Monday, 1 July 2013
ကျောင်းဖွင့်ချိန် မိုးတွေရွာ
အခုလို ကျောင်းဖွင့်ချိန် မိုးတွေ သည်းကြီး မည်းကြီး ရွာပြီလား ဆိုမှဖြင့် ငယ်ငယ်က မိုးအခါ ကျောင်းသွားခဲ့ရတာလေးတွေကို သတိရမိတယ်။ နှစ်စဉ်နှစ်တိုင်း ဇွန်လရဲ့ ပထမဆုံး တနင်္လာနေ့ ဒါမှမဟုတ် ဇွန်လ တစ်ရက်နေ့ဟာ ကျွန်တော်တို့ နိုင်ငံက အခြေခံပညာ ကျောင်းတွေ ဖွင့်တဲ့အချိန်ပါ။ အိမ်နဲ့ တစ်ခေါ်သာသာလောက်သာ ဝေးတဲ့ မူလတန်းကျောင်းကို ကျောင်းသွားတက်ရတဲ့ ကျွန်တော်တို့ ညီအစ်ကို တတွေဟာ ညနေ ကျောင်းဆင်းချိန် မိုးရွာရင် အိမ်က လာကြိုမယ့်သူကို စောင့်ရပါတယ်။ ထီးမပါလို့ မိုးထဲရေထဲ မပြန်ချင်လို့သာ လာအကြိုကို စောင့်ရပေမယ့် တကယ့်တကယ်တော့ မစောင့်ချင်လှပါဘူး။ မိသားစု တစ်ခုလုံးမှာမှ ထီးက နှစ်လက်လောက်ပဲ ရှိတဲ့အတွက် တစ်ခါတစ်လေ ထီးက အိမ်မှာ မရှိတဲ့အခါမျိုးမှာ အဖေဟာ သစ်စေးသုတ်ထားတဲ့ စကောမည်းမည်းကြီးတွေ ခမောက်တွေ ယူလာပြီး လာကြိုတတ်လို့ ရောင်စုံထီးတွေကြားမှာ စကောတွေ ခမောက်တွေ ဆောင်းပြီး အိမ်ပြန်ရမှာ ရှက်တဲ့ကျွန်တော်တို့ ညီအစ်ကိုတွေက အဖေ့ကို သိပ်ပြီး လာမကြိုစေချင်လှပါဘူး။
မိုးဦးလေဦးဆိုတာ လေရောမိုးရော လာတတ်တဲ့အခါမို့ မိုးရွာရင်း လေပါတိုက်ရင် ကျွန်တော်တို့ ကလေး တစ်ရပ်စာလောက်ပဲ အကာရှိတဲ့ စာသင်ခန်းတွေက မိုးပက်တာ ခံရပါတယ်။ မိုးပက်လို့ ချမ်းချမ်းစီးစီး စိတ်ညစ်ပေမယ့် စာသင်ပျက်တာရယ် မိုးမပက်တဲ့ထောင့်တထောင့်မှာ ၀ိုင်းပြီးစုပြုံတိုးရတာရယ်ကို သဘောကျလို့ မိုးတွေရွာလေတွေတိုက်ပြီဆိုရင် ဆရာဆရာမတွေက စိတ်ညစ်ပေမယ့် ကျွန်တော်တို့ကတော့ ပျော်တာပါပဲ။ လေမတိုက်ဘူးဆိုရင်တောင်မှ သွပ်တစ်ခြမ်း ၀ါးကပ်တစ်ခြမ်းမိုးထားတဲ့ ခေါင်မိုးက သွပ်ဘက်ကသာမိုးလုံပြီး ၀ါးကပ်မိုးတဲ့ဘက်က မိုးမလုံပါဘူး။ ဒါကြောင့် မိုးများများရွာတဲ့အခါ လေမတိုက်ပေမယ့်လည်း စာသင်ပျက်လို့ပျော်ရတာပါပဲ။
လေးတန်းအောင်ပြီး ကျွန်တော်တို့က အနောက်ကျောင်းလို့ခေါ်တဲ့ သာဝတ္ထိအထက်တန်းကျောင်း သွားတက်တော့လည်း အိမ်က ကျွန်တော့်ကို ထီးမ၀ယ်ပေးတဲ့အတွက် ခမောက်တစ်လုံးနဲ့ ပုလဲဓာတ်မြေသြေဇာအိတ်ကို ကိုယ့်ဘာသာ ချုပ်ပြီး တစ်ခါတစ်လေမိုးများရင် ခုံဖိနပ်နဲ့ ကျောင်းကိုသွားတဲ့အခါ သူငယ်ချင်းတွေက ဗိုလ်အောင်ကျော်လို့ နာမည်ပေးတာ ခံရပါသေးတယ်။ ကျောင်းကြီးကိုသွားရတာ ကားလမ်းအတိုင်းသွားရင် တကွေ့ကြီးပတ်ရတာမို့ စက်ဘီးမစီးနိုင်တဲ့ ကျွန်တော်တို့ဟာ အိမ်နောက်ကဖြတ်လမ်းအတိုင်း ချီတက်ရပါတယ်။ စစ်တောင်းမြစ်ရဲ့ လက်တက်တစ်ခုဖြစ်တဲ့ ကျွန်တော်တို့ ရွာနောက်ကချောင်းဟာ များသောအားဖြင့်တော့ ကူးလို့ရပေမယ့် မိုးများတဲ့အခါ ဒါမှမဟုတ် အထက်ဆည်ကရေလွှတ်တဲ့အခါ ကမ်းပြည့်ကမ်းလျှံ ရေများတတ်ပါတယ်။ တစ်ခါတစ်လေ ဖြတ်လမ်းအတိုင်း တမျှော်တခေါ်ကြီး လျှောက်လာပြီးခါမှ ချောင်းကိုရောက်လို့ ရေလျှံနေတာတွေ့ရင် နောက်ကြောင်းပြန်လှည့်ရတဲ့အခါ ခရီးဟာ နီးလျက်နဲ့ဝေးသွားပြန်ရော။
