်းကိုင် ကွန်ပြူတာကိုင်ပြီး အချိန်အကြာကြီးသုံးနေတာမျိုး မဖြစ်အောင်တော့ စီမံသင့်ပါတယ်။ ကလေးက သူ့ဘာသာကြည့်နေတာထက် မိဘက ကလေးကျောင်းစာထဲပါတာလေးတွေကို စိတ်ဝင်တစားနဲ့ ပြပေးတာမျိုးက ပိုကောင်းမယ်ထင်ပါတယ်။
.
၇။ ကလေးကို သဘာဝတရားနဲ့ နီးနီးစပ်စပ် နေခွင့်ပေးသင့်ပါတယ်။ ပရွက်ဆိတ်လေးတွေ သွားနေတာ၊ ပန်းလေးတွေ ပွင့်နေတာ၊ မြေကြီးတွေ ကျောက်ခဲတွေကို သေချာစိတ်ဝင်တစားကြည့်နေတာတွေကို မဟန့်တားသင့်ပါဘူး။ စာထဲကဟာတွေက အပြင်မှာလည်း တကယ်ရှိနေတာပါလားဆိုတာ ကလေးက သဘောပေါက်ဖို့ အရေးကြီးပါတယ်။ နို့မဟုတ်ရင် ကျောင်းကသင်တာက သပ်သပ် အပြင်မှာ တကယ်ရင်ဆိုင်ရတာက သပ်သပ်ဆိုတာလိုဖြစ်ပြီး ကျောင်းစာကို စာမေးပွဲအောင်ဖို့ထက်ပိုစိတ်ဝင်စားမှာ မဟုတ်ပါဘူး။
.
၈။ အိမ်စာတွေ နင်းကန်လုပ်ခိုင်းတာကို အားမပေးသင့်ပါဘူး။ ကလေးထူးချွန်တဲ့ဘာသာ မထူးချွန်တဲ့ ဘာသာဆိုတာ ရှိမှာဖြစ်တဲ့အတွက် သင်္ချာညံ့လို့ဆိုပြီး သင်္ချာတွေ နင်းကန်တွက်ခိုင်းတာမျိုး၊ လက်ရေးမလှလို့ဆိုပြီး ဘယ်နမျက်နာရေးဆိုပြီး မဟားတရားခိုင်းတာမျိုးလုပ်ရင် ကလေးက စာကို မုန်းတီးသွားနိုင်ပါတယ်။
.
၉။ ကလေး ဆရာဆရာမတွေနဲ့ အခါအားလျော်စွာ တွေ့လို့ဖြစ်ဖြစ် တယ်လီဖုန်းဆက်လို့ဖြစ်ဖြစ် ကလေးအကြောင်းကို တီးခေါက်ကြည့် ဆွေးနွေးကြည့်သင့်ပါတယ်။ ကလေးသူငယ်ချင်းတွေ သူတို့ရဲ့ မိဘတွေနဲ့လည်း အခါအားလျော်စွာ စကားစမြည်ပြောပြီး ကလေးအတွက် ပိုပြီးသင့်လျော်မယ့် အကြံကောင်းဥာဏ်ကောင်းလေးတွေ ရတတ်ပါတယ်။
.
၁၀။ ကလေးကို အင်္ဂလိပ်စာအပြင် နောက်ထပ် ဘာသာစကားတစ်ခု ထပ်သင်ပေးဖို့ အခြေအနေပေးတယ်ဆိုရင် တရုတ်စာသင်ပေးဖို့ အကြံပေးချင်ပါတယ်။ ဒီကလေး ကိုယ့်အရွယ်မရောက်ခင်မှာတင် တရုတ်က ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာနိုင်ဖွယ်ရှိပြီး တရုတ်စာနဲ့စကားက အရေးပါလာမှာဖြစ်လို့ပါ။
.
