Tuesday 25 April 2023

တရုတ်ရဲ့ မဟာဗျူဟာမြောက်နည်းပညာ ၃ ရပ်




တရုတ်ရဲ့ မဟာဗျူဟာမြောက် နည်းပညာကြီး သုံးရပ် (၁)
.
. . . တရုတ်ဟာ နည်းပညာအရာမှာ အမေရိကန်ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် နည်းပညာနယ်ပယ်ကြီးသုံးရပ်ကို မဟာဗျူဟာမြောက် ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ဒီနည်းပညာ နယ်ပယ်ကြီး သုံးရပ်ကတော့ အာကာသဆိုင်ရာနည်းပညာနယ်ပယ်၊ ဉာဏ်ရည်တုနည်းပညာနယ်ပယ် နဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာနယ်ပယ်တို့ ဖြစ်ပါသတဲ့၊ ဒီနည်းပညာနယ်ပယ်သုံးခုမှာ တရုတ်က ဘယ်လောက်တောင် ခရီးရောက်နေပြီလဲ
.
. . . တရုတ်ဟာ မကြာသေးမီကပဲ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး သိပ္ပံနဲ့နည်းပညာဆိုင်ရာဗဟိုကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ အာဏာစက်ပြင်းလှတဲ့ ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာကတော့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ကွန်မြူနစ်ပါတီကနေ တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်ဖို့ ပါပဲ။ တရုတ်နိုင်ငံတော်ကောင်စီရဲ့ အားပေးထောက်ခံမှုနဲ့ လုပ်ဆောင်လိုက်တဲ့ ဒီလုပ်ဆောင်ချက်ကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ အမေရိကန်နဲ့ ပြိုင်ဆိုင်နေရတဲ့ နည်းပညာဆိုင်ရာပြိုင်ပွဲကို နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးအဖွဲ့အစည်းက တိုက်ရိုက်ကိုင်တွယ်ဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်ပါတယ်။
.
. . . ဒီအပြောင်းအလဲကို နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ မတ်လမှာ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီညီလာခံရဲ့ နှစ်စဉ်အစည်းအဝေးတွေနဲ့ နိုင်ငံရေးအကြံပေးကွန်ဖရင့် (CPPCC) တို့က ဒီအပြောင်းအလဲကို ဆောင်ကျဉ်းပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေကနေ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အတည်ပြုဖို့၊ လိုအပ်တဲ့ ဘဏ္ဍာငွေသုံးစွဲပိုင်ခွင့်တွေပေးဖို့တွေ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
.
. . . တရုတ်သမ္မတရှီကျင့်ဖျင်က ဒီအစည်းအဝေးတွေမှာ ပြောကြားခဲ့တာက တရုတ်နိုင်ငံရဲ့ အမျိုးသားမဟာဗျူဟာတွေကို မဟာဗျူဟာစွမ်းဆောင်နိုင်မှုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်တို့ ရည်မှန်းထားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဆင့်ကိုတက်လှမ်းနိုင်မယ်ဆိုတဲ့ ဩဝါဒစကားနဲ့ အခုလို အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
.
. . . တရုတ်နိုင်ငံဟာ ၂၀၄၉ ခုနှစ်ရောက်တဲ့အခါ အထက်မှာ တင်ပြခဲ့တဲ့ မဟာဗျူဟာနည်းပညာကြီးသုံးရပ်မှာ ကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ် ရည်မှန်းထားတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံတော်ကောင်စီက ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ “တရုတ်နိုင်ငံ၏ ခေတ်သစ်အမျိုးသားကာကွယ်ရေး” စက္ကူဖြူစာတမ်းမှာ အင်အားကြီးနိုင်ငံအဖြစ်ရောက်ရှိရေးအတွက် အဓိကကျတဲ့ နည်းပညာရပ်တွေမှာပြိုင်ဆိုင်နိုင်ရေးကိစ္စကို အလေးပေးဖော်ပြခဲ့တဲ့အပြင် ဒီနည်းပညာရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အလွန်ကိုအရေးပါတဲ့အခြေခံအဆောက်အအုံများအဖြစ် ဖော်ပြခဲ့ပါတယ်။
.
. . . သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကလည်း သိပ္ပံနဲ့နည်းပညာတိုးတက်မှု (Comprehensive National Power – CNP) က တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိစေဖို့ အရေးကြီးတယ်ဆိုတဲ့ အမြင်သဘောထားမျိုး ရှိနှင့်ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံအတွင်း ကဏ္ဍပေါင်းစုံမှာ အင်အားကောင်းဖို့ လိုတယ်ဆိုတာအထဲမှာ သိပ္ပံနဲ့နည်းပညာက ရှေ့တန်းက အရေးကြီးတယ်ဆိုတာ ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။
.
. . . အထက်က ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် နည်းပညာကြီးတွေတစ်ခုချင်းဆီမှာ တရုတ်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ကြည့်ကြရအောင်
.
အာကာသနည်းပညာ
.
. . . တရုတ်ရဲ့ အာကာသနည်းပညာနဲ့ပတ်သက်ရင် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက အစီအစဉ်တွေနဲ့တင် လုံလောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်တွေကို ကြည့်မယ်ဆိုရင် ၂၀၃၆ ခုနှစ်မှာ လကမ္ဘာမှာ အမြဲတမ်းအခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်ရေး၊ ၂၀၅၀ ပြည့်နှစ်မှာ ဂစ်ဂါဝပ်ပမာဏ ထုတ်လုပ်နိုင်မယ့် အာကာသအခြေပြု နေရောင်ခြည်စွမ်းအင်ထုတ်စီမံကိန်း၊ ၂၀၃၃ နဲ့ ၂၀၄၉ ကြားမှာ အင်္ဂါဂြိုဟ်ကို လူအရောက်စေလွှတ်နိုင်ရေး နဲ့ ၂၀၂၅ ခုနှစ် ကြယ်ကြွေမှုများလေ့လာရေး (အာကာသအတွင်းလွင့်မျောအပိုင်းအစများ လေ့လာရေး) တို့ ဖြစ်ပါတယ်။
.
. . . အာကာသအတွင်း တရုတ်ရဲ့ စွမ်းဆောင်ရည်တွေ ကြည့်မယ်ဆိုရင် ဂြိုဟ်ပတ်လမ်းနိမ့် နိုင်ငံပိုင်အာကာသစခန်း Tiangong ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ မကြာခင်ကပဲ အဲသည် အာကာသစခန်းမှာ အောက်ဆီဂျင်ကို ရာနှုန်းပြည့် ထုတ်လုပ်သုံးစွဲနိုင်ဖို့ စမ်းသပ်ပြီးဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။ ဒါ့အပြင် အာကာသစခန်းမှာ အသုံးပြုနေတဲ့ ရေ ရဲ့ ၉၅ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်လို့ အာကာသလွန်းပျံယာဉ်အနေနဲ့ တစ်နှစ်ကို ရေပမာဏ ခြောက်တန်လောက်သာ ပေးပို့ဖို လိုအပ်တော့မှာ ဖြစ်ပါတယ်။
.
. . . ဒီလို နည်းပညာတိုးတက်မှုတွေဟာ လကမ္ဘာပေါ်မှာ တရုတ်တို့အနေနဲ့ အရင်းအမြစ်တွေဘယ်လိုဖန်တီးပြီး နေနိုင်မလဲဆိုတာအတွက် အများကြီး အထောက်အကူဖြစ်တဲ့အပြင် ၂၀၃၆ ခုနှစ် လကမ္ဘာခရီးစဉ်အပြီးမှာ လပေါ်က ဟီလီယမ်-၃ နဲ့ ရေခဲတွေ ဘယ်လိုတူးဖော်အသုံးပြုနိုင်မလဲဆိုတာအတွက်ပါ အရေးပါလှပါတယ်။
