Sunday, 15 April 2018

အမွေ


အဖေက သဌေးသားတဲ့
. . . ရေဆင်းအနောက်ဘက်က ကြို့ပင်ဆိပ်ဆိုတဲ့ရွာမှာ အဖေတို့ မိဘတွေက လယ်တွေယာတွေအများကြီးပိုင်တော့ အဖေက တောသဌေးသားပေါ့။ ဒါပေမယ့်အဖေက လယ်တွေ ယာတွေထက် စက်တွေကို ပိုစိတ်ဝင်စားလို့ ဆန်စက်တွေ ဆီစက်တွေလုပ်ရင်း အမေနဲ့ညားခဲ့တာ။ ကိုယ်တွေ သိတတ်တဲ့အချိန်တုန်းထိကို အဖေက အလုပ်ကောင်းကောင်းလုပ်နိုင်တုန်း၊ ပိုက်ဆံတွေ အများကြီးရှာနိုင်တုန်း၊ နောက်ပိုင်း ကျန်းမာရေးကလည်း နည်းနည်းအားနည်းလာတော့ အဖေလည်း ယုံကြည်မှုတွေ ကျဆင်းလာခဲ့တယ်ထင်ပါရဲ့ လုပ်တာတွေလည်း မအောင်မြင်၊ စုထားဆောင်းထားတာလေးတွေလည်း တဖြည်းဖြည်းပါးလျားလာ
.
. . . ကိုယ်သိသလောက်တော့ အဖေက တော်တော်ကို ကရိကထနည်းတဲ့လူ။ အဖေ့အတွက်ရယ်လို့ အိမ်မှာ ဘာမှ အထွေအထူးပြင်ဆင်ပေးဖို့ မလိုတဲ့သူ။ အစားအသောက်ဆိုရင်လည်း အစားအသောက်မို့။ အဖေအမြဲတမ်း ဆုံးမတတ်တဲ့ စကားတစ်ခွန်းရှိတယ်၊ အစားအသောက်ကို ရှိတာနဲ့ စားတတ်ရမယ်တဲ့။ အဖေက ကုန်သည်အလုပ်လုပ်တော့ တစ်နေရာကတစ်နေရာ ကူးသန်းသွားလာရင်း တစ်ခါတစ်လေ လမ်းမှာ ကားပျက်လို့ပဲဖြစ်ဖြစ် တွေ့ကရာနေရာမှာ ခိုကြရတဲ့အခါ ပိုက်ဆံရှိတာတောင် ၀ယ်စားလို့မရတာမျိုးတွေရှိတယ်ဆိုတာ ခဏခဏပြောရင်း အစားအသောက် မလော်မာဖို့ ကိုယ်တွေကို အမြဲတမ်း သွန်သင်တယ်။ အဖေက ခဏခဏ ဗိုက်ဆာတတ်တဲ့သူမို့ မီးဖိုချောင်ထဲ ထမင်းတစ်မျိုးလောက်ရှိနေရင်တောင် ဘာဟင်းမှ အဆင်သင့်မရှိတဲ့တိုင် ဆီဆမ်းဆားဖြူးပြီး စားတတ်တဲ့သူ။
.
