Friday 24 November 2023

လိပ်ပြာလုံတဲ့ ကျောင်းတော်သား

. . . ကိုယ်တက်ခဲ့တဲ့ တက္ကသိုလ်က ကိုယ်တို့ကို ဆရာလို၊ အဖေလို၊ အကိုကြီးလိုစောင့်ရှောက်သွန်သင်ခဲ့တဲ့ ဆရာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်က တက္ကသိုလ်ကြီးတစ်ခုမှာ သင်ခန်းစာ လာပို့ချတော့ ကိုယ်လည်း အခွင့်သင့်တာနဲ့ ဆရာ့အတန်း သွားတက်ခဲ့တယ်၊ ဆရာပို့ချတဲ့ သင်ခန်းစာထဲက အခု ကျွန်တော်ပြန်ပြီး ဖောက်သည်ချချင်တာက ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ဆရာပြောတဲ့ သဘောထားလေးတစ်ခုအကြောင်း ဖြစ်ပါတယ်။
.
. . . ဉာဏ်ရည်တုနည်းပညာကို နယ်ပယ်ပေါင်းစုံမှာ တိုးတက်ထွန်းကားအောင် ကြံဆောင်နေကြတာမျိုးတွေက အစိုးရအေဂျင်စီတွေ၊ ကုမ္ပနီကြီးတွေ နဲ့ သိပ္ပံပညာရှင်အသိုက်အဝန်းကြားထဲမှာ တွင်ကျယ်နေတာ ကြာပြီဖြစ်ပေမယ့် မနှစ်က ၂၀၂၂ နိုဝင်ဘာ လကုန်ရက်ကစလို့ ChatGPT ဆိုတဲ့ ဘာသာစကားအခြေပြု ဉာဏ်ရည်တုနည်းပညာကို လူအများ အသုံးချနိုင်အောင် OpenAI က စတင်ဖွင့်ပေးလိုက်တဲ့ အချိန်ကစပြီး ဉာဏ်ရည်တုနည်းပညာဟာ ကိုယ်တွေလို သာမန်လူတွေ လက်ထဲကို ရောက်လာခဲ့တယ်။ OpenAI ရဲ့ အခုလို လုပ်ရပ်ကြောင့် အခြားသော နည်းပညာဆိုင်ရာ ကုမ္ပနီကြီးတွေကလည်း မနေသာကြတော့ဘဲ သူတို့ပိုင်ဆိုင်တဲ့ ဉာဏ်ရည်တုနည်းပညာကို အများပြည်သူ အသုံးပြုနိုင်အောင် လမ်းဖွင့်ပေးလာကြပြီး အခု ၂၀၂၃ ခုနှစ်ကတော့ ကမ္ဘာကြီးမှာ ဉာဏ်ရည်တုနည်းပညာနှစ်လို့ ဆိုရလောက်အောင် လူအများကြား တွင်ကျယ်လာခဲ့ပါတယ်။
.
. . . နည်းပညာနယ်ပယ်တွေ အမျိုးမျိုးမှာ ဉာဏ်ရည်တုနည်းပညာကို အသုံးချ တီထွင်ဆန်းသစ်နေကြတာတဲ့ကြားထဲက ဘာသာစကားအခြေပြု ဉာဏ်ရည်တုနည်းပညာမှာတော့ လူသုံးသဘာဝဘာသာစကားတွေသာမက ကွန်ပြူတာပရိုဂရမ်သုံး ဘာသာစကားတွေ၊ သီချင်းတွေ၊ ကဗျာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းတွေ၊ ပုံပြင်တွေ၊ အပြင် အရုပ်တွေ အသံတွေကိုပါ လိုသလိုဖန်တီးခိုင်းလို့ ရတဲ့အထိ သာမန်လူတွေ သုံးခွင့်ရလာခဲ့တာဖြစ်ပါတယ်။
.
. . . ဒီလို အသုံးချခွင့် ရလာတာကို သာမန် နေ့စဉ်ကြားနေကျ ကမ္ဘာ့သတင်းတစ်ပုဒ်လောက်ပဲ ပေါ့ပေါ့ပါးပါး သဘောထားကြတဲ့သူတွေ ရှိသလို ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်နယ်ပယ်မှာ ဘယ်လို အကျိုးရှိရှိ အသုံးချရပါ့မလဲဆိုပြီး လက်တွေ့လေ့လာစူးစမ်း အသုံးချကြတာတွေလည်း တွင်ကျယ်လာခဲ့ပါတယ်။
.
. . . ဉာဏ်ရည်တုနည်းပညာကို ကွန်ပြူတာတွက်ချက်နိုင်မှုစွမ်းရည်နဲ့၊ ကမ္ဘာတစ်ဝန်း အသိဉာဏ်ပညာဆိုင်ရာ ရှိနှင့်ပြီး ဗဟုသုတအထုအထည်ကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လေးငါးတန်းကျောင်းသားတွေ စာစီစာကုံးရေးတဲ့ နေရာက စလို့ တက္ကသိုလ်ကြီးတွေမှာ ပညာရပ်ဆိုင်ရာ စာတမ်းတွေ ရေးတဲ့နေရာအထိလည်း အတိုင်းအတာကြီးကြီးမားမား အသုံးဝင်လာခဲ့ပါတယ်။ ဒီလိုအသုံးဝင်လာမှုဟာ တစ်ဘက်မှာ ကောင်းကျိုးလို့ ယူဆစရာပေမယ့် တစ်ဘက်မှာကျတော့ ကျောင်းသားတွေက ကိုယ်ပိုင်အသိပညာဗဟုသုတကို အသုံးမပြုဘဲ သူများလက်နဲ့ စာရေးခိုင်းတဲ့ ကိစ္စမျိုးတွေ ဖြစ်လာတာကြောင့် တက္ကသိုလ်ကြီးတွေမှာ ဒီကိစ္စက အလေးထားဖြေရှင်းစရာ ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။
.
. . . အရင့်အရင်တုန်းက သူများစာကူးချတာကို ဖမ်းပေးတဲ့စနစ်တွေ နဲ့ တက္ကသိုလ်တွေမှာ ကျောင်းသားတွေ ကိုယ်ပိုင်အားထုတ်လုပ်ကိုင်ကြဖို့ ကျပ်မတ်နိုင်ခဲ့ကြပေမယ့် အခုကျတော့ ဉာဏ်ရည်တုနည်းပညာအကူအညီနဲ့ ရေးလာတဲ့ စာတွေကို စစ်ဖို့မှာက စိန်ခေါ်မှု အကြီးကြီးဖြစ်နေရပြီလို့ ဆိုပါတယ်။ ဆရာတို့လို ဝါရင့် ပါမောက္ခကြီးတွေကိုယ်တိုင်တောင် လူရေးတဲ့ စာနဲ့ ဉာဏ်ရည်တုနည်းပညာက ရေးပေးတဲ့စာ ခွဲခြားဖို့ကို ရုတ်တရက်အားဖြင့် ခက်ခဲနေခဲ့ပြီး ပိုက်ဆံပေးသုံးရတဲ့ ဉာဏ်ရည်တုနည်းပညာဗားရှင်းတွေမှာဆို ပိုလို့တောင် ခက်ခဲတဲ့ အနေအထားကို တွေ့ရတယ်လို့ ဆရာက ပြောပါတယ်။
.
. . . ဆရာပြောတဲ့အထဲ မှတ်သားစရာကတော့ ဒီကနေ့ကျောင်းတော်သားတွေအနေနဲ့ ဉာဏ်ရည်တုနည်းပညာကို လုံးလုံးကြီး မသုံးရဘူးဆိုတာကလည်း ဖြစ်နိုင်ခြေမရှိတာကြောင့် “ကျင့်ဝတ်ရှိရှိ သုံးကြဖို့” အရေးကြီးတဲ့အကြောင်းပါပဲ
.
. . . ဒီနေရာမှာ ဆရာပြောခဲ့တဲ့ “ကျင့်ဝတ်ရှိရှိ သုံးကြဖို့” ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး တွေးမိတာလေးတွေ ပြောပြချင်ပါတယ်
.
. . . အရင်တုန်းကဆိုရင် တက္ကသိုလ်ကျောင်းသားအချို့ နဲ့ ပညာရှင်အချို့ဟာ အင်္ဂလိပ်ဘာသာနဲ့ စာတမ်းတွေ၊ ဆောင်းပါးတွေရေးကြတဲ့အခါ အရေးအသားမှာ ပညာရပ်လေသံပေါက်ဖို့၊ အသုံးအနှုန်းတွေ သင့်လျော်ဖို့၊ သက်ဆိုင်ရာ စာတမ်း၊ ဆောင်းပါးပေးပို့တာကို ဖော်ပြပေးမယ့် ပညာရပ်ဂျာနယ်တွေ သတ်မှတ်ထားတဲ့ ပုံစံဝင်ဖို့အတွက် ကိုယ်ရေးထားတာကို ပြန်လည်ပြင်ဆင်မွမ်းမံတည်းဖြတ်ပေးတဲ့ ဝန်ဆောင်မှုကို ထိုက်သင့်တဲ့ အခကြေးငွေပေးပြီး လုပ်ဆောင်ခဲ့ရတာရှိပါတယ်။ ဒီလိုလုပ်ဆောင်တာက ပညာရပ်ဆိုင်ရာ ကျင့်ဝတ်ကို ဖောက်ဖျက်ရာ မကျဘူးဆိုရင် အခုလည်း ဉာဏ်ရည်တုနည်းပညာ အကူအညီနဲ့ ဒီလိုပြင်ဆင်မွမ်းမံတာဟာ ကျင့်ဝတ်နဲ့ညီတယ်လို့ အကြမ်းဖျင်းယူဆရမှာဖြစ်ပါတယ်။
.
. . . အထက်က ကိစ္စက အင်မတန့်အင်မတန် မြင်သာထင်ရှားတဲ့ ကိစ္စဖြစ်တာမို့ အငြင်းပွားစရာမရှိနိုင်ပေမယ့် ကျောင်းသားတစ်ယောက်က သူရေးတဲ့ စာတမ်းနဲ့ ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ ကိုယ်တိုင်လုပ်ဆောင်တာကို ကျင့်ဝတ်နဲ့ ညီတယ်လို့ ပြောလို့ရလဲ ဆိုတာမျိုးကတော့ အတော်ကို သိမ်မွေ့တယ်လို့ ဆိုနိုင်ပါတယ်။
.
. . . အခုစာရေးနေရင်း ငယ်စဉ်က ကြုံခဲ့ရတာလေးကို ပြန်ပြီး ပြောပြချင်လာပါတယ်။ ကျနော်တို့ အရပ်က ရသေ့တောင်ဆွမ်းဆန်စိမ်းလောင်းပွဲဆိုတာ ရှိပါတယ်။ စောင်းတန်းကြီး သွယ်ဝိုက်ခွေတလျှောက်မှာ ပင့်သံဃာတွေ ကြွရောက်ပြီး ဒါယိကာတွေက ဆွမ်းဆန်စိမ်းလောင်းကြတဲ့ပွဲပါ။ အဲသည်မှာ ကိုယ်တွေနဲ့ ဆွေးမျိုးမကင်းတစ်ယောက်ပြောတာ ကြားဖူးပါတယ်။ ဆွမ်းဆန်စိမ်းလောင်းတာ ပြုတဲ့ကုသိုလ်ပိုပြီး လေးနက်အောင် စပါးကို ကိုယ်တိုင် ကြိတ်ဆုံမှာကြိတ်၊ ကိုယ်တိုင်မောင်းမှာဖွပ်၊ ကိုယ်တိုင်ပြာတီးသန့်စင်ပါသတဲ့။
.
. . . အထက်က အဖြစ်အပျက်မှာ ဆန်အလှူရှင်ဟာ သူ့ဆန်ကို သူကိုယ်တိုင် လက်နဲ့လုပ်ပြီးလှူတာက ပိုပြီး ကုသိုလ်ရမရ မပြောတတ်ပေမယ့် ပညာရပ်နယ်ပယ်မှာတော့ ပညာရှာတဲ့နည်းလမ်းတွေ ခေတ်မီပြောင်းလဲလာတာကို ဘယ်အတိုင်းအတာအထိ လက်ခံမလဲဆိုတဲ့ ကိစ္စက သိမ်မွေ့ပြီး အငြင်းပွားဖွယ်ဖြစ်လာပုံပါပဲ
.
. . . ဆိုကြပါစို့ ၊ ဟိုအရင့်အရင် နှစ်များဆီကဆို အမေရိကန်သမ္မတလောင်းနှစ်ယောက် စကားစစ်ထိုးပွဲမှာ ဘာအကြောင်းအရာတွေပါသလဲ၊ အထူးသဖြင့် ကိုယ့်နိုင်ငံနဲ့ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်တဲ့အကြောင်းအရာတွေ ဘယ်လောက်ပြောသွားခဲ့ကြသလဲ၊ ယုတ်စွအဆုံး တို့နိုင်ငံအကြောင်း ဘယ်လောက်ပြောခဲ့ကြသလဲ ဆိုတာကို သိဖို့အတွက် အဲသည်သမ္မတလောင်းနှစ်ယောက် စကားစစ်ထိုးကြတဲ့ တိုက်ရိုက်ထုတ်လွှင့်ချက်ကို ရတယ်ဆိုရင်တောင် တီဗီက လာတာကို စက်ထဲ အခွေထဲ ကူးထည့်၊ အစအဆုံး ပြန်ကြည့်၊ တစ်ချို့နေရာတွေ လုံးကောက်နီးပါး လိုက်ရေး၊ မှတ်စုပြန်ထုတ်၊ စသည်ဖြင့် နာရီပေါင်းများစွာ အချိန်ပေးပြီး လုပ်ခဲ့ကြရပါတယ်။ ဘာသာစကားစွမ်းရည်ကောင်းလို့ သူတို့ပြောတာတွေ လုံးစေ့ပတ်စေ့ နားလည်တယ်ဆိုရင်တောင် အဲလောက်အကြာကြီးပြောတာကို သေချာပြန်နားထောင် မှတ်စုလုပ်ဖို့ဆိုတာ အင်မတန်ကို ကြီးမားတဲ့ အလုပ်ဝန်ပါ။
.
. . . ဟော နောက်ပိုင်း အင်တာနက်တွေအဆင်ပြေလာတော့ သူတို့ပြောတဲ့ လုံးကောက်ကို တစ်နေရာရာကနေ အသာလေး ကူးယူ၊ မိုက်ကရိုဆော့ဝပ် ဖိုင်ထဲထည့်ပြီး ကိုယ်ရှာချင်တဲ့ စကားလုံးရိုက်ရှာလိုက်ရင် ဘယ်နေရာတွေမှာ ဘယ်နခါပြောထားတာဆိုတဲ့ အကြိမ်ရေအတိအကျနဲ့ မှတ်စုထုတ်ရ ပိုလွယ်လာပါတယ်၊ ပြီးမှ ကိုယ်မှတ်ရမယ့်အကြောင်း အသေးစိတ်ဖြတ်တောက်နားထောင်လို့ရတာပေါ့
.
. . . အခုလို ဉာဏ်ရည်တုနည်းပညာခေတ်ကြီး ရောက်လာတော့ သမ္မတနှစ်ယောက်စကားစစ်ထိုးတာကို အကြောင်းအရာအလိုက် အကြမ်းဖျင်း မှတ်စုလုပ်ခိုင်းလို့ရတဲ့အပြင် ဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ပြင်ပက အမြင်သဘောထားတွေ ဘယ်လိုရှိလဲ ဆိုတာကိုပါ အချိန်နဲ့တပြေးညီနီးပါး ရှာလို့၊ မှတ်လို့ ရနေတဲ့ ခေတ်ကြီးကို ရောက်လာပါရောလား
.
. . . အခုလို နည်းပညာအထောက်အကူတွေ ရလို့များတော့ လူတွေ ပိုသက်သာလာတယ်လို့ဖြင့် မထင်မိပါဘူး၊ နည်းပညာက အလုပ်တွေ များများ လုပ်ပေးလာနိုင်တာနဲ့အမျှ လူတွေကလည်း အလုပ်တွေ ပိုလုပ်လာရပါတယ်။ အရင်က ဒီအလုပ်တစ်ခုကို နာရီပေါင်းများစွာလုပ်ခဲ့ရပြီး လုပ်ရတဲ့ အလုပ်ရဲ့ ကျယ်ဝန်းမှုအတိုင်းအတာနဲ့ အခု နာရီပေါင်းများစွာလုပ်ရတဲ့ အလုပ်တစ်ခုရဲ့ ကျယ်ဝန်းမှုအတိုင်းအတာက အဆမတန် ပိုပို ကြီးလာခဲ့တာဖြစ်ပါတယ်။
.
. . . ဒါကြောင့် ဆရာပြောခဲ့တဲ့ “ဉာဏ်ရည်တုနည်းပညာကို ကျင့်ဝတ်ရှိရှိ ကျင့်သုံးခြင်း” ဆိုတဲ့ သဘောတရားဟာလည်း အင်မတန်ကျယ်ပျံ့သိမ်မွေ့ပြီး ကျင့်ဝတ်ဆိုတဲ့ မထင်မရှားဝိုးတဝါးနိုင်လှတဲ့ စည်းကို ဘယ်နားမှာ ကျော်မိသလဲဆိုတာ ကျော်မိတဲ့သူရော စောင့်ဖမ်းမယ့်သူရောအတွက် အလွန်ကို ခက်ခဲနိုင်တယ်လို့ ထင်မြင်မိပါတယ်။
.
. . . အခုတင်ပြခဲ့တာကတော့ တက္ကသိုလ်ပညာရပ်နယ်ပယ်မှာ ကျောင်းသားတွေ အသုံးပြုတဲ့ကိစ္စတစ်ခုတည်းနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ အတွေးတစ်စ ဖြစ်တာမို့ အလွန်ကို ကျဉ်းမြောင်းနေမှာဖြစ်ပြီး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကျင့်ဝတ်ကိစ္စက အလွန့်အလွန်ကို ကျယ်ပျံ့တဲ့ဘာသာရပ်တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း မမေ့မလျော့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။
.
. . . စာသင်သားတို့ အနေနဲ့ အနည်းဆုံးတော့ဖြင့် ပြင်ပက သတ်မှတ်ထားတဲ့ စည်းဘောင်တွေ အသာထားလို့ ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ ကျင့်ဝတ်စည်းဘောင်အတွင်းမှာ ကိုယ်တိုင်လိပ်ပြာလုံတဲ့ အတိုင်းအတာအတွင်း အသုံးချကြမယ်ဆိုရင်တော့ လောလောဆယ်အားဖြင့် Ethical use of AI ဆိုတာမျိုး ဖြစ်နိုင်တယ်လို့ တွေးမိတဲ့အကြောင်း. . .
.
ဗိုလ်ကောင်း
၂၄ နိုဝင်ဘာ ၂၀၂၃

No comments:

Post a Comment