.
. . . တရုတ်ရဲ့ အာကာသဆိုင်ရာ နောက်ထပ်နည်းပညာတစ်ခုကို ပြောရမယ်ဆိုရင် ဂြိုဟ်တု ၃၅ လုံးနဲ့ အလုပ်လုပ်နေတဲ့ BeiDou တည်နေရာရှာဖွေရေးစနစ်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တု ၂၅၀ နီးပါး ရဲ့ ကင်းထောက်ရေးနဲ့ ပစ်မှတ်ရှာဖွေညွှန်ပြရေးစွမ်းဆောင်ရည်တွေနဲ့ အာကာသအတွင်းက ဂြိုဟ်တုတွေကို ပစ်ချဖျက်ဆီးနိုင်တဲ့ စွမ်းဆောင်ရည်တွေပါ ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။
.
. . . တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အာကာသအစီအစဉ်များဆိုင်ရာ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားချက်အရ ‘ကမ္ဘာမြေကာကွယ်ရေး’ က အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။ မြေကမ္ဘာကာကွယ်ရေးမှာ အာကာသအတွင်း လွင့်မျောပျံသန်းနေတဲ့ ဲ့ ဥက္ကာခဲများ ပျံသန်းနေခြင်းကို ခြေရာခံပြီး လမ်းကြောင်းပြောင်းဖို့လည်း ပါဝင်ပါတယ်။ တရုတ်တို့ရဲ့ အစီအစဉ်တစ်ခုမှာဆိုရင် 2019VL5 လို့အမည်ပေးထားတဲ့ အချင်း ၁၀၈ ပေလောက်ကြီးပြီး နေကို ၃၆၅ ရက်မှာ တစ်ကြိမ် ပတ်နေတဲ့ ဥက္ကာခဲကြီးကို အာကာသယာဉ် နှစ်စင်းစေလွှတ်ပြီး တစ်စင်းက ဥက္ကာခဲ့ကြီးကို လေ့လာကာ တစ်စင်းက ဥက္ကာခဲကြီးကို ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းဖို့ စီစဉ်ထားပါတယ်။ တရုတ်ရဲ့ အာကာသယာဉ်က ဥက္ကာခဲကြီးကို ဝင်တိုက်လိုက်တဲ့အခါ ဥက္ကာခဲကြီးရဲ့ လမ်းကြောင်းဟာ တစ်လက်မ ကနေ နှစ်လက်မလောက်အထိ ပြောင်းသွားမှာဖြစ်ပြီး သုံးလအကြာမှာတော့ မိုင်ပေါင်း ၆၂၀ လောက် လမ်းကြောင်းပြောင်းသွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီနည်းပညာနဲ့ဆို အာကာသထဲက ဂြိုဟ်တုတွေကိုပါ လမ်းကြောင်းပြောင်းသွားအောင် လုပ်နိုင်စွမ်းရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။
.
. . . တရုတ်တို့အနေနဲ့ အာကာသထဲကို နက်နက်ရှိုင်းရှိုင်းလေ့လာနိုင်ဖို့ Chogquing ဒေသမှာ ရေဒါ ၂၅ လုံးပါတဲ့ China Fuyan လို့ နာမည်ပေးထားတဲ့ လေ့လာရေးဌာကြီးတစ်ခု တည်ဆောက်ပြီး အကွာအဝေး ကီလိုမီတာ ဆယ်သန်းအကွာက ဥက္ကာခဲတွေကိုပါ လေ့လာဖို့လည်း ပြင်ဆင်နေပါတယ်။
ဉာဏ်ရည်တုနည်းပညာ
.
. . . တရုတ်နိုင်ငံ သတင်းနည်းပညာနဲ့ ဆက်သွယ်ရေးအကယ်ဒမီက ၂၀၂၁ ခုနှစ်မှာ “ယုံကြည်စိတ်ချရတဲ့ ဉာဏ်ရည်တုနည်းပညာ” အမည်ပေးထားတဲ့ စက္ကူဖြူစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး အထူးပြု ဖော်ပြခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာထဲမှာဆိုရင် လူမှုရေးဆိုင်ရာစနစ်တွေ၊ မျက်နာမှတ်မိတဲ့စနစ်တွေ၊ မောင်းသူမဲ့ယာဉ်တွေ၊ ကိုယ်ပိုင်အစီအစဉ်နဲ့ ပျံသန်းနိုင်တဲ့ မောင်းသူမဲ့ယာဉ်ပျံတွေ နဲ့ လေယာဉ်တွေ၊ ရုပ်လုံးကြွပုံနှိပ်နည်းပညာတွေအပြင် အာကာသထဲမှာဆိုရင် ဉာဏ်ရည်တုနည်းပညာနဲ့ ထောက်လှမ်းရေးနည်းပညာ ပေါင်းစပ်အသုံးပြုထားပြီး ရန်သူကို ခွဲခြားသိမြင်နိုင်စွမ်းရှိတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲက စနစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ တရုတ်တို့ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်က စီမံချက်တွေအတွက် အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလျံအသုံးပြုဖို့ ရည်မှန်းထားပြီး အဲသည်ပမာဏဟာ တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းခန့် ရှိပါသတဲ့။ ၂၀၂၆ ခုနှစ်ကို ရောက်ရင်တော့ သုံးစွဲမှုပမာဏကို ၂၆ ဘီလျံအထိ တိုးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။
.
. . . ဉာဏ်ရည်တုနည်းပညာကို စစ်ဘက်နည်းပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ စစ်မြေပြင်သုံးလက်နက်တွေအတွက် နည်းပညာတွေပိုမိုအစွမ်းထက်လာနိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နည်းပညာနှစ်ရပ်ကတော့ အာကာသနည်းပညာနဲ့ ပင်လယ်ရေအောက်နည်းပညာတို့ပဲ ဖြစ်ပါတယ်။
.
. . . မကြာသေးခင်ကပဲ တရုတ်တို့ ကြေညာထားတာက သူတို့ဟာ အာကာသထဲ လွင့်မျောနေတဲ့ အပျက်အစီးအလေအလွင့်တွေနဲ့ မတိုးတိုက်မိအောင် ရှောင်နိုင်တိမ်းနိုင်တဲ့ ဂြိုဟ်တုနည်းပညာကို ရရှိထားပြီဆိုတာ ဖြစ်ပါတယ်။ အာကာသအတွင်း ဂြိုဟ်တုလမ်းကြောင်းများစီမံခန့်ခွဲရေးလို့ ဆိုနိုင်တဲ့ space traffic management ဆိုတာ အာကာသကို စီးမိုးကြည့်နိုင်လောက်တဲ့ အမြင်နဲ့ ကြည့်ရတာမျိုးလို့ ဆိုပါတယ်။
.
. . . နောက်ထပ်အာကာသဆိုင်ရာ ဉာဏ်ရည်တုနည်းပညာအသုံးချမှုတစ်ခုကတော့ အာကာသထဲမှာရှိတဲ့ တရုတ်ပိုင်လွှတ်တင်ထားမှုတွေကို တိုက်ခိုက်လာမှုကနေ ကာကွယ်နိုင်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းတဲ့ နည်းပညာဆိုင်ရာ စီမံချက်တစ်ခု ဖြစ်ပါတယ်။ အဲသည်စနစ်ဟာ ဂြိုဟ်တုတွေ ကာကွယ်ရေးအပြင် အာကာသထဲမှာပဲ လောင်စာဆီပြန်လည်ဖြည့်တင်းပေးတာ၊ ပြင်ဆင်ပေးတာတွေကို လုပ်နိုင်မှာပါ။
.
. . . ၂၀၂၅ ခုနှစ်ကို ရောက်တဲ့အခါ Jilin-1 လို့ အမည်ပေးထားတဲ့ စီမံချက်ကို လုပ်ဆောင်တဲ့အခါ အမေရိကန်လက်ရှိပိုင်ဆိုင်ထားတဲ့ အာကာသအတွင်းဂြိုဟ်တုများ ဖျက်ဆီးနိုင်တဲ့ စွမ်းရည်ကိုပါ အလှည့်အပြောင်းဖြစ်သွားစေလိမ့်မယ်လို့ ဆိုပါတယ်။ အဲသည် စီမံချက်မှာ ဂြိုဟ်တု ၁၃၈ လုံး ပါဝင်ပြီး အလုံး ၇၀ လွှတ်တင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မဟာဗျူဟာအထောက်အကူပြုတပ်ဖွဲ့ (PLASSF) ရဲ့ အကူအညီနဲ့ ဒီဂြိုဟ်တုတွေဟာ ဉာဏ်ရည်တုနည်းပညာသုံးပြီး မြေပြင်ပေါ်က လှုပ်ရှားနေတဲ့အရာတွေကို တိတိကျကျ ခြေရာခံ ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။
.