. . . အ၀တ်အစားဆိုလည်း အ၀တ်အစားမို့
ကိုယ်တွေညီကိုတစ်တွေ ၀တ်ချင်စားချင် လှချင်တဲ့အရွယ်ရောက်တော့ အဖေက ပိုက်ဆံသိပ်မရှာနိုင်တော့ဘူး။ အ၀တ်အစား ကောင်းကောင်းမွန်မွန်ရယ်လို့ ပွဲလမ်းသဘင်ရှိမှ ၀တ်ဖို့ ၀ယ်တယ်ဆိုရင်တောင် အဖေ့အတွက် မပါဘူး။ ကိုယ်တွေမှတ်မိသလောက် အဖေပုဆိုးသစ်ဝတ်တာ မတွေ့ဖူးဘူး။ အဖေက ရပ်ရေးရွာရေးမှာလည်း ဟိုပွဲဒီပွဲ တက်ခဲတာကိုး။ အဖေအဓိကလုပ်တဲ့ အလုပ်က ဘုရားကြီးကျောင်းက ဝေယျာဝစ္စဆိုရင် အဖေက သေသေချာချာကို လုပ်တယ်။ ဒါပေမယ့် ပွဲနေ့ဆို အဖေမပါတော့ဘူး။ အဲလို ပွဲတွေတက်လေ့မရှိတဲ့အဖေက အ၀တ်အစားဆိုရင်လည်း သားတွေအကျကိုပဲ ၀တ်တယ်။ အိမ်မှာ ဘက်ထရီအားသွင်းလည်းလုပ်တော့ ရှိတဲ့ပုဆိုးတွေဆိုတာလည်း ဘက်ထရီအက်ဆစ်စားလို့ အပေါက်အပြဲကများတယ်။ အဲသည် ပုဆိုးပေါက်တွေကိုပဲ အဖေက ဖာထေးပြီးဝတ်တာပဲ။ ပုဆိုးကောင်းကောင်းဆို သားတွေပဲ ၀တ်ရတာ။
.
. . . အိမ်အလုပ်ဆိုရင်လည်း အိမ်အလုပ်မို့
သားသမီးခုနစ်ယောက်တောင်ရှိတဲ့အိမ်ထောင်ဦးစီးကြီးက အ၀တ်လျှော်တာပဲဖြစ်ဖြစ် ထမင်းချက်တာပဲဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးလို့ နေလေ့မရှိဘူး။ အဖေက များသောအားဖြင့် ရေချိုးခါနီး လျှော်စရာအ၀တ်တွေရှိနေရင် လျှော်ပြီး လှန်းသွားတာပဲ။ ထမင်းစားပြီးလည်း ရေစင်မှာတွေ့တဲ့ပန်းကန်တွေ ဆေးသွားလိုက်တာပဲ။ ကိုယ်တွေလည်း ငယ်ငယ်ကတည်းက ကိုယ့်အ၀တ်ကိုယ်လျှော် ကိုယ့်ထမင်းပန်းကန်ကိုယ်ဆေး။ ကိုးတန်းဆယ်တန်းလောက်ရောက်တော့ အစ်မတွေက အလုပ်တွေရပြီး မြို့ကိုသွားနေကြချိန်မှာ ထမင်းစားပြီး အမေအဖေနဲ့ အတူတူ စကားတွေပြောဖြစ်တယ်။ ပြီးရင် စားပြီးသားပန်းကန်တွေ အိုးတွေ ကိုယ်တွေပဲ သိမ်းကျုံးဆေးတော့တာပဲ။
.
. . . ကိုယ်တွေအိမ်ထောင်ကျတော့ ပန်းပွင့်လေးမေမေဟာ အိမ်ရှင်မအလုပ်အပြင် တစ်ခြားအပြင်အလုပ်တွေပါ လုပ်တာမို့ အပြင်မှာလည်း ပင်ပန်းလာ၊ အိမ်ပြန်ရောက်တော့လည်း အိမ်အလုပ်လုပ်နဲ့ ပင်ပန်းသေးဆိုတာကို ကိုယ်က မကြည့်ရက်ဘူး။ သာမန်အားဖြင့် အမေတွေပဲ လုပ်လေ့ရှိတယ်လို့ ကိုယ်တို့ ထင်တဲ့ အလုပ်တွေကို အဖေက ၀င်လုပ်ကိုင်ပေးတာ ငယ်ငယ်ကတည်းက မြင်နေကျမို့ မိန်းမအလုပ် ယောက်ျားအလုပ်ရယ်လို့လည်း ခွဲတဲ့စိတ်မရှိတော့ဘူး။ ကိုယ်သန်ရာသန်ရာဘက်မှာ ၀င်လုပ်ပေးဖြစ်တာပဲ။
.
