. . . လွှတ်တော်ကဖွဲ့တဲ့ကော်မီတီတွေက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်တယ်လို့ပြော၊ အစိုးရက သဘောမတူ၊ အခြေခံဥပဒေခုံရုံးကို တင်၊ လွှတ်တော်ကော်မတီတွေက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းမဟုတ်ပါဘူးလို့ ဆုံးဖြတ်တော့ လွှတ်တော်က မကျေနပ်၊ ခုံရုံးအဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ဖို့လုပ်၊ တစ်ဖွဲ့လုံးနုတ်ထွက်သွား။ ပြီးတော့ အခြေခံဥပဒေခုံရုံးဥပဒေကို သွန်လိုသွန်မှောက်လိုမှောက် စိတ်ကြိုက်ပြင်တော့တာပဲ။ မလုပ်သင့်ပါဘူးရယ်လို့ တပ်မတော်က ကန့်ကွက်တာလည်း မအောင်မြင်။ အဲသည်ကတည်းက မြန်မာ့နိုင်ငံရေးလောကမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးတဲ့ အင်စတီကျူးရှင်းအသစ်ကလေးတစ်ခု နေ၀င်သွားခဲ့ရတယ်။
.
. . . ဘာရယ်မဟုတ်ဘူး အခုရက်ပိုင်း ထွက်လာတဲ့ စာအုပ်တစ်အုပ်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲလာမေးလို့ အတွေးထဲရောက်လာတဲ့ အဖြစ်အပျက်ကလေးတွေ
Thursday, 26 April 2018
Tuesday, 24 April 2018
မန္တလေးရတနာပုံတက္ကသိုလ်က တဲ့
. . . ဘယ်လိုဘွဲ့ထူးဂုဏ်ထူးတွေပဲရထားရထား၊ ဘယ်လောက်ကြီးလေးတဲ့ တာဝန်ကြီးကို ထမ်းဆောင်နေသူပဲဖြစ်ဖြစ်၊ မြန်မာ့လူမှုအသိုင်းအ၀န်းက ဘုရားနဲ့တစ်ဂိုဏ်းထဲထားပြီး အလေးအမြတ်ပြုအပ်တဲ့ အာစရိယဂိုဏ်းဝင်တွေဆိုတာလည်း ပုထုဇဉ်လူသားတွေပဲမို့ လောဘ ဒေါသ မောဟ အလျောက် အများအမြင်မတင့်တယ်တာတွေ ပြောမိပြုမိတတ်တယ်ဆိုတဲ့ သဘောသဘာဝကို နားလည်ထားပြီးဖြစ်ပေမယ့် ဒီလို ရင်ထဲကအမုန်းဓာတ်ခံတွေကို အခြေပြုပြီး ရုန့်ရင်းရိုင်းစိုင်းသူမျိုးကို မြင်ရတော့ ထိတ်လန့်တကြားဖြစ်မိတယ်။ ဒီလိုအမုန်းတရားတွေကိန်းအောင်းနေပြီး အမုန်းတရားတွေ ပွားများနေတဲ့ ဆရာမတစ်ယောက်က အမေတစ်ယောက်လည်း ဖြစ်တယ်ဆိုတာ သိရပြန်တော့ သူ့သားသမီးရဲ့ ကိုယ်ရည်ကိုယ်သွေး တောက်ပလာအောင် ဘယ်လိုများ ပြုစုပျိုးထောင်နေပါလိမ့်လို့လည်း စိတ်ဝင်စားမိပြန်တယ်၊ ဒီလိုဆရာမမျိုးရဲ့ အဆိပ်မွှန်နေတဲ့လောင်းရိပ်နဲ့ လွတ်ခဲ့တာ၊ ဒီမိုအမေမျိုးရဲ့သားသမီးမဖြစ်ခဲ့တာ ကိုယ်တွေ တော်တော်ကံကောင်းတယ်ပြောရမှာပဲ
.
. . . မန္တလေးရတနာပုံတက္ကသိုလ်က တဲ့။ တွဲဘက်ပါမောက္ခဆိုလား။ သတ္တဗေဒဌာနကလားတော့ မသိဘူး။ သူက ဘယ်လောက်ပဲ အမုန်းတရားတွေအားကြီးပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် နာနာကျည်းကျည်းစိတ်အခံနဲ့ အခွင့်ရတိုင်း အမုန်းပွားနေတယ်ဆိုပေမယ့် ကိုယ်တွေကတော့ သူဘယ်သူပါလို့ ပြောရမှာ အားနာလို့ မပြောတော့ပါဘူး။ ဘုရားဘုရား ... ကိုယ်တွေကျင်လည်ခဲ့တဲ့ တက္ကသိုလ်အသိုင်းအ၀ိုင်းမှာ ဒီလိုဆရာမမျိုးနဲ့ လွဲခဲ့ရတာ တော်တော်ကြီးတဲ့ ကုသိုလ်ပါလား
.
. . . မန္တလေးရတနာပုံတက္ကသိုလ်က တဲ့။ တွဲဘက်ပါမောက္ခဆိုလား။ သတ္တဗေဒဌာနကလားတော့ မသိဘူး။ သူက ဘယ်လောက်ပဲ အမုန်းတရားတွေအားကြီးပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် နာနာကျည်းကျည်းစိတ်အခံနဲ့ အခွင့်ရတိုင်း အမုန်းပွားနေတယ်ဆိုပေမယ့် ကိုယ်တွေကတော့ သူဘယ်သူပါလို့ ပြောရမှာ အားနာလို့ မပြောတော့ပါဘူး။ ဘုရားဘုရား ... ကိုယ်တွေကျင်လည်ခဲ့တဲ့ တက္ကသိုလ်အသိုင်းအ၀ိုင်းမှာ ဒီလိုဆရာမမျိုးနဲ့ လွဲခဲ့ရတာ တော်တော်ကြီးတဲ့ ကုသိုလ်ပါလား
Monday, 23 April 2018
စိတ်ဓာတ်ကြီးတဲ့သူဆိုတာ
"ဒီမှာမောင်
စိတ်ဓာတ်ကြီးတဲ့သူဆိုတာ
လောကကြီးက သရော်တတ်တယ်
မောင်က စိတ်ဓာတ်ကြီးတာကိုး"
.