၁၁။ ကလေးကို ပြုစုပျိုးထောင်ဖို့ဆိုရင် မိဘကိုယ်တိုင်လည်း ကိုယ့်ဘာသာ ပြုစုပျိုးထောင်နေဖို့ လိုအပ်ပါတယ်။ ကလေးနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မိဘအုပ်ထိန်းသူ အိမ်ထောင်စုဝင်တွေရဲ့ အရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေက ကလေးဆီကို ကူးစက်တတ်တဲ့သဘောရှိတာကြောင့် ကလေးကိုဖြစ်စေချင်တာတွေကို ကိုယ်ကိုယ်တိုင်လည်း ဖြည့်ဆည်းနေသင့်ပါတယ်။ နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။
.
၁၂။ ကလေးကို မလိုလားအပ်တဲ့ ၀န်ထုပ်ဝန်ပိုးတွေ လျော့ကျအောင် မိဘတွေက ကြိုးစားဖယ်ရှားပေးသင့်ပါတယ်။ အထင်ရှားဆုံး ဥပမာပြရရင် ကလေးကို အတန်းထဲမှာ အဆင့်ကောင်းစေချင်တာ၊ အမှတ်နည်း အဆင့်မကောင်းလို့ဆိုပြီး ကလေးကို ပြစ်တင်မောင်းမဲ ဖိအားပေးတာ၊ စာတွေကို သည်၏မလွဲရတာကို ဂုဏ်ယူနေတာ၊ ကျူရှင်တွေ ဂိုက်တွေ တစ်ပြုံကြီးခေါ်ပြီး ကလေးကို အားလပ်ချိန် စဉ်းစားချိန် ဆော့ချိန်မပေးချင်တာ စတာတွေက ကလေးတွေအတွက် မလိုလားအပ်တဲ့ ၀န်ထုပ်ဝန်ပိုးတွေပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖိအားကြောင့် မဟုတ်ဘဲ အတန်းထဲမှာ သူ့ရဲ့ ပင်ကိုယ်ပြိုင်ဆိုင်စိတ်အရ သူများအောက်ကျလို့ ကလေးက စိတ်ပျက်အားငယ်နေမယ်ဆိုရင်တောင် မိဘတွေက ကလေးကို အားပေးနှစ်သိမ့်ပြီး ကလေးရဲ့ ယုံကြည်စိတ်ကို အမြဲတမ်း ထက်သန်ထွန်းပနေအောင် ရေလောင်းပေါင်းသင်ပေးရမှာ ဖြစ်ပါတယ်။
.
၁၃။ အရေးအကြီးဆုံးအချက်က အခုမှပြောမှာပါ။ ပညာရေးစနစ်ကြီး ကောင်းတယ် မကောင်းဘူး အပြစ်တင်နေတာ၊ ဆရာမတွေကဘယ်လို ကျောင်းကဘယ်လို အပြစ်တင်စရာဖြစ်နေတာတွေ ရှိမှာပါ။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ ပြင်ပေးနိုင်ဖို့ဆိုတာက လက်တွေ့မကျပါဘူး။ ဘယ်လောက်ဆိုးတဲ့ ပညာရေးစနစ်ကြီးဖြစ်နေပါစေ ကလေးကို အကောင်းဆုံးပညာရေးကိုပေးဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ပါလားဆိုတာ ယုံကြည်စွဲမှတ်ထားပြီး ကလေးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်လေလေ ကလေးပညာရေးအတွက် ပိုပြီး အလားအလာကောင်းလေလေပဲဆိုတာ အမြဲသတိရနေစေချင်ပါတယ်။ ပညာရေးစနစ်ကြီးကို အစိုးရက ပြင်လိမ့်မယ်။ ကျွန်တော်တို့က ကိုယ့်ကလေးကို တတ်နိုင်သမျှ ပြုစုပျိုးထောင်ကြတာပေါ့။
.
ပန်းပွင့်လေးဖေဖေ
၁၃ ဇွန် ၂၀၁၈

No comments:

Post a Comment