. . . ဉာဏ်ရည်တု နည်းပညာနဲ့ပတ်သက်ပြီး နောက်ထပ် ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နည်းပညာကတော့ ပင်လယ်ရေအောက်သွားလူမဲ့ရေငုပ်ယာဉ်များမှာ ရန်သူကိုထောက်လှမ်းပြီး အမျိုးအစားခွဲခြားသတ်မှတ်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ရေအောက် ပေ ၃၀ အနက်မှာ မောင်းနှင်နေတဲ့ လူမဲ့ရေငုပ်သင်္ဘောများဟာ ပုံစံတူပြုလုပ်ထားတဲ့ ရေငုပ်သင်္ဘောများကို တိုက်ခိုက်နိုင်ခဲ့တာကို ထိုင်ဝမ်ရေလက်ကြားမှာပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ထည့်သွင်းလေ့ကျင့်ခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ မြင့်တက်လာတဲ့ တင်းမာမှုများအကြား ဒီနည်းပညာကို မဟာဗျူဟာမြောက် အသုံးချလာနိုင်တာ တော်တော်ကိုအရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။
.
. . . တရုတ်တို့ ရည်မှန်းထားတဲ့ “Made in China 2025” နဲ့ တီထွင်ဆန်းသစ်ရေးမဟာဗျူဟာမှာ ဆိုရင်လည်း ဉာဏ်ရည်တုနည်းပညာက အဓိကဖြစ်လာပါတယ်။ တရုတ်ဟာ ၂၀၃၀ ပြည့်နှစ်မှာ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကမ္ဘာ့ဦးဆောင်နေရာကို ရရှိဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာတော့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အဆင့်အတန်းမြင့် ပညာရပ်ဆိုင်ရာစာတမ်းများ (Peer reviewed papers) တွေကို တရုတ်နိုင်ငံက အများဆုံး ထုတ်ဝေနေပြီး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မူပိုင်ခွင့်တွေကို ရယူထားတယ်လို့ ဆိုပါတယ်။
.
ကွမ်တမ်ဆက်သွယ်ရေး နှင့် ကွန်ပြူတာနည်းပညာ
.
. . . ကွမ်တမ်ဆက်သွယ်ရေးနည်းပညာနဲ့ ပတ်သက်ရင် တရုတ်တို့ဟာ ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Micius အမည်ရှိ ဂြိုဟ်တုကနေ ဖိုတွန်ရောင်ခြည်တန်းကို ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ထုတ်လွှင့်ပြခြင်းဖြင့် ကမ္ဘာ့ဦးဆောင်အဆင့်ရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လက ထုတ်ပြန်ခဲ့တဲ့ စာတမ်းတစ်စောင်မှာဆိုရင်လည်း Micius ဂြိုဟ်တုကနေ ကွမ်တန်နည်းပညာသုံး စာတိုပေးပို့စနစ်ကို လုံခြုံစွာအသုံးပြုနိုင်တဲ့ နည်းလမ်းကို ဖော်ပြခဲ့ပြီး အဲသည်နည်းပညာဟာဆိုရင် တရုတ်တို့ ရည်မှန်းထားတဲ့ ကြားဖြတ်ဖမ်းယူပုံဖျက်မရနိုင်တဲ့ ဆက်သွယ်ရေးစွမ်းရည်ကို ပိုင်ဆိုင်ဖို့ ပိုမိုနီးစပ်လာစေခဲ့ပါတယ်။ ဒီစာတမ်းကို ရေးသားခဲ့သူကတော့ တရုတ်သိပ္ပံနဲ့နည်းပညာတက္ကသိုလ် ဒုတိယဥက္ကဌလည်းဖြစ်၊ တရုတ်နိုင်ငံရေးအကြံပေးကွန်ဖရင့် (CPPCC) ရဲ့ အမျိုးသားကော်မတီဝင်လည်းဖြစ်တဲ့ Pan Jianwei ဖြစ်ပါတယ်။
.
. . . ဒီစာတမ်းထဲမှာ ကွမ်တမ်နည်းပညာသုံး ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက်နိုင်တဲ့အဆင့်အထိ အစီအစဉ်များကို ဖော်ပြထားပြီး မြေပြင်စခန်းတွေမှာ ကွမ်တမ်ကွန်ပြူတာနည်းပညာသုံး စကားဝှက်နည်းလမ်းကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဒီနည်းပညာ နဲ့ပတ်သက်ပြီး အလယ်အလတ်ပတ်လမ်းမြင့် ဂြိုဟ်တုနည်းပညာ ဆက်လက်တိုးတက်ရေးအတွက် အမျိုးသားအာကာသသိပ္ပံစင်တာ နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ပတ်လမ်းမြင့် နဲ့ ပတ်လမ်းနိမ့်ဂြိုဟ်တုတွေပေါင်းစပ်ကာ ကျယ်ပျံ့တဲ့ ကွမ်တမ်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ကွမ်တမ်နည်းပညာဆိုင်ရာ ပထမဆုံးဂြိုဟ်တုကို ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး ဆယ့်ငါးနှစ်အကြာ ၂၀၃၈ ခုနှစ် ရောက်တဲ့အခါ ကွမ်တမ်ကွန်ပြူတာဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုကို နားလည်သဘောပေါက်ဖို့ လုပ်ဆောင်နေပါတယ်။ ကွမ်တမ်ဆက်သွယ်ရေးနဲ့ကွန်ပြူတာနည်းပညာက တရုတ်တို့အတွက် အလွန့်အလွန်ကို အရေးကြီးတဲ့ နည်းပညာအဖြစ် သတ်မှတ်ထားတာကြောင့် ဒီနည်းပညာကို ခြေခြေမြစ်မြစ် ပိုင်ဆိုင်သွားနိုင်ခြေကတော့ အလွန်ကို မြင့်မားပါတယ်။
.
. . . အာကာသနည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ နဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာတို့ ပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံအတွက် နည်းပညာဆိုင်ရာ ကြီးမားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်စေမှာဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း မဟာဗျူဟာနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာ ၂၁ ရာစုနိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်နိုင်ငံအနေနဲ့ ဦးဆောင်နိုင်ငံဖြစ်လာဖို့ နဲ့ ဖွံ့ဖြိုးရေးမောင်းနှင်အားကို ပိုမိုစွမ်းအားတက်စေဖို့အတွက် အထောက်အကူပြုမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀ ကြိမ်မြောက်ပါတီညီလာခံမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါဟာ အရင်က ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ရဲ့ အဂ္ဂမဟာဗျူဟာ အတွေးအခေါ်ကိုဆက်ခံထားတာဖြစ်ပြီး တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံဖြစ်စေဖို့နဲ့ ၂၀၂၀ ပြည့်လွန်နှစ်များမှာ အမေရိကန်နေရာကို အစားထိုးယူနိုင်ဖို့ သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအချက်ဖြစ်တယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။
.
. . . လက်ရှိ အင်အားကြီးထွားလာတဲ့တရုတ်နဲ့ အင်အားကျဆင်းနေတဲ့ အမေရိကန်တို့ဟာ တစ်ယောက်ယောက် အပြတ်အသတ် အနိုင်ရစေမယ့် ပြိုင်ပွဲ မဟုတ်ဘူးဆိုရင်တောင် ဘယ်သူက ပိုသာမလဲဆိုတာကို ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအပေါ်မူတည်ပြီး ရေရှည်မှာ နိုင်ငံတကာအခင်းအကျင်းက ဘယ်လိုဖြစ်လာမလဲဆိုတာအပေါ် သက်ရောက်လာမှာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသ၊ ဉာဏ်ရည်တုနဲ့ ကွမ်တန်ဆက်သွယ်ရေးနည်းပညာတွေမှာ တိုးတက်လာမှုတွေဟာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးသူနေရာကို ရောက်လာမှာ ထင်ရှားစေတဲ့အချက်တွေဖြစ်ပါတယ်လို့ ဆိုပါတယ်။
.
ဗိုလ်ကောင်း
၂၅ ဧပြီ ၂၀၂၃