. . . ငယ်ငယ်ကတည်းက ကိုယ်သိပ်ကြိုက်တဲ့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ၀တ္ထုထဲက ဇာတ်လိုက် မောင် ကို သူ့သူငယ်ချင်း ငြိမ်းမောင်ကပြောသလား ခိုင်ကပြောသလားတော့ သေချာမမှတ်မိဘူး။ ဒီစကားလေးကို စိတ်ထဲမှာ စွဲပြီး မှတ်မှတ်ထင်ထင်ဖြစ်နေမိတယ်။ အပြင်လောကမှာ တစ်ချို့သူတွေကို မြင်မိတိုင်းလည်း ဒီစကားလေးကို ပြန်ပြန်ပြီး ဆင်ခြင်မိတယ်။ ဟုတ်တယ် တစ်ချို့သူတွေက စိတ်ဓာတ်ကြီးတယ် သူတို့ စိတ်ဓာတ်ကြီးရင်ကြီးသလောက် လောကကြီးရဲ့ သရော်လှောင်ပြောင်မှုကို သူများတွေထက်သူတို့ကပိုခံရလေ့ရှိတယ်။
.
. . . ဒီစကားကိုပြောခဲ့တဲ့ ၀တ္ထုထဲက ဇာတ်ကောင်က ဘယ်လိုအဓိပ္ပာယ်မျိုးနဲ့ပြောသွားခဲ့သလဲ၊ စာရေးဆရာက ဘယ်လိုရည်ရွယ်ရေးထည့်ခဲ့သလဲ သေချာမသိပေမယ့် ကိုယ်နားလည်ထားတဲ့ စိတ်ဓာတ်ကြီးတယ်ဆိုတာမျိုးကတော့ တစ်ခုခုဆို ဖြစ်သင့်တယ်တွေ မဖြစ်သင့်တယ်တွေ ဝေဖန်ပိုင်းခြားလွန်းအားကြီးသူတွေပေါ့။ သူတို့ခမျာ အကြောင်းရှိလို့ အကျိုးဖြစ်တယ် ဖြစ်သင့်ဖြစ်ရာ ဖြစ်သွားမှာပဲ ဘာညာဆိုတာတွေကို ရှိတဲ့အတိုင်းရှိပါစေတော့ရယ်လို့ လက်သင့်ခံတဲ့သူတွေမဟုတ်ဘူး။ အကျိုးဖြစ်လာမယ့် အကြောင်းတွေကို ခါချဉ်ကောင်မာန်ကြီးပြီး တောင်ကြီးဖြိုဖို့ကြံသလို ပြောင်းဖို့ပြင်ဖို့ မတန်ရင်ကါ လုံ့လပြုတတ်ကြတဲ့သူတွေ။ ဒီလိုဆိုရင်တော့ မဖြစ်ဘူး ဟိုလိုဆိုရင်တော့ မဖြစ်ဘူး၊ ဒီလိုဖြစ်အောင် ဒီလိုတော့ ပြောမှ ဖြစ်မယ်၊ ဒီလိုတော့ လုပ်မှဖြစ်မယ် စသည်ဖြင့် သူတို့ပတ်ဝန်းကျင်မှာ သူတို့လူမှုအသိုက်အ၀န်းမှာ သူတို့ရပ်ရွာမှာ သူတို့နိုင်ငံမှာ ဖြစ်နေပျက်နေတာတွေကို သူ့ခမျာ မနေနိုင်မထိုင်နိုင် ၀င်ဝင်စွက်ကြတဲ့သူတွေ။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားအလကားဝင်ဝင်ကျောင်းရင်း နွားပျောက်လို့ လျော်ပေးပါဆိုတော့မှ ငိုမဲ့မဲ့ ဖြစ်တဲ့သူတွေ။ ထမင်းကြမ်းခဲယပ်ခပ်စားပြီး လေလာရာဖင်ပေး အေးအေးနေတတ်ကြသူတွေက လောကကြီးကို သာသာယာယာ ဖြတ်သန်းနေကြချိန်မှာ သူတို့ဝင်မစွက်ရင်လည်းဖြစ်တဲ့ ကိစ္စများမြောင် လူတို့ဘောင်ကြား ကိုယ့်ဇာတ်ကိုနိုင်အောင်ကဖို့အတွက် ရှုပ်နေတဲ့ကြိုးကိုဖြေဖို့ကြိုးစားရင်း လောကဇာတ်ခုံပေါ်မှာ သောကဓာတ်အစုံနဲ့ လုံးချာလည်ရိုက်ရင်းတိုင်ပတ်နေကြသူတွေပေါ့။
.
. . . သူတို့အတွက် ဟိုဟာကတော့ မဖြစ်သင့်ဘူး ဒီလိုလေးမှ ဖြစ်မယ်ဆိုပြီး ကိုယ်မနိုင်တဲ့ဇာတ်တွေ ၀င်ဝင်ကရင်း လောကအမှောင်မှာ သောကတစ်ထောင်နဲ့ဗျာများပြီး သူတို့က မဖြစ်သင့်ပါဘူးဆိုပြီး တော်လှန်ဆန့်ကျင်ဖို့ ကြိုးစားလေလေ သူတို့ကြိုးစားတာတွေ မဖြစ်လေလေ ထပ်ပြီးလုပ်ချင်လေလေ နဲ့ လောကကြီးရဲ့ အပြောင်အလှောင်အသရော်ကိုခံပြီး ကြွက်ကလေးကို ကြောင်ကမစားခင် ကစားသလို အကစားခံရသူတွေပေါ့။ စိတ်ဓာတ်ကြီးသူတွေဆိုတာ သံပုရာသီးက မချဉ်သင့်ဘူးဆိုပြီး သံပုရာသီးဆိုတာ ချိုပါတယ်လို့ သက်သေပြချင်သူတွေ၊ တမာက မခါးပါဘူးဆိုပြီး တမာရဲ့ အရသာကို အကောင်းမြင်ဖို့ကြိုးစားသူတွေဖြစ်လို့ တစ်ခါတစ်ရံမှာ မိုးဖျက်လို့ သီးနှံပျက်ရတဲ့ လယ်သမားကို မိုးရဲ့ဂုဏ်သတင်းတွေ အတင်းချီးမွမ်းခိုင်းဖို့ ကြိုးစားသလို အမြီးအမောက်မတည့်တဲ့ လုံ့လတွေနဲ့ အချိန်ဖြုန်းကြသူတွေပါပဲ။
.
. . . ရုတ်တရက်ကြည့်ရင် ဒီလိုလူတွေက သနားစရာကောင်းသလိုလိုဘာလိုလိုနဲ့ တကယ်တမ်းကျတော့ သနားကမားရွံစရာသတ္တ၀ါတွေ။ သူ့သဘောသူဆောင်နေတဲ့ လောကကြီးမှာ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်ဖြစ်နေကြတာကို သူတို့က ပြုရပြင်ရ မရစကောင်းရယ်လို့ သောကပွေနေတာ ဘယ်နေရာများ သနားစရာရှိပါလိမ့်မတုံး။ တစ်ခါတစ်ခါများ အကြောင်းအကျိုးသင့်လို့ သူတို့ထင်တိုင်းများပေါက်တဲ့အခါ ဒီလိုလူတွေက ၀င်ဝင်ပနာယူကြတာ ဘယ့်ကလောက်တောင် မျက်စိနောက်ဖို့ကောင်းသလဲဆိုတာ ဒီလိုလူမျိုးတွေနဲ့ ကြုံဖူးမှ သိနိုင်တာမျိုး
.
. . . စာရှုသူခင်ဗျား
ကိုယ့်ပတ်ဝန်းကျင်မှာများ အခုဆိုခဲ့ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ လောကကောင်းကျိုးပြု မဟာလူသား စိတ်ဓာတ်ကြီးသူများကို မတော်တဆဖြစ်ဖြစ် တွေ့ခဲ့ကြုံခဲ့ရရင် သူတို့ဆောက်နေတဲ့ လေထဲက တိုက်အိမ်ကြီး မပြီးရသေးကောင်းရယ်လို့ သောကပွားနေတဲ့အခါ သွားပြီးများ ယောင်လို့တောင် မသနားလိုက်ပါနဲ့။ သူ့ကိုသွားသနားမိတဲ့ ခင်ဗျားတောင် သူချွတ်မှကျွတ်ရမယ့် ဝေနေယျစာရင်းထဲ ထည့်ရင်ထည့်နေအုံးမှာ
.
ဗိုလ်ကောင်း
၂၃ ဧပြီ ၂၀၁၈
Tuesday, 17 April 2018
မြန်မာနှစ်ဆန်းတစ်ရက်နေ့
. . . မြန်မာနှစ်ဆန်းတစ်ရက်နေ့က တန်ခူးလဆန်းတစ်ရက်နေ့ ဘာလို့ မဖြစ်ရတာလဲတဲ့
.
ငင့်
. . . မေးလိုက်တာကတော့ လွယ်လွယ်လေး ပြန်ဖြေရမှာက အရှည်ကြီးမို့လို့ ဒီစာကိုရေးပြီး ဖြေလိုက်ပါတယ်။
.
. . . ကမ္ဘာက နေကိုလှည့်ပတ်နေတာတစ်ပတ်ပြည့်ဖို့အတွက် ၃၆၅ ရက်နဲ့ ခြောက်နာရီကြာပြီး အဲသည်တစ်ပတ်ပြည့်တာကို တစ်နှစ်လို့ သတ်မှတ်ကြပါတယ်။ အဲသည်တစ်နှစ်ကို လတွေ ရက်တွေနဲ့ ပိုင်းခြားပြီး ပြက္ခဒိန်တွေ ပြုစုခဲ့ကြရာမှာ ကမ္ဘာပေါ်မှာ ကျင့်သုံးတဲ့ ပြက္ခဒိန်တွေ အမျိုးမျိုး ပေါ်ပေါက်ခဲ့ပါတယ်။ အခုနောက်ဆုံး ခေတ်အစားဆုံးနဲ့ တစ်ကမ္ဘာလုံးအများဆုံး အသုံးဆုံးပြက္ခဒိန်ကတော့ ဂရီဂိုးရီးယန်းပြက္ခဒိန်လို့ခေါ်တဲ့ အခု ၂၀၁၈ ခုနှစ်ကိုရောက်နေတဲ့ ပြက္ခဒိန်ပဲဖြစ်ပါတယ်။ အဲသည်ပြက္ခဒိန်ရဲ့ တစ်နှစ်ဟာ ၃၆၅ ရက်ရှိတဲ့အတွက် ကျန်တဲ့ ခြောက်နာရီကို လေးနှစ်တစ်ခါ ၂၄ နာရီပေါင်းပေါင်းထည့်ပြီး ရက်ထပ်နှစ်လုပ်လိုက်ရင် အမှန်တစ်နှစ်နဲ့ ညီသွားတာမို့ အတိကျဆုံးပြက္ခဒိန်လို့ ဆိုနိုင်ပါတယ်။ ဒါဆို မြန်မာပြက္ခဒိန်ကရော ???
.
. . . မြန်မာပြက္ခဒိန်မှာ သာမန်အားဖြင့် တန်ခူးလကနေ တပေါင်းလထိ ဆယ့်နှစ်လရှိပါတယ်။ လမင်းကြီးက ကမ္ဘာကိုလှည့်ပတ်နေတဲ့အပေါ် အခြေခံပြီး လဆန်းလဆုတ်နဲ့ ရက်မစုံလ (လပြည့် ၁၅ + လကွယ် ၁၄ = ၂၉ ရက်) နဲ့ ရက်စုံလ (လပြည့် ၁၅ + လကွယ် ၁၅ = ၃၀ ရက်) တစ်လှည့်စီဖြစ်နေတာမို့ မြန်မာပြက္ခဒိန်မှာ ၂၉ ရက်နဲ့ ခြောက်လ (တန်ခူး၊ နယုန်၊ ၀ါခေါင်၊ သီတင်းကျွတ်၊ နတ်တော်၊ တပို့တွဲ)၊ ရက် ၃၀ နဲ့ ခြောက်လ (ကဆုန်၊ ၀ါဆို၊ တော်သလင်း၊ တန်ဆောင်မုန်း၊ ပြာသို၊ တပေါင်း) ရှိပါတယ်။ ဒါကြောင့် မြန်မာပြက္ခဒိန်ရဲ့ ပုံမှန်နှစ်တွေမှာ ၃၅၄ ရက်ပဲရှိပါတယ်။ ပုံမှန်အတိုင်းဆို တန်ခူးလဆန်း တစ်ရက်ကနေ တပေါင်းလကွယ်နေ့ထိဆို တစ်နှစ်ပြည့်ဖို့ ၁၁ ရက်နဲ့ ခြောက်နာရီ လျော့လျော့နေပါတယ်။ ဒါကြောင့် မြန်မာပြက္ခဒိန်တစ်နှစ်ဟာ အမှန်တစ်နှစ်မဟုတ်ဘဲ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာ အမှန်နှစ်နဲ့ တွက်ယူတာမို့လို့ နှစ်ဆန်းတစ်ရက်နေ့ဟာ တန်ခူးလဆန်းတစ်ရက်နေ့ မဖြစ်တာပါ။ အဲသည်လို မဖြစ်လို့လည်း တန်ခူးလပေမယ့် အရင်နှစ်ထဲမှာပဲရှိနေသေးတဲ့ တန်ခူးလကို နှောင်းတန်ခူးလို့ခေါ်ပြီး နှစ်သစ်ထဲရောက်လာတဲ့ တန်ခူးလကို ဦးတန်ခူးလို့ခေါ်ရတာပါ။ တစ်ခါတစ်လေကျရင် နှစ်သစ်က တန်ခူးကိုကျော်ပြီး ကဆုန်လထဲ ရောက်တဲ့အခါ နှောင်းကဆုန်တွေ ဦးကဆုန်တွေပါ ရှိလာပါတော့တယ်။
.
