Pages

Saturday, 18 May 2013

အိန္ဒိယအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ


    ကမ္ဘာပေါ်က ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံအများစုရဲ့ အခြေခံ ဥပဒေတွေမှာ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များကို သီးခြား အခန်းတစ်ခန်းနေနဲ့ ရေးသားဖော်ပြလေ့ မရှိကြပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယအခြေခံဥပဒေနဲ့ မြန်မာအခြေခံဥပဒေတို့မှာတော့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များကို သီးခြား အခန်း တစ်ခန်းအနေနဲ့ ဖော်ပြထားကြပါတယ်။
    အိန္ဒိယအခြေခံဥပဒေ အပိုင်း ၁၈ ဟာ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအပိုင်း ဖြစ်ပါတယ်။ အဲသည်မှာ ပုဒ်မ ၃၅၂ ကနေ ပုဒ်မ ၃၆၀ ထိ ပုဒ်မပေါင်း ကိုးခု ပါဝင်ပါတယ်။ ဒီနေရာမှာ ပုဒ်မ တစ်ခုချင်းကို ဖွင့်ဆိုရှင်းပြတာထက် အားလုံးကို ခြုံငုံရှင်းလင်းတင်ပြတာက ပိုမို နားလည်လွယ်မယ်လို့ ယူဆပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရေးပေါ်ကာလ ကြေညာရတဲ့အခြေအနေ အမျိုးအစား သုံးမျိုးရှိပါတယ်။ ပထမတစ်ခုက နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးခြိမ်းခြောက်ခံရလို့ ကြေညာရတဲ့ အရေးပေါ်အခြေအနေ၊ ဒုတိယတစ်ခုက အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း ကျင့်သုံးဆောင်ရွက်ရန် မဖြစ်နိုင်တော့လို့ ကြေညာရတဲ့ အရေးပေါ် အခြေအနေ နဲ့ တတိယတစ်ခုကတော့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကြေညာရတဲ့ အရေးပေါ်အခြေအနေတို့ပဲ ဖြစ်ပါတယ်။
    အိန္ဒိယနိုင်ငံရဲ့ နယ်မြေ တစ်စိတ်တစ်ဒေသဖြစ်စေ တစ်နိုင်ငံလုံး ဖြစ်စေ စစ်မက်ပြုခံရလို့ ဒါမှမဟုတ် ပြည်ပျအင်အားစုတွေရဲ့ ခြိမ်းခြောက်ခံရလို့ ဒါမှမဟုတ် ပြည်တွင်း သောင်းကျန်းမှုကို ကြုံရလို့ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးလာပြီဆိုရင် သမ္မတက နိုင်ငံတော် အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာရပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေဟာ အမှန်တကယ် ထိပါးသေးတာ မဟုတ်ဘဲ ထိပါးခံရတော့မယ်လို့ သမ္မတက ယုံကြည်ရင်လည်း အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာလို့ ရပါတယ်။ အဲသည်လို ထုတ်ပြန်ကြေညာရင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်ရတာ ဖြစ်သလို အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းရင်လည်း ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန် ရုပ်သိမ်းရတာ ဖြစ်ပါတယ်။