https://thediplomat.com/2023/04/china-prioritizes-3-strategic-technologies-in-its-great-power-competition/?fbclid=IwAR03ANBJECtbl7C44mKRUSBq4Vu-idtmvByJUYjfATCBA6LmxcsG6NYIRNI

Thursday 6 April 2023

သစ်ပုဂံ



သစ်ပုဂံ

Millettia brandisiana
.
ဒီပန်းက သင်းဝင် နဲ့ တော်တော်ကို ဆင်ပါတယ်၊ အရွက်ပဲ နည်းနည်း မတူတာပါ၊ ဒီပန်းကို ကိုယ့်ပတ်ဝန်းကျင်မှာ အနည်းဆုံး ဆယ်ပင်လောက် တွေ့ထားပါတယ်

ဝက်လျှော်ပန်း


ဝက်လျှော်ပန်း
.
တစ်ပင်ပဲတွေ့သေးတယ်

စိန်ပန်း ၅ အဝင် ဘာဘက်တောအုပ်လေးထဲ လမ်းဘေးမှာ
အပင်ကမြင့်တော့ ဖုန်းကင်မရာ မီသလောက်ပဲ အပင်ကိုရိုက်ပြီး အပင်အောက်မှာ ကြွေနေတဲ့ပန်းလေးတွေကို ရိုက်ခဲ့ရတယ်
.
ဒီပန်းကို ဝတ်ရည်စုပ်ငှက်လေးတွေ တော်တော်ကြိုက်ပုံပဲ ကွန်းမင့်မှာ သူများရိုက်ထားတဲ့ ပုံတစ်ချို့ တင်ပေးပါမယ်
.
Sterculia colorata Roxb.
Syn. Firmiana colorata (Roxb.)
Sterculia colorata,
Family Malvaceae
English names: The scarlet sterculia
bonfire tree, colored sterculia and Indian almond, in Assamese ওদাল (odal) and in Marathi known as "कौशी" [kaushi]),

Monday 27 March 2023

သပြေပန်းနဲ့ရေဖြန်း

ချွေးတွေသံတွေနဲ့မောနေကြသူတွေ
ရေလေးတစ်စက်နှစ်စက်ထိလည်း
အေးမြကြပါစေ ဆိုပြီး

အစ်ကိုကြီး



. . . ဦးစီးအရာရှိ အသစ်ကျပ်ချွတ်လေးအဖြစ်နဲ့ ရန်ကုန် ကုန်းမြင့်သာက စစ်ရုံးကို သတင်းပို့တော့ ပထမဆုံး ဆုံခဲ့ရတဲ့ အုပ်ချုပ်ရေးဌာနက အစ်ကိုကြီးဟာ ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ ပေးသွားခဲ့တယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာ ဆိုလို့ ဗိုလ်ကောင်းတစ်ယောက်တော့ ဘယ်လိုတောင် အဘေခံခဲ့ရလဲ တွေးမိကြမှာပဲ၊ မဟုတ်ပါဘူး၊ ဦးစီးအရာရှိတစ်ယောက်ဟာ ကိုယ့်ဆီရောက်လာတဲ့ စစ်သည်အသစ်တစ်ယောက် အရာရှိအသစ်တစ်ယောက်ကို ဘယ်လို ကြိုဆိုရမလဲ ဆိုတာကို ဘဝမှာ အကောင်းဆုံးကြုံဖူးတဲ့ အတွေ့အကြုံမို့ ပြန်ပြီး ပြောပြချင်ပါတယ်။
.
. . . ကိုယ်က စစ်ရုံးကိုရောက်တော့ သန္ဓေစစ်သည်အဖြစ် ရောက်တာမဟုတ်ဘဲ ကြေးနန်းနဲ့ ခေါ်တွဲတဲ့ တွဲဘက်ယောင်လေးမို့ စစ်ရုံးကို နေ့စဉ် အဝင်အထွက်လုပ်ခွင့်ရှိတဲ့ အထောက်အထား စာရွက်စာတမ်း ကိုယ့်မှာ မရှိပါဘူး၊ ဒါကြောင့် မို့လို့ ကိုယ်စစ သတင်းပို့ပို့ချင်းမှာ ကိုယ့်အတွက် အထောက်အထားပြုနိုင်မယ့် ကိုယ့်ဓာတ်ပုံကပ်ထားတဲ့ အထောက်အထား စာလေးတစ်စောင် ချက်ချင်းရိုက်ပေးပါတယ်။
.
. . . ပြီးတာနဲ့ နေရေးစားရေးအတွက် စီစဉ်ပါတယ်။ ရန်ကုန်မှာဆိုတော့ တစ်ချို့တွေက မြို့ထဲမှာ မိဘဆွေမျိုးတွေ ရှိကြတဲ့အခါ သူတို့အိမ်တွေကပဲ မနက်သွား ညပြန် ရုံးတက်ကြတာမို့ မြို့ထဲမှာ နေစရာအိမ်ရှိလား မေးပါတယ်။ မရှိပါဘူး ဆိုတာနဲ့ ရိပ်သာမှာ နေခွင့်ရအောင်ရယ် ရိပ်သာမှာ စားခွင့်ရအောင်ရယ် သက်ဆိုင်ရာ တာဝန်ရှိသူဆီကို ချက်ချင်း ဖုန်းဆက်ပေးပါတယ်။
.
. . . ပြီးတော့ လူကြီးကို သတင်းပို့ဖို့လိုအပ်တဲ့ ကိုယ်ရေးမှတ်တမ်းကို ပြင်ဆင်နေတဲ့အချိန်မှာ အစိုးရဝန်ထမ်းဘဝမှာ လိုက်နာဖို့ အရေးအကြီးဆုံးဖြစ်တဲ့ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ကို ဖတ်ခိုင်းပါတယ်။ သေချာဖတ်၊ နားလည်အောင်ဖတ် ပြီးရင် ဖတ်ပြီးကြောင်း လိုက်နာရမယ့်ကိစ္စတွေကို သိရှိကြောင်း လက်မှတ်ထိုးဖို့ လိုတယ်လို့ပါပြောပြီး ချက်ချင်း လက်မှတ်ထိုးခိုင်းပါတယ်။
.
. . . ကိုယ်က ရန်ကုန်တက္ကသိုလ်က ဆင်းလာကာစ ဗိုလ်ကြီးဘဝ တစ်ဝါတောင် မဆိုရသေးတဲ့သူမို့ တပ်ခွဲမှူးသင်တန်းတွေဘာတွေလည်း မတက်ရသေးတော့ အခုတက်လိုမတက်လို ကိုယ့်သဘောထားကို အရင်မေးပါတယ်။ လူကြီးကို တင်ပြတဲ့အခါ တစ်ပါတည်း တင်ပြလို့ရအောင် မေးတာပါ။
.
. . . အာ့တာတွေ ပြီးတဲ့အခါ စစ်ရုံးထဲမှာ၊ အဆောင်မှာ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ရုံးတက်ရုံးဆင်း နဲ့ ရုံးအကြီးအကဲတွေရဲ့ အလေ့အထကို အကြမ်းဖျင်း ရှင်းပြပြီးတဲ့အခါ လူကြီးထံ ရောက်ရှိကြောင်း သတင်းပို့ပါတယ်။ ပြောရရင် ကိုယ်တွေ ရုံးကို ရောက်ရောက်ချင်းနေ့မှာပဲ ကိုယ့်ရဲ့ နေရေး၊ စားရေး၊ သွားရေး၊ လာရေးတွေကို တစ်ထိုင်တည်းနဲ့ ဖြေရှင်းစီစဉ်ပေးတဲ့ ဦးစီးအရာရှိ စီနီယာတစ်ယောက်နဲ့ တွေ့ခွင့်ရလိုက်တာက ကိုယ့်ဘဝအတွက် တန်ဖိုးရှိမှန်း နောက်ပိုင်းမှာ ပိုပိုပြီး သိသိလာရပါတယ်
.
. . . ဘာလို့လဲ ဆိုတော့ ကိုယ့်နောက်ပိုင်း ရောက်လာတဲ့ အထူးသဖြင့် နေပြည်တော်ကို ပြောင်းပြီးနောက်ပိုင်း ရောက်လာတဲ့ ညီလေးတွေခမျာ ကိုယ်တွေ့ခဲ့တဲ့ စီနီယာလို စေ့စပ်သေချာသူနဲ့ တွေ့ခွင့်မရကြရှာပါဘူး၊ ဒါပေမယ့် ကျန်စစ်သားရိပ်သာမှာ အနေကြာဖြစ်နေတဲ့ ကိုယ့်မှာတော့ တရားဝင် တာဝန်မရှိသော်ငြား သူတို့ကို မျက်နာမလွှဲနိုင်ဘဲ လိုအပ်တဲ့ နေရေး၊ အထူးသဖြင့် ကျန်စစ်သားရိပ်သာမှာ အခန်းရရေး၊ အခန်းမရသေးရင်လည်း ဘယ်လိုအဆင်ပြေအောင် အရင်နေရမလဲ ဆိုတာမျိုးကို စီစဉ်ပေးတဲ့အလုပ်ကို လုပ်သလို အခန်းမှာ သပ်သပ်ရပ်ရပ်နေသလား၊ ညပိုင်း ဝိုင်းကြလို့လူကွဲရင် မြက်ခင်းပေါ်များ သွားမှောက်နေမလား၊ ပိတ်ရက် အပြင်တွေထွက်ကြပြီးရင် ညနေပြန်ရောက်ကြရဲ့လား၊ စသည်ဖြင့် လိုက်ပြီးပူပင်ကျပ်မတ်နေတဲ့ စီနီယာကြီးဘဝကို ရောက်ရတော့တာပါပဲ