. . . ဒါကြောင့်မို့ မြန်မာပြက္ခဒိန်မှာ တစ်နှစ်ကို ဆယ့်တစ်ရက်နဲ့ ခြောက်နာရီလျော့နေတာကို ပြန်ကုစားတဲ့နည်းတွေ ထည့်သွင်းထားပါတယ်။ ဂရီဂိုးရီးယန်းပြက္ခဒိန်က လျော့နေတဲ့ ခြောက်နာရီကို လေးနှစ်တစ်ခါ တစ်ရက်အဖြစ် ထည့်ပေါင်းပေးပြီး အမှန်နှစ်နဲ့ ပြည်တည့်အောင် လုပ်ထားသလို မြန်မာပြက္ခဒိန်မှာလည်း အမှန်နှစ်နဲ့ ပြန်တည့်သွားအောင် လုပ်တဲ့နည်းတွေ ရှိပါတယ်။ ဂရီဂိုးရီးယန်းပြက္ခဒိန်လောက်တော့ မရိုးစင်းပါဘူး။ ပြောရရင် တော်တော်လေး ရှုပ်ထွေးပါတယ်။
.
. . . မြန်မာပြက္ခဒိန်မှာ ပုံမှန်နှစ် ၀ါထပ်နှစ် ၀ါကြီးထပ်နှစ် ဆိုပြီး နှစ်အမျိုးအစား သုံးခုခွဲထားပါတယ်။ ပုံမှန်နှစ်မှာ ၃၅၄ ရက်၊ ၀ါထပ်နှစ်မှာ ပထမ၀ါဆို ဒုတိယ၀ါဆို နှစ်ခါဖြစ်တဲ့အတွက် ရက်သုံးဆယ်တိုးပြီး ၃၈၄ ရက်၊ ၀ါကြီးထပ်နှစ်မှာ ၀ါဆိုလ နှစ်ခါအပြင် နယုန်လမှာ ရက်လွန် (ရက်ငင်) တစ်ရက်ထပ်ပေါင်းလို့ နယုန်လ ရက်သုံးဆယ်ဖြစ်သွားတဲ့အတွက် ၀ါကြီးထပ်တစ်နှစ်ကို ၃၈၅ ရက် ရှိပါတယ်။ မြန်မာပြက္ခဒိန်တစ်နှစ်က အမှန်ပြက္ခဒိန်တစ်နှစ်နဲ့ ပြန်တည့်ဖို့အတွက် နှစ်ပေါင်း ၅၇ နှစ်အတွင်း ၀ါဆိုလ နှစ်ခါထပ်တဲ့ ၀ါထပ်နှစ်ပေါင်း ၂၁ နှစ်ထည့်ရပြီး နယုန်လတစ်ရက်တိုးတဲ့ နယုန်ရက်သုံးဆယ်ပေါင်း ဆယ့်တစ်ခါ ထည့်ရပါတယ်။ ဒါမှသာ နှစ်ပေါင်း ၅၇ နှစ်တစ်ခါပြည့်တိုင်း ရက်ပေါင်း ၂၀၈၁၉ ရက်နဲ့ အမှန်နှစ် ပြန်ပြန်တည့်သွားပါတယ်။ အဲသည် ၅၇ နှစ်ကို ၁၉ နှစ်စီ သုံးပိုင်းပိုင်းလိုက်ပြီး တစ်ပိုင်းချင်းစီရဲ့ တစ်နှစ်မြောက်၊ လေးနှစ်မြောက်၊ ခြောက်နှစ်မြောက်၊ ကိုးနှစ်မြောက်၊ ၁၂ နှစ်မြောက်၊ ၁၅ နှစ်မြောက်နဲ့ ၁၈ နှစ်မြောက်နှစ်တွေကို ၀ါထပ်နှစ်အဖြစ် သတ်မှတ်ပြီး အဲသည်နှစ်တွေမှာ ၀ါဆိုလ နှစ်ခါစီ ပါကြပါတယ်။ အဲသည်ဝါထပ်နှစ်တွေထဲကမှ တစ်ချို့နှစ်တွေမှာ ၀ါကြီးထပ်နှစ်အဖြစ် သတ်မှတ်ပြီး နယုန်လကို တစ်ရက်စီ ထပ်တိုးလိုက်တာပါ။
.
. . . ဒါကြောင့်
မြန်မာပြက္ခဒိန်မှာပါတဲ့ တန်ခူးလဆန်းတစ်ရက်နေ့ဟာ အမှန်နှစ်တစ်နှစ်ရဲ့ အစ မဟုတ်တဲ့အတွက် နှစ်ဆန်းတစ်ရက်နေ့နဲ့ တန်ခူးလဆန်းတစ်ရက်နေ့ မတိုက်ဆိုင်တာဖြစ်ပါကြောင်း၊ ဂရီဂိုးရီးယန်းပြက္ခဒိန်ကတော့ အမှန်နှစ်နဲ့ အလွန်နီးစပ်တာမို့ နှစ်စဉ်နှစ်တိုင်း ဂရီဂိုးရီးယန်းပြက္ခဒိန်ရဲ့ ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တွေဟာ မြန်မာနှစ်ဆန်းတစ်ရက်နဲ့ အမြဲတမ်း တိုက်ဆိုင်နေတာဖြစ်ပါကြောင်း . . .
.
မောထှာကွာ၊ ဒီအတိုင်းဖတ်ကြည့်ရုံနဲ့တော့ သဘောပေါက်ချင်မှ ပေါက်မှာ၊ ပြောထားတာတွေကို ချရေးပြီး ပေါင်းနုတ်မြှောက်စားလုပ်ကြည့်မှ သဘောပေါက်လိမ့်မယ်
.