ချောင်းကိုကျော်ပြီး ရွာအ၀င်ဟာလည်း နည်းနည်းမတ်တဲ့ လမ်းဖြစ်တဲ့အတွက် မိုးလေးများရွာရင် ရွှံ့စေးမြေဟာ ပျော့ပြီးချော်တော့တာပါပဲ။ ပုဆိုးကို တိုတိုဝတ် ဖိနပ်ခါးကြားထိုးပြီး စာအုပ်တွေ အပြည့်နဲ့ လွယ်အိတ်ကို လက်တစ်ဖက်က ထိန်း၊ ကျန်တဲ့လက်တစ်ဖက်က နီးစပ်ရာ ဟိုသစ်ပင် ဒီသစ်ပင်ကို ကိုင်ပြီး ခပ်မတ်မတ် ရွှံ့လမ်းကို အဆင်းအတက် လုပ်ရတာကလည်း စိတ်ပျက်တတ်တဲ့သူအဖို့ဆိုရင် အင်မတန် စိတ်ပျက်စရာပါပဲ။
အထက်တန်းကျောင်းကြီး ရောက်သွားတဲ့အခါ မိုးလုံလေလုံ သွပ်မိုးနဲ့ အုတ်အကာနဲ့ ကျောင်းဆောင်တွေမှာ စာသင်ရတယ် ဆိုပေတဲ့ မိုးတွေ သည်းရင်တော့ ငယ်ငယ်က ၀ါးကပ်မိုးကျောင်းမှာ တုန်းကလိုပဲ စာသင်ပျက်တာပါပဲ။ မိုးတွေ သည်းလာရင် သွပ်မိုးပေါ်ကျတဲ့ မိုးသံ တဗြောင်းဗြောင်းနဲ့မို့ ဆရာ သင်တာတွေ မကြားရတော့သလို မိုးပက်လို့ တံခါးတွေ ပြတင်းတွေ ပိတ်လိုက်ပြန်ရင်လည်း အခန်းက မှောင်သွားတာမို့ ဘယ်လောက်ပဲ အတန်းကြီးကြီး မိုးတွေသည်းလို့ စာသင်ပျက်ရင် ကျောင်းသားသဘာဝ ပျော်တာပါပဲ။
မိုးဦးလေဦးမှာဆိုရင် ကျောင်းမှာသာမက အိမ်မှာလည်း ပွဲပျက်တာပါပဲ။ သက်ကယ်ဟာ တစ်ခါမိုးထားရင် နှစ်နှစ် သုံးနှစ် ခံတယ် ဆိုပေတဲ့ စ မိုးတဲ့နှစ်လောက်ပဲ ကောင်းကောင်းလုံပြီး နောက်နှစ်တွေဆို ဟိုနေရာပေါက် ဒီနေရာယိုနဲ့ ။ မိုးရွာတယ်ဆိုရင် အိမ်ပေါ်မှာ ကောင်းကောင်း နေရတယ် မရှိပါဘူး။ စာအုပ်တွေ နေရာရွှေ့ ဗီရိုကို မိုးကာနဲ့အုပ် အပေါက်ကို တက်ဖာနဲ့ ရှုပ်ရှက်ကို ခတ်သွားတာပဲ။ ညအခါ မိုးလည်းရွာ မီးလည်းပျက်ဆိုရင် ကျွန်တော်တို့လည်း ငြိမ်ငြိမ်ကို မအိပ်ရတော့ပါဘူး။ ဒါကြောင့် မိုးရွာတော့မယ့် အရိပ်အယောင် မြင်ရ ကြားရတာနဲ့ ကျွန်တော်တို့ မောင်နှမ တတွေဟာ စစ်ကြေငြာခံရတဲ့တိုင်းပြည် စစ်တိုက်ဖို့ပြင်သလို ရေဇလုံတွေ ရေခွက်တွေ ရေပုံးတွေ အသင့်လုပ်၊ မိုးကာတွေထုတ်၊ ရွှေ့စရာရှိတာရွှေ့နဲ့ အကျင့်ကို ဖြစ်နေတော့တာ။ ဒါကြောင့် ငယ်ဘ၀လေးဟာ ဘယ်လောက်ပဲ ပျော်စရာကောင်းတယ် ပြောပြော ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ မိုးဦးလေဦး ငယ်ဘ၀ကိုတော့ နောင်ဘ၀ဆက်တိုင်း ဘယ်တော့မှ မကြုံပါရစေနဲ့လို့ ဆုတောင်းပါတယ်။ (၁-၇-၂၀၀၈)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment