Pages

Saturday, 4 May 2019

ရာဇဘိသေသ




ဘူမိဘောဘုရင်မင်းမြတ်နတ်ရွာစံပြီးတဲ့နောက် မဟာချက်ကရီမင်းဆက်ရဲ့ ဒသမမြောက်ရာမမင်းအဖြစ်တင်မြှောက်တဲ့ ရာဇဘိသေသမင်္ဂလာရဲ့ အဓိကအကျဆုံး အစီအစဉ်များကို ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘုရင့်နန်းတော်မှာ ကျင်းပပါတယ်။

ဘုရင်အဖြစ်ဘိသိက်မခံယူခင်မှာ အရင်ဆုံး ၀တ်ဖြူစင်ကြယ်ကို ဖိုးသူတော်လိုဝတ်ဆင်ပြီး ထိုင်းနိုင်ငံတစ်လွှား နေရာပေါင်း ၉ နေရာက ရေကို ဂါထာမန္တန်များနဲ့စီမံထားတဲ့ ရေစင်နဲ့ ကိုယ်လက်သန့်စင်ပါတယ်။ 


ပြီးတဲ့အခါ မင်းဝတ်တန်ဆာကို ဆင်မြန်းပြီးတဲ့အခါ ရှစ်ထောင့်ပုံသစ်သားပလ္လင်မှာထိုင်ပြီး ရာဇဘိသေသ ရေစင်သွန်းပါတယ်။ မြန်မာပြည်က တပ်ချုပ်ကြီးရဲ့ မွေးစားဖခင်အဖြစ် လူသိများတဲ့ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး ဖရမ်၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ အပါအ၀င် ထိုင်းအဆင့်မြင့်အရာရှိကြီး ရှစ်ယောက်က ထိုင်းနိုင်ငံတစ်လွှား နေရာပေါင်း ၁၀၈ နေရာက ဆောင်ယူလာတဲ့ ရေစင်ကို ဆက်သရပြီး ပုဏ္ဏားရှစ်ယောက်က ရေစင်ကို သွန်းပေးရပါတယ်။ 


အဲသည်နောက် ရာဇဘိသေသ မင်္ဂလာရဲ့ အထွဋ်အထိပ်ကာလဖြစ်တဲ့ ဥသျှောင်ဆောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။ မေရုမြင့်မိုရ်တောင်ထွတ်သဖွယ် ပြုလုပ်ထားအပ်တဲ့ ဘုရင့်ဥသျှောင်ကို ရွှေအလေးချိန် လေးပိသာခွဲကျော် (၁.၆၅ ကီလိုဂရမ်) နဲ့ ပြုလုပ်ထားပြီး ဘုရင့်ရဲ့ ကြီးလေးတဲ့တာဝန်ကို ဦးထိပ်ပန်ဆင်တယ်လို့ အဓိပ္ပာယ်ရှိတယ်လို့ ဆိုပါတယ်။ ဥသျှောင်ဆောင်းပြီးတဲ့အချိန်မှာ ဘုရင့်ဘွဲ့တော်ရေးထွင်းထားတဲ့ ရွှေစင်ပြားနဲ့ မင်းမြောက်တန်ဆာငါးပါးကို သိမ်းပိုက်ခံယူတော်မူပါသတဲ့။ မင်းမြောက်တန်ဆာ ငါးပါးကတော့ ဥသျှောင်၊ သံလျက်၊ ကျိုင်း၊ သားမြီးယပ်နဲ့ ရွှေခြေနင်းတို့ဖြစ်ပါတယ်။ 


ဘုရင့်ဥသျှောင်ဆောင်းနေချိန်မှာ ကောင်းကင်ယံမှာ နေထီးဆောင်းနေတယ်လို့သတင်းဖြစ်နေတာရှိပေမယ့် အတည်ပြုလို့မရသေးပါဘူး။ 


ပြီးခဲ့တဲ့ မေလ တစ်ရက်နေ့က ကျင်းပတဲ့ ဂျပန်ဧကရာဇ်မင်းမြတ် အရိုက်အရာဆက်ခံပွဲက ရိုးရှင်းတိတ်ဆိတ်သလောက် ထိုင်းဘုရင်မင်းမြတ်ဘိသိက်ခံပွဲက အမြောက်ပစ်သံ ခရုသင်းမှုတ်သံ ဆိုင်းသံဗုံသံတစ်ညံညံနဲ့ ကြီးကျယ်ခမ်းနား စည်ကားလွန်းလှတယ်။ 


Refer to different multiple sources

ဗိုလ်ကောင်း

၎ မေ ၂၀၁၉

No comments:

Post a Comment