ဗိုလ်ကောင်း
မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်
နှစ်ဆန်းတစ်ရက်
ဦးကဆုန်လဆန်း သုံးရက်
အင်္ဂါနေ့
ခရစ်သက္ကရာဇ် ၂၀၁၈
ဧပြီလ ၁၇ ရက်
.
(ကိုယ်ရေးထားတာကို ပြန်ဖတ်ကြည့်တာတောင်မှ မသောက်ဘဲ မူးချင်ချင်ဖြစ်လာတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါကြောင်း၊ ဆယ့်နှစ်နှစ်စီပိုင်းပြီးခေါ်တဲ့ ဖုသျှနှစ်၊ မာဃနှစ်ဆိုတာတွေ၊ မိဿ ပြိဿ မေထုန် ကရကဋ် ရာသီခွင်တွေ၊ မဟာသက္ကရာဇ် ကောဇာသက္ကရာဇ်တွေ၊ အဿဝဏီ ဘရဏီ ရောဟဏီ နက္ခတ်တွေ အကြောင်း ဆက်မရေးနိုင်တော့)
.
မူရင်းတင်ထားသော ဖေ့ဘုတ်ပိုစ့်ကိုကြည့်ရန် နှိပ်ပါ
Monday, 16 April 2018
အမှိုက်ကောက် ပြ သူများ
.
. . . နံပတ်တစ် . မဲဆွယ်ရုံသက်သက် အမှိုက်ကောက် {ပြ} ခဲ့တာ မဟုတ်ဘူး၊ နံပတ်နှစ် . အခုလို အမှိုက်တွေပွနေတာက အစိုးရဖြေရှင်းပေးသင့်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ် - ဆိုတဲ့ အချက်နှစ်ချက်ကို သဘောတူတယ် ဆိုရင်တော့ အခုလို ပွဲလမ်းသဘင်တွေမှာ အမှိုက်ကြောင့် နိုင်ငံ့မျက်နာ မြို့တော်မျက်နာ အိုးမဲပေတာမျိုး ကိုရှောင်ရှားနိုင်မယ့် နည်းလမ်းအချို့ရှိတယ်ဆိုတာကိုလည်း သဘောတူရလိမ့်မယ်
.
. . အစိုးရက ဘယ်လောက်ပဲ အမြော်အမြင် ခပ်တုံးတုံးနဲ့ ၀ရုန်းသုန်းကား လက်တန်းထိုး စီမံခဲ့တာမျိုးဖြစ်ခဲ့ပါစေအုံးတော့ ပြီးခဲ့တဲ့ ၀ိုင်ဘီအက်စ်တွေ ပြောင်းခါစက ရန်ကုန်မြို့တော်သားတွေရဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှုက တကယ်ကို မှတ်တမ်းတင်ထိုက်လောက်အောင် အားပါးတရ ရှိခဲ့ပါတယ်။ ရန်ကုန်အစိုးရမင်းတွေရဲ့ လုပ်ပုံကိုင်ပုံ အင်မတန်ညံ့ဖျင်းခဲ့လို့သာ ၀ိုင်ဘီအက်စ် နာမည်ပျက်ခဲ့ရပေမယ့် စေတနာ့ဝန်ထမ်း လုပ်အားပေးလူငယ်တွေရဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးမှုက အင်မတန်ကို အမှတ်ထင်ထင်ရှိခဲ့ပါတယ်။ မဟာသင်္ကြန်အမှိုက်ရှင်းလင်းပြီး မြို့တော်ဂုဏ်သတင်းတောက်ပြောင်ရေးအတွက် အဲသည်လို လူငယ်တွေရဲ့အင်အားကို မယူသင့်ဘူးလား မယူတတ်ဘူးလား မယူရဲဘူးလား မယူနိုင်တာလား ယူရကောင်းမှန်းကို မသိတာလားလို့ မေးလည်းမေးချင်တယ် ဒါပေမယ့် ဒေါက်တာဘွဲ့အတုကိုတောင် အစစ်လိုလို ကုလားဖန်ထိုးတတ်ခဲ့သေးတာဆိုတော့ ဒီလောက်တော့လည်း ဥာဏ်မတိမ်လောက်ဘူးလို့ထင်တယ်။
.
. . . ဒီလိုပြောလို့ လုပ်အားပေးလူငယ်တွေကို အမှိုက်ကောက်ခိုင်းမှာလားလို့ ခင်ဗျားတွေးနေပြီဆိုရင်တော့ ဒီစာကို ဆက်မဖတ်သင့်တော့ဘူး။ လုပ်အားပေးလူငယ်တွေကိုပဲ လုံးလုံးလျားလျား မှီခိုပြီးတော့ အမှိုက်ပြဿနာကို ရှင်းမယ်လို့တွေးတယ်ဆိုရင်လည်း အစိုးရကပေးရမယ့် ပြည်သူဝန်ဆောင်မှုတာဝန်ကို လျစ်လျှူရှုရာ ကျလိမ့်မယ်။
.
. . . ပြောချင်တာက အစိုးရရဲ့ အမှိုက်ရှင်းလင်းရေး အစီအမံတွေထဲမှာ စေတနာ့ဝန်ထမ်းလုပ်အားပေး လူငယ်တွေရဲ့အားကို ပေါင်းစပ်အသုံးပြုဖို့ဖြစ်ပါတယ်။ စည်းကမ်းတကျ အမှိုက်ပစ်ချင်သူတွေ အလွယ်တကူ အမှိုက်ပစ်နိုင်ဖို့ အမှိုက်ပုံးတွေ အလုံအလောက်၊ အမှိုက်သိမ်းမယ့် ၀န်ထမ်းတွေအလုံအလောက်ကို ကြီးကြပ်သူအလုံအလောက်နဲ့ နောက်ဆုံး အမှိုက်ကို သင်္ကြန်ရက်မှာ ကားနဲ့ချက်ချင်း သယ်ထုတ်သွားဖို့ ခက်မယ်ဆိုရင်တောင် အမှိုက်သိုလှောင်ထားစရာ ထည့်သိုစုပုံစရာတွေ ကြိုတင်စီမံထားပြီး လုပ်အားပေးလူငယ်တွေက သက်ဆိုင်ရာ တာဝန်ချထားတဲ့ နေရာတွေမှာ အမှိုက်ကို အမှိုက်ပုံးထဲ စနစ်တကျ ပစ်ပေးကြဖို့၊ အမှိုက်တွေ ထည့်သိုနိုင်မယ့် အိတ်အသေးလေးတွေ လိုက်ဝေဖို့ အော်လံတစ်ခုနဲ့ အလှည့်ကျ လိုက်လံဆော်သြနေဖို့ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ရေကစားမဏ္ဍပ်တွေ ဖျော်ဖြေရေးတွေကလည်း အဲဒါကို သီချင်းတစ်ပုဒ်ပြီးတိုင်း တစ်ခါလောက် ဆော်သြနေမယ်၊ အမှိုက်ပစ်ဖို့ ပုံးလည်းရှိမယ်၊ ပုံးပြည့်သွားရင် စနစ်တကျ လာသိမ်းမယ့်သူလည်း ရှိနေမယ်ဆိုရင် ရွှေမြို့တော်ကြီးရဲ့ အများပြည်သူသွားလာပျော်ရွှင်စရာ နေရာတွေ ဒီလောက်အထိ ရုပ်ဆိုးဖို့ မရှိတန်ရာပါဘူး။
.
