Tuesday 2 December 2014

ဂမ္ဘီရခရီး


မသိကိန်းပေါင်းများစွာနဲ့ တိုကျိုရွှေမြို့တော်ကြီးကို ချီတက်ခဲ့ရတယ်။ နောက်တစ်ရက်ကျော်မှာ ဖြေမယ့် စာမေးပွဲအတွက် စာအုပ်တွေလည်း ထည့်လို့ပေါ့။ တိုကျိုရောက်တော့ ဘယ်မှ မသွားရတော့ဘဲ ကောင်းကောင်းစား စာကြည့် အင်တာနက်သုံး မသိကိန်းကို အဖြေထုတ်ပေါ့။ ဟော ညတိုင်လည်းကျရော ပတ်စ်ပို့ မိတ္တူကူးမယ်ဆိုပြီး လာယူသွားပြန်ရော၊ ပြီးတော့ ပြန်လည်း မပေးဘူး။ ဘာလား ညာလား လာပေါင်းများစွာ မေးခွန်းတွေ ခေါင်းထဲမှာ စီရီနေတုန်း မနက်ကျရင် ခုနစ်နာရီမှာ မနက်စာစားမယ်ဆိုလို့ မနက်ကျတော့ အစောထပြီး ခုနစ်နာရီမှာ ထမင်းစားခန်းထဲကိုဆင်း၊ စားပြီးရင် အထုပ်အပိုး ကားပေါ်တင်ထားတဲ့။ သွားမယ်တဲ့၊ ကားသမားက ဘယ်ကိုမောင်းရမှာလဲ ဆိုတော့ ညကတည်းက ပြောထားပြီးသားအတိုင်းပဲတဲ့။ ညက လားပေါင်းများစွာမှာ နောက်ထပ် လားပေါင်းများစွာ ထပ်ဆင့်လို့ ဘယ်ဆီကို မသိတဲ့ခရီးဆီ အထုပ်အပိုးတင်ပြီး ထွက်လာခဲ့ရတယ်။ အထုပ်အပိုး ဆိုပေတဲ့ တိုကျို တစ်ညအိပ်စာလောက်ပဲ အ၀တ်အစားက ထည့်လာတာ။ ဘာမှ များများစားစား ပါလာတာ မဟုတ်။ သိပ်လှတဲ့ တိုကျိုပင်လယ်အော်ဘေးကပတ်တဲ့ အခါကျတော့လည်း အလှအပကို မခံစားနိုင်။ နာရီနဲ့ ချီပြီး ကြာတဲ့ ကားမောင်းချိန်ကြောင့် အိပ်ငိုက်တစ်လှည့် အတွေးမြိုက်တစ်လှည့်။ သေချာပါပြီ။ ကားမောင်းလာတာ နာရီတာ လေဆိပ်ကိုပဲ၊ လေဆိပ်ထဲကို ကားမောင်း ၀င်လာပြီးတဲ့ အချိန်မှာ မသိကိန်းတွေက ပိုများလာခဲ့တယ်။ လေဆိပ်ထဲကို ၀င်လာပြီဆိုတော့ ငါကလေယာဉ်စီးရမှာလား။ ညက ပတ်စ်ပို့ယူထားတာ လေယာဉ်လက်မှတ်ဝယ်ဖို့လား။ လေယာဉ်နဲ့ ဘယ်သွားရမှာလဲ၊ မြန်မာပြည်လား တစ်ခြားနေရာလား၊ ဘာလား ညာလား အတွေးပွားနေတုန်း ဗြုန်းဆို ကားရပ်တော့ ပစ္စည်းချ တဲ့။ တိုကျို တစ်ညအိပ်စာ ထည့်ထားတဲ့ အ၀တ်အစားအိတ်လေးကို ချပြီး လေဆိပ်ထဲကို ၀င်။ ANA လေကြောင်းကောင်တာတွေ ရောက်တော့မှ ကိုယ်ကသွားရမယ့်သူမဟုတ်ဘဲ လိုက်ပို့ရတဲ့သူ ဖြစ်တယ်ဆိုတာ သိလိုက်ရတာ။ လေဆိပ်ဝရန်တာကနေ လေယာဉ်ကြီး တက်သွားတာကို လက်ပြနုတ်ဆက်ပြီးမှ ကျည်ဆန်ရထားစီးပြီး ကျောင်းကို ပြန်ခဲ့ရတယ်။ မေးခွန်းပေါင်းများစွာ ကျောင်းကနေ ကြိုလင့်လို့ . . .

No comments:

Post a Comment