.
. . . အလုပ်နဲ့ ပတ်သက်ရင်လည်း အလုပ်တစ်ခုကို လုပ်ကြုံမှ တတ်သွားတယ် ဆိုတာထက် တတ်ဖို့လိုတာတွေကို ကြိုတင်သင်ကြားလေ့ကျင့်ထားရမယ်လို့ ခံယူထားတဲ့အလျောက် အငယ်တွေကို ရုံးရောက်လာခါက ကိုယ့်လက်ထဲ ထည့်တဲ့အခါ အသားကုန် မောင်းပါတယ်။ ရုံးရောက်တဲ့ တစ်ပတ် နှစ်ပတ်အတွင်းမှာ သူတို့ကို အချိန်တစ်ခုပေးပြီး ကိုယ့်ရုံးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို လက်တွေ့ကျကျ လိုက်ပြ သင်ပေးတယ်။ သက်ဆိုင်ရာ အမှုတွဲကိုင်တဲ့ စာရေးတွေနဲ့ စကားပြောခိုင်းပြီး သူတို့ကို ပုစ္ဆာတွေမေးတယ်၊ သူတို့ မဖြေနိုင်ရင် အဲသည် အမှုတွဲကိုင်ဆီမှာပဲ ထပ်ပြီး အမေးခိုင်းတယ်
.
. . . ကိုယ့်ခံယူချက်က ဦးစီးအရာရှိဆိုတာ ရုံးမှာရှိတဲ့ သုံးခွင့်ရှိတဲ့ ကိရိယာတန်ဆာပလာတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေရမယ်၊ မလိုအပ်လို့ ကိုယ်တိုင် ဝင်မလုပ်ခါမှသာနေ၊ လုပ်နည်းကို သေချာတတ်ကျွမ်းထားရမယ်လို့ ခံယူထားတဲ့အလျောက် ရုံးမှာရှိသမျှ လက်နှိပ်စက်ရိုက်နည်းကလွဲပြီး စာအုပ်ချုပ်တာ၊ ဖလက်ထိုးတာ၊ ပိုက်စာအုပ်ချုပ်တာ၊ မိတ္တူကူးတာ၊ စာကူးစက်သုံးတာ၊ ပလတ်စတစ်လောင်းတာ စတဲ့ အလုပ်တွေအားလုံးကို ကိုယ်တိုင်လည်း တတ်အောင်သင်ထားပြီး သူတို့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြန်သင်ပေးပါတယ်
.
. . . ဒီလိုတွေလုပ်လို့ ဒီမောင်တွေက မပျော်ဘူးခင်ဗျ၊ သူတို့ကို တစ်ခုခု သင်ပေးပြီးရင် အချိုးကျကျ တတ်သလား မတတ်သလားဆိုတာ ပြန်ပြန်စစ်ဆေး လုပ်ပြခိုင်းပြီး ဌာန်ကရိုဏ်းကျကျ မလုပ်ပြလို့ကတော့ ဆယ်ခါ ဆယ့်ငါးခါ လောက် အပိုလုပ်ခိုင်းတတ်တဲ့ သူကြီးကို စီနီယာတော်ထားရတာ ဘယ်ဂျူနီယာက ပျော်ပါ့မလဲခင်ဗျ
.
. . . တစ်ခါတစ်ခါ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟေးလေးဝါးလား ပြောဟယ်ဆိုဟယ် လုပ်နေရင်းက စိတ်တိုင်းမကျတာ တစ်ခုလောက်များ တွေ့လိုက်ရရင် ချက်ချင်း ရာသီဥတုပြောင်းပြီး မျက်နာနဲ့အသံက မာမာတင်းတင်းနဲ့ ဆူတတ်ပူတတ်တဲ့ စီနီယာနဲ့ မလွှဲမရှောင်သာ ထွက်ပြေးလို့လည်း မရတဲ့ တစ်ရုံးခန်းထဲ အတူအလုပ်လုပ်ရတာ သူတို့ခမျာ စိတ်ပိန်ကြရှာပေမပေါ့ဗျာ၊ ညီလေးတွေမှာ သူတို့ကို ညီငယ်တွေလို ဂရုစိုက်ပေးလို့ ချစ်ရမှာလား၊ ဘက်ပေါင်းစုံက လိုက်ကျပ်နေလို့ မုန်းရမှာလား ဝေခွဲရခက်ကြမယ် ထင်ပါရဲ့
.
. . . ကိုယ် ဒီလိုတွေ လုပ်ခဲ့တာမှာ မျှော်လင့်ချက်မဲ့တော့ မဟုတ်ပါဘူး၊ မျှော်လင့်ချက်တစ်ခုကတော့ ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီး အခုထိလည်း အဲသည်မျှော်လင့်ချက်က ထင်းထင်းကြီး ရှိနေပါသေးတယ်၊ ကိုယ့်ပုံစံနဲ့ ဂရုစိုက်ပေးခဲ့တဲ့ ညီလေးတွေ နောင်အခါမှာ တပ်မတော်မှာပဲ ဖြစ်ဖြစ် အခြားနေရာတွေမှာပဲ ဖြစ်ဖြစ် စီနီယာဖြစ်ကြတဲ့အခါ သူတို့အောက်ငယ်တဲ့ ဂျူနီယာတွေကို ကောင်းကောင်းဂရုစိုက်ကြပါစေ၊ ကောင်းကောင်း သင်ပေးပြုပေးနိုင်ကြပါစေ၊ အများကြီး မဟုတ်တောင် ကိုယ့်အမွေကို တစ်ယောက်လောက်ကပဲ ဆက်ခံခဲ့ရင်တောင် ကျနော် မျှော်လင့်ချက်ထားရကျိုး နပ်ပါတယ်ဆိုတဲ့ စိတ်ကူးမျိုးနဲ့ပေါ့
.
. . . အခုတော့ ညီလေးတွေလည်း တပ်ရင်းမှူးတွေ ဦးစီးအရာရှိကြီးတွေဖြစ်ကုန်ကြပြီ၊ ကိုယ်လည်း ကိုယ့်ဌာနက ရောက်လာသမျှ အကုန်လုံးကို မသွန်သင်နိုင်ပေမယ့် တတ်နိုင်သမျှတော့ မမောနိုင် မပန်းနိုင် သင်နေဆဲ၊ ညီလေးတွေထဲက ဘယ်နှယောက်တော့ ကိုယ့်နေရာရောက်နေကြပြီမသိ
.
ဗိုလ်ကောင်း
၂၇ မတ် ၂၀၂၃