    သမ္မတက အရေးပေါ်အခြေအနေကို ထုတ်ပြန် ကြေညာပြီးရင် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးကို တင်ပြပြီး အတည်ပြုချက် ရယူရပါတယ်။ တကယ်လို့ ပါလီမန်လွှတ်တော်ရဲ့ အတည်ပြုချက် မယူဘူးဆိုရင် အဲသည် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်မှုဟာ တစ်လပြည့်တာနဲ့ ပျက်ပြယ်ပါတယ်။ တကယ်လို့ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချိန်ဟာ အောက်လွှတ်တော် ဖျက်သိမ်းထားချိန်ဖြစ်ရင်၊ ဒါမှမဟုတ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာပြီး တစ်လအတွင်းမှာ အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ရင်၊ အထက်လွှတ်တော်က သဘောတူ အတည်ပြုထားပြီး တစ်လအတွင်းမှာ အောက်လွှတ်တော်က အတည်မပြုဘူးဆိုရင်၊ အောက်လွှတ်တော် ပြန်လည်ဖွဲ့စည်းပြီး တစ်လအတွင်းမှာ အောက်လွှတ်တော်က အတည်မပြုပေးဘူး ဆိုရင်၊ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချက်ဟာ အလိုအလျောက် ပျက်ပြယ်ပါတယ်။
    တကယ်လို့ အထက်လွှတ်တော်ရော အောက်လွှတ်တော်ကပါ အတည်ပြုပေးပြီ ဆိုရင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချက်ဟာ ခြောက်လတာ အာဏာတည်ပါတယ်။ တကယ်လို့ ခြောက်လလွန်မြောက်ပြီး ဆက်လက် အာဏာတည်ဖို့ လိုအပ်တယ်ဆိုရင် ပါလီမန်လွှတ်တော်ကို ခြောက်လပြည့်ချိန်မှာ ထပ်မံတင်ပြ အတည်ပြုချက် ယူဖို့ လိုအပ်ပါတယ်။ လွှတ်တော်က တစ်ခါ သဘောတူအတည်ပြုရင် အရေးပေါ်ကာလ အကျိုးသက်ရောက်မှုကို ခြောက်လစီ သက်တမ်း တိုးသွားလို့ ရတဲ့အနေအထားမှာ ရှိပါတယ်။ တကယ်လို့ ခြောက်လအတွင်းမှာ အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်လို့ အောက်လွှတ်တော်ရဲ့ အတည်ပြုချက် မယူလိုက်ရဘူးဆိုရင် အောက်လွှတ်တော် ပြန်လည်ဖွဲ့စည်းပြီး ရက်ပေါင်း ၃၀ အတွင်း အောက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။ ဖော်ပြပါ ရက်ပေါင်း ၃၀ အတွင်းမှာ အောက်လွှတ်တော်ရဲ့ သဘောတူ အတည်ပြုချက်ကို မရဘူးဆိုရင် အရေးပေါ်ကာလ အကျိုးသက်ရောက်မှု ပျက်ပြယ်ပါတယ်။
    အရေးပေါ်ကာလကို အတည်ပြုဖို့ပဲဖြစ်ဖြစ် သက်တမ်းတိုးဖို့ပဲ ဖြစ်ဖြစ်  လွှတ်တော်ကို တင်ပြတယ်ဆိုရင် တက်ရောက်မဲပေးတဲ့ အမတ်အရေအတွက်ရဲ့ ထက်ဝက်ကျော်နဲ့ သုံးပုံနှစ်ပုံက ထောက်ခံဖို့ လိုအပ်ပါတယ်။
    အထက်မှာ ဘယ်လိုပဲ ပြဌာန်းထားသည်ဖြစ်ပါစေ အရေးပေါ်အခြေအနေ ကြေညာမှုကိုဖြစ်စေ သက်တမ်းတိုးမှုကို ဖြစ်စေ အောက်လွှတ်တော်က အတည်ပြုပေးခြင်း မရှိဘူးဆိုရင် သမ္မတက အရေးပေါ်အခြေအနေကို ပြန်လည် ရုပ်သိမ်းရပါတယ်။ အရေးပေါ်အခြေအနေ ကြေညာတဲ့ကိစ္စမှာ အောက်လွှတ်တော်က သမ္မတအလိုကို ကျော်လွန်ဆောင်ရွက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ တကယ်လို့ အရေးပေါ်အခြေအနေ ကြေညာထားတုန်းမှာ အဲသည် အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရုပ်သိမ်းစေချင်ကြောင်း အောက်လွှတ်တော်အမတ် အနည်းဆုံး ဆယ်ပုံတစ်ပုံက လွှတ်တော်ကျင်းပချိန်ဆိုရင် လွှတ်တော်ဥက္ကဌထံကို၊ လွှတ်တော်ရပ်နားထားချိန်မှာ သမ္မတထံကို လက်မှတ်ထိုး စာရေးအကြောင်းကြားရင် အဲသည်စာ ရရှိတဲ့ရက်ကနေ ဆယ့်လေးရက်အတွင်းမှာ အရေးပေါ်အခြေအနေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့ အောက်လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပ ဆုံးဖြတ်ပေးရပါတယ်။