. . . အိမ်မှာ ကိုယ့်အပိုင်အလုပ်တွေရှိတယ်။ အိမ်သန့်ရှင်းရေးအလုပ်၊ အိမ်ကိုအလှဆင်တဲ့အလုပ်တွေက ကိုယ့်အပိုင်အလုပ်တွေပဲ။ အိမ်သန့်ရှင်းရေး ပစ္စည်းပစ္စယတွေ နေရာချထားရေး ကိစ္စတွေမှာ ကိုယ်က ဇီဇာနည်းနည်းကြောင်တာလည်း ပါမယ်။ ကိုယ်က အဲဒါတွေကို ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် စိတ်တိုင်းကျလေး လုပ်ချင်တာကိုး။ တစ်ခြားသူလုပ်ရင် စိတ်တိုင်းမကျဘူး မဟုတ်ပေမယ့် ကိုယ်တိုင်လုပ်လိုက်ရမှ စိတ်ကျေနပ်တယ်။ ကိုယ်အိမ်မှာနေသရွေ့ကာလပတ်လုံး ပန်းပွင့်လေးမေမေ တံမျက်စည်းတစ်ချက် မခတ်စေရဘူး၊ ကြက်မွေးတစ်ပင်မလှဲစေရဘူး။ အဲဒါ ကိုယ့်အလုပ်ပဲ။
.
. . . နောက်ပြီး အ၀တ်လျှော်တဲ့အလုပ်၊ ကိုယ်ရှိနေချိန်တိုင်း အိမ်က အ၀တ်တွေကို ကိုယ်ပဲ ဒိုင်ခံလျှော်တယ်။ လူပျိုတုန်းက တစ်ယောက်တည်းနေတုန်းကလည်း ကိုယ့်အ၀တ်ကိုယ် လျှော်တာပါပဲ။ အဲသည်တုန်းက လက်နဲ့လျှော်ရတာဆိုပေတဲ့ စနေတနင်္ဂနွေ အလုပ်နားရက်ဆို အခန်းရှင်းအ၀တ်လျှော်အလုပ်က ကိုယ့်အတွက်တော့ စိတ်အပန်းပြေစရာအနေနဲ့ကို စိမ်ပြေနပြေ လုပ်လေ့ရှိတဲ့အလုပ်ကိုး။ အခု အိမ်ထောင်ကျတော့ အ၀တ်လျှော်စက်နဲ့ဘာနဲ့ ပိုပြီးအဆင်ပြေတာမို့ တစ်အိမ်လုံးအ၀တ်တွေ သိမ်းကျုံးလျှော်ဖွပ်ပေးရတာက ကိုယ့်အတွက် ဘာမှ အပန်းကြီးတဲ့အလုပ်မဟုတ်ဘူး။ အ၀တ်တွေ ခြောက်သွားတဲ့အခါ ပန်းပွင့်လေးအ၀တ်အစား ကိုယ့်အ၀တ်အစား သူ့မေမေအ၀တ်အစားတွေကို ခွဲပြီး အကြမ်းခေါက်တယ်။ ကိုယ့်အ၀တ်အစားတော်တော်များများကတော့ မီးပူမတိုက်လည်းဖြစ်တာမို့ ဗီရိုထဲ သွားထည့်။ ပန်းပွင့်လေးတို့ သားအမိအ၀တ်အစားတွေ အကြမ်းခေါက်ထားတာကို အ၀တ်ခြင်းထဲစီထည့်ပြီး မီးပူတိုက်မယ့်နေရာကို ထားပေး။ ကိုယ်က အ၀တ်လျှော်တာ စိတ်ဝင်စားပေမယ့် မီးပူတိုက်တာကျ ပျင်းတာမို့ ၀င်လည်း မလုပ်ချင်တာမို့ အနည်းဆုံးတော့ ကိုယ့်အ၀တ်တွေတိုက်ရသက်သာလည်း မနည်းဘူးဆိုပြီး ကိုယ့်အ၀တ်အစားက တစ်ချို့ကလွဲရင် မီးပူပေးမတိုက်ဘူး။ ကိုယ်အကြမ်းခေါက်ထားတဲ့ အ၀တ်အစားတွေကို ပန်းပွင့်လေးမေမေက အားရင်အားသလို မီးပူတိုက်တယ်။ ဒါတောင် သင်းက ကိုယ်လစ်ရင်လစ်သလို ကိုယ်မတိုက်ပါဘူးဆိုတဲ့ ကိုယ့်အ၀တ်အစားတွေ ယူယူ မီးပူတိုက်သေးတာ
.