Thursday 23 March 2023

Global Civilization Initiative - GCI



G C I
.
. . . ၂၀၂၁ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် (Global Development Initiative – GDI)၊ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် (Global Security Initiative – GSI) တို့ကို ထုတ်ဖော်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အခု ၂၀၂၃ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေးအဆိုပြုချက် (Global Civilization Initiative – GCI) ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်ပါတယ်။
.
. . . တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး အနေနဲ့ မတ်လ ၁၅ ရက်နေ့က ကမ္ဘာ့နိုင်ငံရေးပါတီများ အဆင့်မြင့်အစည်းအဝေးမှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး နဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေးတို့ကို အဓိကထား ပြောသွားခဲ့တာကို တွေ့ရပါတယ်။ “ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးခရီးလမ်းတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍ” လို့ ခေါင်းစဉ်ပေးထားတဲ့ အဲသည် အစည်းအဝေးကို နိုင်ငံပေါင်း ၁၅၀ ကျော်က နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်းများက ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
.
. . . ကမ္ဘာ့စီးပွားရေးက အားကောင်းမောင်းသန်ဆက်ပြီး တိုးတက်မှု မရှိသေးတာ၊ ဖွံ့ဖြိုးမှုကွာဟချက်တွေ ကြီးမားနေသေးတာ၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးနေတာ နဲ့ စစ်အေးခေတ်အတွေးအခေါ်တွေ အယူသည်းနေကြတုန်း ဒီနေ့ခေတ်အခါမှာ လူသားထုရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးက လမ်းဆုံလမ်းခွရောက်နေတယ်လို့ နိဒါန်းချီပြီး ခေတ်မီဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ အချက်ငါးချက်ကို တင်ပြခဲ့ပါတယ်၊ အဲဒါတွေကတော့
• ခေတ်မီဖွံ့ဖြိုးရေးလုပ်ဆောင်ရာမှာ ပြည်သူသာ အဓိကဖြစ်ရမယ်
• အမှီအခိုကင်းပြီး နည်းလမ်းပေါင်းစုံနဲ့ သွားရမယ်
• ခေတ်မီဖွံ့ဖြိုးရေးအခြေခံသဘောတရားတွေကို ဦးထိပ်ထားတဲ့ တစ်ချိန်တည်းမှာပဲ နည်းလမ်းသစ်တွေဖော်ထုတ်ရမယ်
• ကိုယ်တိုင်ရဲ့ ခေတ်မီတိုးတက်ရေးကို ကြိုးစားနေတဲ့ တစ်ပြိုင်တည်းမှာပဲ အခြားသူတွေလည်း တိုးတက်မှုအသီးအပွင့်ကို ခံစားနိုင်အောင် ကူညီရမယ်
• ခိုင်မာတဲ့ခေါင်းဆောင်မှုပေးရမယ်
.
. . . ယဉ်ကျေးမှုပေါင်းစံရောယှက်နေတဲ့ ရောင်စုံဥယျာဉ်ကြီးထဲမှာ ပန်းတွေပွင့်ဝေနိုင်ဖို့အတွက်ဆိုပြီး ကဗျာဆန်ဆန်စကားလုံးလေးနဲ့ နိဒါန်းပျိုးပြီးသကာလ “ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားရေး အဆိုပြုချက်” (Global Civilization Initiative) ကို အချက် ၄ ချက်နဲ့ တင်ပြခဲ့ပါတယ်။ အဲဒါတွေကတော့
.
(က) မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို လေးစားအသိအမှတ်ပြုဖို့ အားပေးတယ်။ တန်းတူညီမျှခြင်း၊ အပြန်အလှန်သင်ယူခြင်း၊ တွေ့ဆုံဆွေးနွေးကြခြင်း နဲ့ ယဉ်ကျေးမှုအသိုက်အဝန်းများ အားလုံးပါဝင်ခြင်း စတဲ့ အခြေခံမူတွေကို လက်ကိုင်ထားရမယ်။ ယဉ်ကျေးမှုမတူကွဲပြားတာတွေထက် အပြန်အလှန်ဖလှယ်မှုတွေ ပိုလုပ်ရမယ်၊ ပဋိပက္ခတွေထက် အပြန်အလှန်သင်ယူမှုတွေ ပိုများရမယ်၊ လွှမ်းမိုးတင်စီးလိုစိတ်တွေ ကျော်လွှားပြီး အတူယှဉ်တွဲနေကြရမယ်
.
(ခ) လူသားမျိုးနွယ်ထုရဲ့ ဘုံတန်ဖိုးသဘောထားတွေကို အားပေးထောက်ခံတယ်။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတမှု၊ ဒီမိုကရေစီ နဲ့ လွတ်လပ်မှုတို့ဟာ လူသားထုအားလုံးရဲ့ ဘုံဆန္ဒဖြစ်တယ်။ နိုင်ငံအားလုံးဟာ မတူညီတဲ့ ယဉ်ကျေးမှု နဲ့ တန်ဖိုးတွေကို အသိအမှတ်ပြုကြရမှာ ပွင့်ပွင့်လင်းလင်းရှိဖို့ လိုအပ်တယ်။ ကိုယ့်ယုံကြည်ချက်စံနှုန်းတန်ဖိုးတွေကို တခြားသူတွေဆီမှာ သွားသွတ်သွင်းဖို့ ကြိုးစားတာမျိုးကို ရှောင်ကျဉ်ရမယ်။ အယူဝါဒရေးရာ ထိပ်တိုက်ရင်းဆိုင်ဖြစ်ခြင်းမျိုးကိုလည်း ရှောင်ကျဉ်ရမယ်။
.
(ဂ) ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခြင်းကို အမွေဆက်ခံခြင်းနဲ့ ဆက်လက်ထိန်းသိမ်းမြှင့်တင်ခြင်းရဲ့ အရေးပါပုံကို အသိအမှတ်ပြုတယ်။ နိုင်ငံအားလုံးဟာ သက်ဆိုင်ရာ သမိုင်းကြောင်း နဲ့ ယဉ်ကျေးမှုများရဲ့ ဆက်စပ်မှုကို မျက်မှောက်ခေတ်အထိ အပြည့်အဝ လက်ဆင့်ကမ်းသယ်ဆောင်လာကြဖို့ လိုအပ်ပြီး တီထွင်ဆန်းသစ်ပြောင်းလဲ မြှင့်တင်ကြဖို့ လိုအပ်တယ်။