. . . ပြည်သူတွေ စည်းကမ်းမရှိဘူးဆိုတာလောက်နဲ့တင် ပြီးနေပြီး စည်းကမ်းမရှိတဲ့ ပြည်သူကို စည်းကမ်းရှိတဲ့ပြည်သူဖြစ်လာအောင် ပြည်သူ့ရေးရာဝန်ဆောင်မှု ကောင်းကောင်းပေးခြင်းဖြင့် စည်းကမ်းဖောက်ဖို့ ခက်လာတဲ့ အခြေအနေမျိုးဖြစ်အောင်၊ စည်းကမ်းရှိချင်တဲ့ ပြည်သူတွေ စည်းကမ်းပျက်မသွားရအောင် စီမံဆောင်ရွက်ဖို့ အစိုးရမင်းတွေမှာ တာဝန်ရှိတယ်လို့ မခံယူထားဘူးဆိုရင်တော့ မဲဆွယ်တုန်းက ကောက်ခဲ့တဲ့ အမှိုက်တွေနဲ့အတူ ဗားကရာချောက်ထဲသာ ခုန်ချလိုက်ကြပါတော့လို့ပဲ . . .
.
ဗိုလ်ကောင်း
၁၆ ဧပြီ ၂၀၁၈
မဟာသင်္ကြန်အတက်နေ့
.
Photo credit
https://coconuts.co/yangon/features/pictures-aung-san-suu-kyi-hits-streets-pick-trash/
Sunday, 15 April 2018
အမွေ
အဖေက သဌေးသားတဲ့
. . . ရေဆင်းအနောက်ဘက်က ကြို့ပင်ဆိပ်ဆိုတဲ့ရွာမှာ အဖေတို့ မိဘတွေက လယ်တွေယာတွေအများကြီးပိုင်တော့ အဖေက တောသဌေးသားပေါ့။ ဒါပေမယ့်အဖေက လယ်တွေ ယာတွေထက် စက်တွေကို ပိုစိတ်ဝင်စားလို့ ဆန်စက်တွေ ဆီစက်တွေလုပ်ရင်း အမေနဲ့ညားခဲ့တာ။ ကိုယ်တွေ သိတတ်တဲ့အချိန်တုန်းထိကို အဖေက အလုပ်ကောင်းကောင်းလုပ်နိုင်တုန်း၊ ပိုက်ဆံတွေ အများကြီးရှာနိုင်တုန်း၊ နောက်ပိုင်း ကျန်းမာရေးကလည်း နည်းနည်းအားနည်းလာတော့ အဖေလည်း ယုံကြည်မှုတွေ ကျဆင်းလာခဲ့တယ်ထင်ပါရဲ့ လုပ်တာတွေလည်း မအောင်မြင်၊ စုထားဆောင်းထားတာလေးတွေလည်း တဖြည်းဖြည်းပါးလျားလာ
.
. . . ကိုယ်သိသလောက်တော့ အဖေက တော်တော်ကို ကရိကထနည်းတဲ့လူ။ အဖေ့အတွက်ရယ်လို့ အိမ်မှာ ဘာမှ အထွေအထူးပြင်ဆင်ပေးဖို့ မလိုတဲ့သူ။ အစားအသောက်ဆိုရင်လည်း အစားအသောက်မို့။ အဖေအမြဲတမ်း ဆုံးမတတ်တဲ့ စကားတစ်ခွန်းရှိတယ်၊ အစားအသောက်ကို ရှိတာနဲ့ စားတတ်ရမယ်တဲ့။ အဖေက ကုန်သည်အလုပ်လုပ်တော့ တစ်နေရာကတစ်နေရာ ကူးသန်းသွားလာရင်း တစ်ခါတစ်လေ လမ်းမှာ ကားပျက်လို့ပဲဖြစ်ဖြစ် တွေ့ကရာနေရာမှာ ခိုကြရတဲ့အခါ ပိုက်ဆံရှိတာတောင် ၀ယ်စားလို့မရတာမျိုးတွေရှိတယ်ဆိုတာ ခဏခဏပြောရင်း အစားအသောက် မလော်မာဖို့ ကိုယ်တွေကို အမြဲတမ်း သွန်သင်တယ်။ အဖေက ခဏခဏ ဗိုက်ဆာတတ်တဲ့သူမို့ မီးဖိုချောင်ထဲ ထမင်းတစ်မျိုးလောက်ရှိနေရင်တောင် ဘာဟင်းမှ အဆင်သင့်မရှိတဲ့တိုင် ဆီဆမ်းဆားဖြူးပြီး စားတတ်တဲ့သူ။
.