. . . ထမင်းစားပြီးရင်လည်း ကိုရေပန်းကန်တွေထားခဲ့ လက်ဆေးပြီးသွားတော့ ဆိုပေတဲ့ ကိုယ့်မှာ အလောတကြီး လုပ်စရာမှ မရှိဘူးဆိုရင် ပန်းကန်တွေဆေးတာပဲ။ ကိုယ်က ထမင်းဟင်းတော့ မချက်ချင်လို့ ပန်းပွင့်လေးမေမေကို ပေးလုပ်ရပေမယ့် ပန်းကန်ဆေးတာတော့ တတ်နိုင်သမျှ ၀င်လုပ်တယ်။ ပန်းပွင့်လေးမေမေက ကိုယ်နဲ့မညားခင်က ဟင်းထမင်းသိပ်မချက်ဖြစ်ဘူးတဲ့ အိမ်ကချက်ကျွေးတာပဲ စားတာတဲ့။ ကိုယ်နဲ့ရပြီးမှ ကိုယ့်ကို သူကိုယ်တိုင် ကောင်းကောင်းလေး ချက်ကျွေးချင်တာနဲ့ အမေတွေမေး စာအုပ်တွေဖတ်ပြီးချက်တာ၊ အခုဆို အစားအသောက်တော်တော်များများကို ဟန်ကျပန်ကျ လုပ်တတ်နေပြီ။ ကိုယ်ဆို အပြင်သွားရင်တောင် အပြင်မှာ သိပ်မစားဖြစ်ဘူး။ အပြင်မှာစားရတာ ဈေးအရ မတန်ဘူးလို့ ထင်သလို သန့်ရှင်းမှုနဲ့ ကျန်းမာရေး အနံ့အရသာအရရော ပန်းပွင့်လေးမေမေ ချက်ကျွေးတာလောက် ကောင်းတယ်လို့ မထင်ဘူး။ ဒါကြောင့် တတ်နိုင်သမျှ အိမ်မှာပဲစားတယ်။
.
. . . ကိုယ်အဝေးမှာရောက်နေချိန်တွေ သူ့ခမျာ တစ်ယောက်တည်း သမီးကို စောင့်ရှောက်ပြုစုရတာ ပင်ပန်းရှာလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကိုယ်ရှိနေချိန်တွေမှာ တတ်နိုင်သမျှ သက်တောင့်သက်သာလေး နေစေချင်တယ်။ အိမ်အလုပ်တွေ ကိုယ်နိုင်တဲ့ဘက်က ၀င်လုပ်ရင်း အိမ်ရဲ့ဝန်ကို တစ်ဘက်တစ်လမ်းက ထမ်းတယ်ဆိုတာ မိန်းမကို ချစ်နည်းတစ်မျိုးလို့လည်းထင်တယ်။ အဖေသာသိရင်တော့ ၀မ်းသာရှာမှာပဲ
.
ဗိုလ်ကောင်း
၁၅ ဧပြီ ၂၀၁၈

No comments:

Post a Comment