.
(ဃ) နိုင်ငံတကာက ပြည်သူတွေ အချင်းချင်း အားကြိုးမာန်တက်ပူးပေါင်းဆောင်ရွက်ကြသင့်တယ်။ နိုင်ငံတွေအကြား အပြန်အလှန်နားလည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ဖို့နဲ့ လူသားယဉ်ကျေးမှု တိုးတက်ထွန်းကားလာစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းတွေ ချဲ့ထွင်ဖို့ နိုင်ငံတွေအကြား ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်မှုတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခု တည်ဆောက်ဖို့ လိုအပ်တယ်
.
. . . ဒီမိန့်ခွန်းရဲ့ တစ်နေရာမှာ တရုတ်နိုင်ငံရဲ့ ကတိကဝတ်နဲ့ အာမခံချက်လို့ ဆိုနိုင်တဲ့ စာပိုဒ်တစ်ပိုဒ်ကိုလည်းတွေ့ရတယ်၊ အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ဖို့အတွက် နိုင်ငံတကာ တရားမျှတမှုကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတာ၊ တစ်ချို့နိုင်ငံတွေ အင်အားကြီးလာရင် လုပ်ကြသလို ကိုလိုနီနယ်ချဲ့လမ်းဟောင်းကို လိုက်မှာ မဟုတ်တဲ့အပြင် ဗိုလ်ကျလွှမ်းမိုးမှုကိုလည်း လုပ်မှာမဟုတ်ဘူးဆိုတာ၊ မတူကွဲပြားမှုတွေကိုလည်း ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းမယ်ဆိုတာ၊ ဗိုလ်ကျစိုးမိုးမှုနဲ့ အင်အားသာတာကို အသုံးချတဲ့ နိုင်ငံရေးကစားကွက်တွေ ဘယ်လိုပုံစံမျိုးနဲ့ကျင့်သုံးသည်ဖြစ်စေ အဲဒါတွေကို တရုတ်က ခိုင်ခိုင်မာမာ ဆန့်ကျင်တယ်ဆိုတာ၊ စည်းလုံးညီညွတ်မှုနဲ့ သူသာကိုယ်သာ အခြေအနေကို လက်ကိုင်ထားပြီး ရှုပ်ထွေးတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ မျှတသင့်တော်တဲ့ လုံခြုံရေးပုံစံမျိုးကို အားလုံးအတူတကွ မျှဝေပါဝင်အသုံးချနိုင်အောင် တည်ဆောက်သွားမည်ဆိုတာ၊ ကမ္ဘာကြီးဟာ စစ်အေးတိုက်ပွဲအသစ်တစ်ဖန်ပြန်လည် စတင်ဖို့ မလိုအပ်ဘူး၊ ဒီမိုကရေစီကို ဗန်းပြပြီး ခွဲခြားခွဲခြားလုပ်တာ နဲ့ ထိပ်တိုက်ရင်ဆိုင်တာတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးကို တလွဲသုံးနေတာဖြစ်ပြီး အဲလိုလုပ်ခြင်းအားဖြင့် ထောက်ခံအားပေးမှုကို လက်လွတ်သွားမှာ သာမက အဆုံးအစမထင်တဲ့ အန္တရာယ်ကိုသာ ဖြစ်စေလိမ့်မယ်ဆိုတာ၊ တရုတ်ရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းက ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေး နဲ့ နိုင်ငံတကာ တရားမျှတရေးကို အားပေးခိုင်ခံ့စေမယ်ဆိုတာ၊ တရုတ်ကြီး ဘယ်လောက်ပင် ဖွံ့ဖြိုးတိုးတက်သွားပါစေ ဗိုလ်ကျစိုးမှုနဲ့ နယ်ပယ်ချဲ့ထွင်မှု မလုပ်ဘူးဆိုတာတွေကို ကတိကဝတ် အာမခံချက်များအဖြစ် ထည့်သွင်းပြောကြားသွားတာ တွေ့ရပါတယ်။
.
. . . ရှီကျင့်ဖျင်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး စကားလုံးအသုံးအနှုန်းရ ဆန်းစစ်ကြည့်မယ်ဆို တရားဝင်အင်္ဂလိပ်ဘာသာ ပြန်ဆိုချက်ထဲမှာ Civilization ဆိုတဲ့ စကားလုံး ၁၉ ခါပါဝင်ပြီး သူနဲ့ အဓိပ္ပာယ်တူအဖြစ် ယူလို့ရတဲ့ 文明 စကားလုံးက မူရင်းတရုတ်ဘာသာ ထုတ်ပြန်ချက်ထဲမှာ ၂၇ ခါတောင် ပါနေတာတွေ့ရပါတယ်၊ အလားတူ Modernization ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဘာသာပြန်ဆိုချက်ထဲမှာ ၃၃ လုံးနဲ့ မူရင်းတရုတ်ဘာသာ ထုတ်ပြန်ချက်ထဲမှာ 现代化 စကားလုံးက ၃၆ ကြိမ်ပါဝင်နေတာကို တွေ့ရှိရပါတယ်။
.
. . . အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ တရုတ်-ရုရှားတို့ ဦးဆောင်တဲ့ အရှေ့အုပ်စုအကြား အုပ်စုဖွဲ့မှုနဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်၊ တရုတ်နိုင်ငံက အမေရိကန်ကို နောက်ကောက်ချပြီး ကမ္ဘာကြီးကို ဦးဆောင်မှု လွှဲပြောင်းယူဖို့ ကြိုးစားနေချိန်မှာ ထွက်ပေါ်လာတဲ့ ဒီအဆိုပြုချက်ဟာ တရုတ်နိုင်ငံရဲ့ ကမ္ဘာကြီးကို အနုနည်းဦးဆောင်ဖို့ ကြိုးစားမှု တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်ယူနိုင်တဲ့အပြင် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအင်အားကြီးတာကို အသုံးချပြီး ကမ္ဘာကိုပတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဗန်းပြ ခြိမ်းခြောက်နေတဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို စိတ်ကုန်နေကြတဲ့ ကမ္ဘာ့နိုင်ငံအများအတွက် တရုတ်ရဲ့ ယခုသဘောထားများဟာ မျှော်လင့်ချက်ရောင်ခြည်ဖြစ်လေမလားဆိုတာတော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဆက်လက်စောင့်ကြည့်နေရမှာ ဖြစ်ပါကြောင်း
.
ဗိုလ်ကောင်း
၂၃ မတ် ၂၀၂၃