. . . အ၀တ်အစားဆိုလည်း အ၀တ်အစားမို့
ကိုယ်တွေညီကိုတစ်တွေ ၀တ်ချင်စားချင် လှချင်တဲ့အရွယ်ရောက်တော့ အဖေက ပိုက်ဆံသိပ်မရှာနိုင်တော့ဘူး။ အ၀တ်အစား ကောင်းကောင်းမွန်မွန်ရယ်လို့ ပွဲလမ်းသဘင်ရှိမှ ၀တ်ဖို့ ၀ယ်တယ်ဆိုရင်တောင် အဖေ့အတွက် မပါဘူး။ ကိုယ်တွေမှတ်မိသလောက် အဖေပုဆိုးသစ်ဝတ်တာ မတွေ့ဖူးဘူး။ အဖေက ရပ်ရေးရွာရေးမှာလည်း ဟိုပွဲဒီပွဲ တက်ခဲတာကိုး။ အဖေအဓိကလုပ်တဲ့ အလုပ်က ဘုရားကြီးကျောင်းက ဝေယျာဝစ္စဆိုရင် အဖေက သေသေချာချာကို လုပ်တယ်။ ဒါပေမယ့် ပွဲနေ့ဆို အဖေမပါတော့ဘူး။ အဲလို ပွဲတွေတက်လေ့မရှိတဲ့အဖေက အ၀တ်အစားဆိုရင်လည်း သားတွေအကျကိုပဲ ၀တ်တယ်။ အိမ်မှာ ဘက်ထရီအားသွင်းလည်းလုပ်တော့ ရှိတဲ့ပုဆိုးတွေဆိုတာလည်း ဘက်ထရီအက်ဆစ်စားလို့ အပေါက်အပြဲကများတယ်။ အဲသည် ပုဆိုးပေါက်တွေကိုပဲ အဖေက ဖာထေးပြီးဝတ်တာပဲ။ ပုဆိုးကောင်းကောင်းဆို သားတွေပဲ ၀တ်ရတာ။
.
. . . အိမ်အလုပ်ဆိုရင်လည်း အိမ်အလုပ်မို့
သားသမီးခုနစ်ယောက်တောင်ရှိတဲ့အိမ်ထောင်ဦးစီးကြီးက အ၀တ်လျှော်တာပဲဖြစ်ဖြစ် ထမင်းချက်တာပဲဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးလို့ နေလေ့မရှိဘူး။ အဖေက များသောအားဖြင့် ရေချိုးခါနီး လျှော်စရာအ၀တ်တွေရှိနေရင် လျှော်ပြီး လှန်းသွားတာပဲ။ ထမင်းစားပြီးလည်း ရေစင်မှာတွေ့တဲ့ပန်းကန်တွေ ဆေးသွားလိုက်တာပဲ။ ကိုယ်တွေလည်း ငယ်ငယ်ကတည်းက ကိုယ့်အ၀တ်ကိုယ်လျှော် ကိုယ့်ထမင်းပန်းကန်ကိုယ်ဆေး။ ကိုးတန်းဆယ်တန်းလောက်ရောက်တော့ အစ်မတွေက အလုပ်တွေရပြီး မြို့ကိုသွားနေကြချိန်မှာ ထမင်းစားပြီး အမေအဖေနဲ့ အတူတူ စကားတွေပြောဖြစ်တယ်။ ပြီးရင် စားပြီးသားပန်းကန်တွေ အိုးတွေ ကိုယ်တွေပဲ သိမ်းကျုံးဆေးတော့တာပဲ။
.
. . . ကိုယ်တွေအိမ်ထောင်ကျတော့ ပန်းပွင့်လေးမေမေဟာ အိမ်ရှင်မအလုပ်အပြင် တစ်ခြားအပြင်အလုပ်တွေပါ လုပ်တာမို့ အပြင်မှာလည်း ပင်ပန်းလာ၊ အိမ်ပြန်ရောက်တော့လည်း အိမ်အလုပ်လုပ်နဲ့ ပင်ပန်းသေးဆိုတာကို ကိုယ်က မကြည့်ရက်ဘူး။ သာမန်အားဖြင့် အမေတွေပဲ လုပ်လေ့ရှိတယ်လို့ ကိုယ်တို့ ထင်တဲ့ အလုပ်တွေကို အဖေက ၀င်လုပ်ကိုင်ပေးတာ ငယ်ငယ်ကတည်းက မြင်နေကျမို့ မိန်းမအလုပ် ယောက်ျားအလုပ်ရယ်လို့လည်း ခွဲတဲ့စိတ်မရှိတော့ဘူး။ ကိုယ်သန်ရာသန်ရာဘက်မှာ ၀င်လုပ်ပေးဖြစ်တာပဲ။
.
. . . အိမ်မှာ ကိုယ့်အပိုင်အလုပ်တွေရှိတယ်။ အိမ်သန့်ရှင်းရေးအလုပ်၊ အိမ်ကိုအလှဆင်တဲ့အလုပ်တွေက ကိုယ့်အပိုင်အလုပ်တွေပဲ။ အိမ်သန့်ရှင်းရေး ပစ္စည်းပစ္စယတွေ နေရာချထားရေး ကိစ္စတွေမှာ ကိုယ်က ဇီဇာနည်းနည်းကြောင်တာလည်း ပါမယ်။ ကိုယ်က အဲဒါတွေကို ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် စိတ်တိုင်းကျလေး လုပ်ချင်တာကိုး။ တစ်ခြားသူလုပ်ရင် စိတ်တိုင်းမကျဘူး မဟုတ်ပေမယ့် ကိုယ်တိုင်လုပ်လိုက်ရမှ စိတ်ကျေနပ်တယ်။ ကိုယ်အိမ်မှာနေသရွေ့ကာလပတ်လုံး ပန်းပွင့်လေးမေမေ တံမျက်စည်းတစ်ချက် မခတ်စေရဘူး၊ ကြက်မွေးတစ်ပင်မလှဲစေရဘူး။ အဲဒါ ကိုယ့်အလုပ်ပဲ။
.