    အရေးပေါ်အခြေအနေ ကြေညာထားစဉ်အတွင်း အရေးယူ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး ဥပဒေပြုခွင့်ကို ပါလီမန် လွှတ်တော်ကို ပြဌာန်းထားပြီး အရေးပေါ်အခြေအနေနဲ့ ပတ်သက်ရင် ပါလီမန်လွှတ်တော်ဟာ ပြည်ထောင်စု ဥပဒေပြုစာရင်းမှာ ပါဝင်ခြင်းမရှိတဲ့ ကိစ္စရပ်များကိုပါ ဥပဒေပြုခွင့် အာဏာ ရရှိပါတယ်။ (သာမန်အားဖြင့် ဆိုရင် ပါလီမန်လွှတ်တော်ဟာ ပြည်ထောင်စု ဥပဒေပြုစာရင်းမှာပါတဲ့ ကိစ္စရပ်များကိုပဲ ဥပဒေပြုခွင့်ရှိတာပါ။ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်တဲ့ ကာလအတွင်း အရေးယူ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး ပြည်နယ်ဥပဒေပြုစာရင်း တွေထဲမှာ ပါတဲ့ ကိစ္စရပ်များကိုပါ ပါလီမန်က ဥပဒေပြဌာန်းပိုင်ခွင့် ရှိတဲ့ဆိုတဲ့ သဘောဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်နယ်တွေရဲ့ အာဏာကို ပြည်ထောင်စုလက်အောက်ကို ထည့်သွင်းပေးလိုက်တာပါ။)
    အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် ပုဒ်မ ၃၅၈ အရ အရေးပေါ်ကာလ အကျိုးသက်ရောက်စဉ် အတောအတွင်းမှာ နိုင်ငံသားတစ်ယောက်ရဲ့ မူလအခွင့်အရေးများကို တားဆီးကန့်သတ်ထားနိုင်ကြောင်း ပြဌာန်းထားပါတယ်။ နိုင်ငံသားများ၏ မူလအခွင့်အရေးများအခန်း ပုဒ်မ ၁၉ မှာ ပြဌာန်းခွင့်ပြုထားတဲ့ လွပ်လပ်စာပြောဆို ရေးသား ဖော်ထုတ်ပိုင်ခွင့်၊ လက်နက်မပါဘဲ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ အသင်းအပင်းများ ဖွဲ့စည်းခွင့်၊ နိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ အခြေစိုက်နေထိုင်ခွင့် ဆိုတဲ့ နိုင်ငံသား အခွင့်အရေးတွေကို အရေးပေါ်ကာလ အကျိုးသက်ရောက်စဉ် အတွင်းမှာ ကန့်သတ် ပိတ်ပင် ရုပ်သိမ်းထားနိုင်တဲ့ ဥပဒေများကို ပါလီမန် လွှတ်တော်က ပြဌာန်းပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အဲသည် ကန့်သတ်ချက်များဟာ အရေးပေါ်ကာက ကြေညာထားစဉ်အတောအတွင်း အရေးပေါ်ကာလ အကျိုးသက်ရောက်တဲ့ နေရာဒေသမှာသာ အာဏာသက်ရောက်ပြီးတော့ အရေးပေါ်ကာလ ကုန်ဆုံးပြီဆိုတာနဲ့ အဲသည် ကန့်သတ်ထားတဲ့ ဥပဒေများရဲ့ အာဏာသက်ရောက်မှုဟာ အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
    အခြေခံဥပဒေပုဒ်မ ၃၅၉ ရဲ့ မူလပြဌာန်းချက်မှာဆိုရင် နိုင်ငံသားတစ်ယောက်ရဲ့ မူလအခွင့်အရေးတစ်ရပ်ရပ်ကို အရေးပေါ်ကာလ အကျိုးသက်ရောက်စဉ် အတောအတွင်းမှာ ကန့်သတ် ရုပ်သိမ်း ပယ်ဖျက်နိုင်ခွင့်အာဏာကို သမ္မတက အမိန့်ထုတ်ပြန် ကျင့်သုံးခွင့် ပြုပေးထားပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၄၄ က အုပ်ချုပ်ရေးမဏ္ဍိုင်ကို ပေးအပ်ထားတဲ့ အဆိုပါ အာဏာအချို့ကို ပြန်လည် လျှော့ချခဲ့ပါတယ်။
    အခုတင်ပြခဲ့တာကတော့ အိန္ဒိယ အခြေခံဥပဒေမှာ ပါရှိတဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များထဲက ပထမဆုံး အပိုင်းဖြစ်ပါတယ်။ ဗိုလ်ကောင်းတို့ မြန်မာနိုင်ငံ အခြေခံဥပဒေ အခန်း ၁၁ ကလည်း အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအခန်း ဖြစ်ပါတယ်။ အဲသည်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက အခုတင်ပြခဲ့တဲ့ အိန္ဒိယနိုင်ငံ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနဲ့ သဘောတရားချင်း ဆင်ဆင်တူနေတာကို တွေ့ရပါတယ်။
ကျန်အပိုင်းများကို ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။

No comments:

Post a Comment