. . . နောက်ပြီး အ၀တ်လျှော်တဲ့အလုပ်၊ ကိုယ်ရှိနေချိန်တိုင်း အိမ်က အ၀တ်တွေကို ကိုယ်ပဲ ဒိုင်ခံလျှော်တယ်။ လူပျိုတုန်းက တစ်ယောက်တည်းနေတုန်းကလည်း ကိုယ့်အ၀တ်ကိုယ် လျှော်တာပါပဲ။ အဲသည်တုန်းက လက်နဲ့လျှော်ရတာဆိုပေတဲ့ စနေတနင်္ဂနွေ အလုပ်နားရက်ဆို အခန်းရှင်းအ၀တ်လျှော်အလုပ်က ကိုယ့်အတွက်တော့ စိတ်အပန်းပြေစရာအနေနဲ့ကို စိမ်ပြေနပြေ လုပ်လေ့ရှိတဲ့အလုပ်ကိုး။ အခု အိမ်ထောင်ကျတော့ အ၀တ်လျှော်စက်နဲ့ဘာနဲ့ ပိုပြီးအဆင်ပြေတာမို့ တစ်အိမ်လုံးအ၀တ်တွေ သိမ်းကျုံးလျှော်ဖွပ်ပေးရတာက ကိုယ့်အတွက် ဘာမှ အပန်းကြီးတဲ့အလုပ်မဟုတ်ဘူး။ အ၀တ်တွေ ခြောက်သွားတဲ့အခါ ပန်းပွင့်လေးအ၀တ်အစား ကိုယ့်အ၀တ်အစား သူ့မေမေအ၀တ်အစားတွေကို ခွဲပြီး အကြမ်းခေါက်တယ်။ ကိုယ့်အ၀တ်အစားတော်တော်များများကတော့ မီးပူမတိုက်လည်းဖြစ်တာမို့ ဗီရိုထဲ သွားထည့်။ ပန်းပွင့်လေးတို့ သားအမိအ၀တ်အစားတွေ အကြမ်းခေါက်ထားတာကို အ၀တ်ခြင်းထဲစီထည့်ပြီး မီးပူတိုက်မယ့်နေရာကို ထားပေး။ ကိုယ်က အ၀တ်လျှော်တာ စိတ်ဝင်စားပေမယ့် မီးပူတိုက်တာကျ ပျင်းတာမို့ ၀င်လည်း မလုပ်ချင်တာမို့ အနည်းဆုံးတော့ ကိုယ့်အ၀တ်တွေတိုက်ရသက်သာလည်း မနည်းဘူးဆိုပြီး ကိုယ့်အ၀တ်အစားက တစ်ချို့ကလွဲရင် မီးပူပေးမတိုက်ဘူး။ ကိုယ်အကြမ်းခေါက်ထားတဲ့ အ၀တ်အစားတွေကို ပန်းပွင့်လေးမေမေက အားရင်အားသလို မီးပူတိုက်တယ်။ ဒါတောင် သင်းက ကိုယ်လစ်ရင်လစ်သလို ကိုယ်မတိုက်ပါဘူးဆိုတဲ့ ကိုယ့်အ၀တ်အစားတွေ ယူယူ မီးပူတိုက်သေးတာ
.
. . . ထမင်းစားပြီးရင်လည်း ကိုရေပန်းကန်တွေထားခဲ့ လက်ဆေးပြီးသွားတော့ ဆိုပေတဲ့ ကိုယ့်မှာ အလောတကြီး လုပ်စရာမှ မရှိဘူးဆိုရင် ပန်းကန်တွေဆေးတာပဲ။ ကိုယ်က ထမင်းဟင်းတော့ မချက်ချင်လို့ ပန်းပွင့်လေးမေမေကို ပေးလုပ်ရပေမယ့် ပန်းကန်ဆေးတာတော့ တတ်နိုင်သမျှ ၀င်လုပ်တယ်။ ပန်းပွင့်လေးမေမေက ကိုယ်နဲ့မညားခင်က ဟင်းထမင်းသိပ်မချက်ဖြစ်ဘူးတဲ့ အိမ်ကချက်ကျွေးတာပဲ စားတာတဲ့။ ကိုယ်နဲ့ရပြီးမှ ကိုယ့်ကို သူကိုယ်တိုင် ကောင်းကောင်းလေး ချက်ကျွေးချင်တာနဲ့ အမေတွေမေး စာအုပ်တွေဖတ်ပြီးချက်တာ၊ အခုဆို အစားအသောက်တော်တော်များများကို ဟန်ကျပန်ကျ လုပ်တတ်နေပြီ။ ကိုယ်ဆို အပြင်သွားရင်တောင် အပြင်မှာ သိပ်မစားဖြစ်ဘူး။ အပြင်မှာစားရတာ ဈေးအရ မတန်ဘူးလို့ ထင်သလို သန့်ရှင်းမှုနဲ့ ကျန်းမာရေး အနံ့အရသာအရရော ပန်းပွင့်လေးမေမေ ချက်ကျွေးတာလောက် ကောင်းတယ်လို့ မထင်ဘူး။ ဒါကြောင့် တတ်နိုင်သမျှ အိမ်မှာပဲစားတယ်။
.
. . . ကိုယ်အဝေးမှာရောက်နေချိန်တွေ သူ့ခမျာ တစ်ယောက်တည်း သမီးကို စောင့်ရှောက်ပြုစုရတာ ပင်ပန်းရှာလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကိုယ်ရှိနေချိန်တွေမှာ တတ်နိုင်သမျှ သက်တောင့်သက်သာလေး နေစေချင်တယ်။ အိမ်အလုပ်တွေ ကိုယ်နိုင်တဲ့ဘက်က ၀င်လုပ်ရင်း အိမ်ရဲ့ဝန်ကို တစ်ဘက်တစ်လမ်းက ထမ်းတယ်ဆိုတာ မိန်းမကို ချစ်နည်းတစ်မျိုးလို့လည်းထင်တယ်။ အဖေသာသိရင်တော့ ၀မ်းသာရှာမှာပဲ
.
ဗိုလ်ကောင်း
၁၅ ဧပြီ ၂၀၁၈
Tuesday, 10 April 2018
Friday, 6 April 2018
Supporting undesirable Rhetorical Narrative
….. feel very sad that while the image of Myanmar has been under the offensive attack of some internationally active interest groups and the likes based on a post-truth and a NAME which has never recognized by the Tatmadaw, the People and the government, some people in the inner circle are intentionally or unintentionally doing an act of supporting the undesirable rhetorical narrative by contributing scholarly works on the issue incorporating the DAMN-terminology. More astonishingly, highly educated active personnel of the Tatm……….
Monday, 2 April 2018
Ubi lex voluit, dicit {dixit}; ubi noluit, tacit
There is an important principle of law or legal maxim “Ubi lex voluit, dicit {dixit}; ubi noluit, tacit” i.e. “if the law means something, it says it; if it does not mean something, it does not say it”.
.
When I saw this quotation in a statement of the State Counsellor Office released on 13th April 2018, all of a sudden, the debate of the State Counsellor bill in the parliament came to my mind. Some MPs tried to reject the bill since they believed that the constitution DOES NOT SAY anything about the creation of the post. However, what the NLD tried to convince others was that the constitution does not prevent the creation of the post and it does mean they have the right to create the post. In fact, the creation of the State Counsellor post definitely goes against the said maxim as the constitution DOES NOT SAY anything about it. Therefore, the State Counsellor Law deems totally unconstitutional.
.
Photo credit: Global New Light of Myanmar, 2 April 2016
Subscribe to:
Posts (Atom)